အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ပြောသော လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရေးအတွက် အစုအဖွဲ့ အားလုံးပါဝင်သည့် အပစ်အခတ် ရပ်စဲရေးအား စစ်ကောင်စီဘက်က လိုက်နာမည်ဟု မယုံကြည်ကြောင်း စစ်ကောင်စီ ကို လက်နက်ကိုင် ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ဆိုသည်။
မြန်မာ့အရေး ကြားဝင်ညှိပေးမည့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူဆွတ်ဖ်က မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေးအတွက် ဘက်အား လုံးက ယခုနှစ်ကုန်ပိုင်းအထိ အပစ်အခတ် ရပ်စဲရန် တောင်းဆိုမှုကို စစ်ကောင်စီဘက်က သဘောတူလက်ခံကြောင်း ပြောသည်။
မစ္စတာ အာရီဝန်ယူဆွဖ်နှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ စက်တင်ဘာလ ၂ ရက်က အွန်လိုင်းမှ တွေ့ဆုံရာတွင် ထိုသို့ပြောခဲ့ခြင်းဖြစ်ကြောင်း ၎င်းက Kyodo News နှင့် အွန်လိုင်းမှ ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ဖြေကြားခြင်းဖြစ်သည်။
အဆိုပါ သတင်းစကားကို အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည့် အင်အားစုများထံသို့လည်း သွယ်ဝိုက်ပေး ပို့ခဲ့ကြောင်း ၎င်းက ပြောသော်လည်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကမူ စစ်ကောင်စီဘက်က အပစ်ရပ်ရေး လိုက်နာလိမ့်မည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မူတြော်ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းက မြန်မာစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ချုပ်ဆို သဘောတူပြီးနောက် စာချုပ်ကို အသုံးချကာ ၎င်းတို့ အင်အားတောင့်ရေးသာ လုပ်ဆောင်သွားကြောင်း ပြောသည်။
“ထူးခြားတဲ့ နိုင်ငံရေး ဖြစ်စဉ် မရှိခဲ့တဲ့ အပြင်၊ စစ်ကောင်စီဘက်က အမြတ်ထုတ်သွားတာကိုပဲ တွေ့ရတယ်။ စစ် ကောင်စီဘက်က မြောက်ပိုင်းမှာ အပစ်ရပ်လိုက်၊ တောင်ပိုင်းအပစ်ရပ်လိုက် ဟိုအဖွဲ့ ချန်ထားလိုက်ဆိုတော့ ချုပ် ပြောရရင် ဘာမှ မထူးခြားဘူးလို့ ပြောရမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။
အာဏာသိမ်းမှု ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာသည့် ကယားပြည်နယ် အခြေ စိုက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုသည့် အပစ်ရပ်ရေး အစီအစဉ်ကို ကြိုဆိုသော်လည်း စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်လိမ့်မည်ဟု မယုံကြည် ကြောင်း ဧရာဝတီသို့ ဆိုသည်။
“ကျနော်တို့ ယုံကြည်လို့ မရဘူး။ မနေ့ကပဲ တိုက်တွန်းချက် ထုတ်တယ်၊ ဒီနေ့ပဲ ကျနော်တို့ ပြည်နယ်မှာ တပ်အင်အား တွေ တိုးချဲ့တယ်ဆိုတော့ ဒီဟာက စစ်ကောင်စီဘက်က လှည့်စားနည်း တခုပဲ၊ စစ်ကောင်စီဘက်က လိုက်နာမယ် မထင်ဘူး။ ကျနော်တို့ ဘက်ကတော့ အပြုသဘောဆောင်တဲ့ တိုက်တွန်းချက်တွေအပေါ်မှာ ကြိုဆိုတဲ့ သဘော ရှိပါ တယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ တဦးက မှတ်ချက်ပေးသည်။
စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း လူသားချင်း စာနာမှု အကူအညီများ ပေးနိုင် ရေးအတွက် ၄ လတာ အပစ်ရပ်ရေးကို မြန်မာဘက်က သဘောတူသည်ဟု အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ခြင်း မဟုတ်ကြောင်း ဧရာဝတီသို့ ဆိုသည်။
“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်ပေးပါဆိုတာကို မြန်မာနိုင်ငံဘက်က ၁ လ ၁ ကြိမ် ထုတ်ပေး နေတယ်။ ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်ကတည်းက ထုတ်ပေးနေတာရှိတယ်။ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်အထိ လစဉ် ထုတ်ပြန်ပြီး ရပ်ပေးနေတာပဲ။ ဒါပဲ” ဟု ဆိုသည်။
စစ်တပ်ဘက်က အပစ်ရပ်ပေးထားသော်လည်း မြေပြင်တွင် တိုက်ပွဲများ ဖြစ်နေခြင်းသည် စစ်တပ်ဘက်က ကြေညာ ထားသည့် အပစ်ရပ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှု မရှိဘဲ ချိုးဖောက်နေခြင်းကြောင့်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်တပ်အနေနှင့် လူသားချင်း စာနာမှုအကူအညီများကို ပိတ်ပင်ထားခြင်း မရှိဘဲ လက်ခံနေသလို အာဆီယံ အထူး ကိုယ်စားလှယ်ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ခွင့် မပိတ်ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကမော္ဘဒီယား ကျန်းမာရေးဝန်ကြီး ကိုယ်တိုင် လာပေးတဲ့အခါမှာ အာဆီယံက ပေးလိုက်တာတွေ ပါတယ်။ အင်ဒိုနီး ရှား က အာဆီယံ အတွင်းရေးမှူးချုပ် ကိုယ်တိုင် လာပေးဖို့ လုပ်နေတာလည်းရှိတယ်။ ဒီဘက်ကတော့ အကြောင်း ပြန်ပြီး ဖြစ်ပါတယ်။ အဲဒါကို စောင့်နေတာရှိပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း သတင်းစာရှင်းလင်းပွဲကို တောင် ဖိတ်တာပဲ။ သူ့ဟာသူ မလာတာပါ” ဟု ၎င်းက ရှင်းပြသည်။
ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကမူ အာဏာသိမ်း စစ်ကောင်စီသည် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေကြောင်း နှုတ်ဖြင့် အာမခံနေသော်လည်း လက်တွေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်း ချုပ်ရာ ဒေသများ၌ သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နွှဲနေကြောင်း အာဆီယံ အထူးကိုယ်စားလှယ်၏ အပစ်ရပ်ရန် တောင်းဆိုကြောင်း သတင်းထွက်လာပြီးနောက်တရက် စက်တင်ဘာ ၅ တွင် ကြေညာချက်ထုတ်သည်။
စစ်ကောင်စီတပ်များသည် မြေပြင်ထိုးစစ် သာမက လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေသဖြင့်တိုင်းရင်းသား ဒေသအသီးသီးမှ အရပ်သားများ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၌ တပ်စွဲခြင်း၊ ဆေးရုံနှင့် ကျောင်း အစရှိသည့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများတွင် တပ်စွဲခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် စစ်ကောင်စီ ၏ ရန်လိုသည့်လုပ်ရပ်များကို အမျိုးသား ညီညွတ်ရေးအစိုးရက အပြင်းအထန် ကန့်ကွက် ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားများ၏ တိုက်ပွဲအကြောင်း လူမှုကွန်ရက်တွင် သုံးသပ်ရေးသားနေ သည့် စာရေးဆရာတဦးကလည်း မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရခေတ်ကတည်းက စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပစ်ရပ်စဲရေး အကြိမ်ကြိမ်လုပ်ခဲ့သော်လည်း မတည်တံ့ဘဲ ကျိုးပေါက်ခဲ့ကြောင်း ၎င်း၏ လူမှု ကွန်ရက်တွင် သုံးသပ်ထားသည်။
“အပစ်ရပ်ထားတဲ့ ကာလမှာ နိုင်ငံယန္တရား တခုလုံးလောက်ကို ပိုင်ထားတဲ့ စကစ ဟာ အင်အားစုပါတယ်။ ဗျူဟာ ပြင်ပါတယ်။ အင်အား၊ ရိက္ခာ၊ လက်နက်ခဲယမ်း၊ ယာဉ်/ ဆီ၊ တပ်အပြောင်း အလှုပ်ပြင်ပါတယ်။နောက်ထိုးမယ့်ဆင် တလှမ်းဆုတ်သလိုမျိုးနဲ့သာ အပစ်ရပ်စဲရေးကို အသုံးချသွားတာ မြင်နေကြရတာပဲ” ဟု စာရေးဆရာ တဦးက ဆိုသည်။
You may also like these stories:
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်တပ် ပစ်ခတ် စီးနင်းပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး
၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို