ဖိုက်တင် မင်းသမီး တယောက်အနေနဲ့ ပရိသတ် သိရှိခဲ့တဲ့ သရုပ်ဆောင် ယဉ်လက်ဟာ သူ့ကို တွေ့မြင်နေကျ အက်ရှင်အသားပေး ဇာတ်ရုပ်ပုံစံမျိုး မဟုတ်ဘဲ မကြာခင် မြန်မာနိုင်ငံမှာ တခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာ တခု ရိုက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ဇာတ်လမ်းတွဲတခု ရိုက်နေတယ်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ရှိတယ်။ ဇာတ်လမ်းတွဲမှာကတော့ တခါမှ မမြင်ဖူးတဲ့ ဇာတ်ရုပ်နဲ့ မြင်ရလိမ့်မယ်။ ဒါပေမဲ့ အက်ရှင်လိုင်းဘက်ကပဲ သွားတာပဲ။ ရုပ်ရှင်ကားကြီးမှာတော့ အက်ရှင်လည်း မဟုတ်ဘူး၊ တခါမှလည်း မလုပ်ဖူးသလို ဒီမြန်မာနိုင်ငံမှာလည်း တခါမှ မလုပ်ရဲတဲ့ ဇာတ်ကောင် ဖြစ်လိမ့်မယ်။ ပြောပြလို့တော့ မရသေးဘူး။ လုပ်နိုင်ပါ့မလား ဆိုပြီးတော့ ကြောက်နေတယ်”လို့ ယဉ်လက်က ပြောပါတယ်။
အဆိုပါ ဇာတ်ရုပ်အတွက်လည်း လက်ဝှေ့နဲ့ ပတ်သက်ပြီး သင်ကြားနေသလို Gym လည်းဆော့ဖြစ်နေတယ်လို့ ယဉ်လက်က ဆိုပါတယ်။
“ဇာတ်ရုပ်ကတော့ လောလောဆယ် လက်ဝှေ့နဲ့ ပတ်သက်ပြီးတော့ သင်ကြားတယ်။ နောက်ပြီးတော့ Gym ကိုတော့ တခါတလေတော့ သွားဖြစ်တယ်။ အဓိကကတော့ လက်ဝှေ့နဲ့ ပတ်သက်ပြီး လုပ်နေတာပေါ့” လို့ ယဉ်လက်က ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ကိုတော့ နောက်၂ လခန့်မှသာ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ရုပ်အတွက် စိတ်ပူတာကြောင့် ပြင်ဆင်မှုတွေ လုပ်နေတယ် လို့ သိရပါတယ်။
“နောက် ၂ လလောက်မှ ရိုက်မှာ။ အခုပြင်ဆင်မှုတွေ လုပ်နေတယ်။ စိတ်ပူတယ်။ အရမ်းစိတ်ပူတယ်။ သူက မှားသွားလို့ မရဘူး။ မှားသွားတာနဲ့ ဝိုင်းပြီးတော့ ထောက်ပြစရာတွေ ဖြစ်လာနိုင်တဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် သတိထားရတယ်။ အများကြီး လေ့လာရမယ်၊ သင်ယူရမယ်”လို့ ယဉ်လက်က ပြောပါတယ်။
ခန္ဓာကိုယ်အတွက် လေ့ကျင့်မှုများစွာ ပြုလုပ်နေတဲ့အတွက် Body Goal အနေနဲ့ရော ရှိလားဆိုတာကိုတော့ ယဉ်လက်က အခုလို ဆိုပါတယ်။
“တကယ်တော့လေ Body Goal ဆိုတာလည်း မရှိဘူး။ နေချင်တဲ့အတိုင်း နေတယ်။ ချစ်ချင်တဲ့သူလာချစ်လိမ့်မယ်ဆိုပြီး ဒီအတိုင်းပဲနေတာ။ ဒါပေမဲ့ ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်အနေအထား ရှိနေတဲ့အတွက် အဲ့လိုဖြစ်အောင်တော့ ကြိုးစားပြီး လုပ်နေတာပဲ။ ပိန်အောင်တော့ လုပ်နေတာတော့ မဟုတ်ဘူး”လို့ ယဉ်လက်က ပြောပါတယ်။
ခန္ဓာကိုယ်ကိုတော့ ဇာတ်ရုပ်အတွက်သာ ပြင်ဆင်ဖြစ်ပြီး အရင်ကတည်းက ပြည့်ပြည့်လေး ဖြစ်တာကြောင့် ဇာတ်ရုပ် အတွက်တော့ ခန္ဓာကိုယ်ကို ပြင်ဆင်ဖြစ်တယ်လို့ ပြောပါတယ်။
“ဝတုတ်လေး။ အခုလည်း ဝတုန်းပဲ။ ပြည့်ပြည့်လေးပေါ့နော်။ အရင်တုန်းကလည်း ဝတုတ်ကြီးဆိုတော့ ကိုယ်ရိုက်ရတဲ့ ဇာတ်ရုပ်အတွက် ခန္ဓာကိုယ်က တခုခုပြောင်းလဲဖို့ လိုအပ်တယ်ပေါ့။ အဲ့အတွက်ကြောင့် ဇာတ်ရုပ်အနေအထားကြောင့် ခန္ဓာကိုယ်ကို ပြောင်းဖြစ်တာပါ”လို့ ယဉ်လက်က ဆိုပါတယ်။
သရုပ်ဆောင် ယဉ်လက်ကတော့ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ သူ့ရဲ့ အက်ရှင် အသားပေး ဖိုက်တင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ချစ်သူရွေးရင် ပုံပန်းသွင်ပြင်ထက် စိတ်နေစိတ်ထားကို ရွေးချယ်မယ်လို့ ယဉ်လက် ပြော
“ငယ်ငယ်ကတည်းက ယောက်ျားလေးဆန်ဆန် နေတတ်တာပါ”လို့ ပြောတဲ့ ယဉ်လက်
ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်
လက်ဝှေ့ထိုးဖို့ စိတ်ဝင်စားနေတဲ့ ဖိုက်တင်မင်းသမီး ယဉ်လက်