Entertainment

ချစ်သူရွေးရင် ပုံပန်းသွင်ပြင်ထက် စိတ်နေစိတ်ထားကို ရွေးချယ်မယ်လို့ ယဉ်လက် ပြော

Want create site? Find Free WordPress Themes and plugins.

ဖိုက်တင်မင်းသမီး တယောက်အနေနဲ့ ပရိသတ်များ သိရှိပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ယဉ်လက်ကတော့ ချစ်သူရွေးတဲ့အခါ ပုံပန်း သွင်ပြင်ထက် စိတ်နေစိတ်ထားကို ရွေးချယ်ဖြစ်မယ်လို့ ပြောပါတယ်။

“လူတယောက်ရဲ့ပုံပန်းသွင်ပြင်ထက် စိတ်နေစိတ်ထားမျိုးကိုပဲ ရွေးချယ်ဖြစ်မယ် ထင်တယ်။ အကြောင်း မသိရင် တော်ရုံတန်ရုံ ရွေးချယ်ဖို့ ခက်တယ်လေ။ လူတယောက်ရဲ့ အကြောင်းသိဖို့က အချိန်ကြာကြာ ယူရတယ်ဆိုတော့ ကိုယ့်စိတ်ကိုယ်တောင် တော်ရုံ နားမလည်ကြဘူးဆိုတော့ အချိန်တော့ ယူရမှာပေါ့”လို့ ယဉ်လက်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ချစ်သူ မရှိသေးဘဲ အချိန်တန်ရင် ရောက်လာမှာဖြစ်တဲ့အတွက် လိုက်ရှာစရာ မလိုဘဲ သူများတွေပြောသလို ဈေးဗန်းခင်းတာမျိုးတော့ မရည်ရွယ်ဘဲ ဖြစ်သွားတာတွေ ရှိတယ်လို့ ယဉ်လက်က ဆိုပါတယ်။

“အချိန်တန်လို့ရှိရင် သူ့ဘာသာ ရောက်လာမှာပါ။ အချစ်ဆိုတာ တကယ်တော့ လိုက်ပြီးတော့ ရှာနေစရာ မလိုဘူးလေ။ အချိန်တန်ရင် ကိုယ့်ဆီရောက်လာမှာပါ။ အသက်ကြီးလာရင်ပေါ့။ ဈေးဗန်းခင်းတာမျိုးက တခါတလေကျရင် မရည်ရွယ်ဘဲနဲ့ ဖြစ်သွားတယ်။ တခါတလေကျရင် ရည်ရွယ်ပြီး ဖြစ်သွားတာတွေ ရှိတယ်။ ဒါကလည်းစချင် နောက်ချင်တဲ့ စိတ်ကတော့ ပိုပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

တဖက်သတ် ကြိုက်တဲ့သူတွေ ရှိပေမယ့် မပြောဖြစ်ဘဲ တဖက်လူက သူ့ကိုကြိုက်နေတာကိုလည်း လာမပြောကြတာကြောင့် ဒီတိုင်းပဲ ပြီးသွားကြတယ်လို့ ယဉ်လက်က ဆိုပါတယ်။

“လာ Crush တဲ့သူကလည်း ကိုယ့်ကိုလာပြောတာ မရှိဘူး။ ကိုယ် Crush တဲ့သူကိုလည်း သွားပြောတာ မရှိဘူးလေ။ စိတ်ထဲမှာသာ Crush၊ သူလည်းမသိ ကိုယ်လည်းမသိနဲ့ ပြီးသွားရော”လို့ ယဉ်လက်က ပြောပါတယ်။

ယဉ်လက်ကတော့ အခုနောက်ပိုင်းမှာ ယခင်ကနဲ့ မတူဘဲ အပြင်အဆင်များ ပြောင်းလဲလာတာကို တွေ့ရပြီး ပြောင်းလဲမှုကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အသက်ကြီးလာလို့ ဖြစ်ပါလိမ့်မယ်။ ငယ်ငယ်တုန်းကပုံနဲ့တော့ အခုအသက်ကြီးလာတာနဲ့တော့ မတူတော့ဘူးလေနော်။ ပြီးတော့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေလည်း မတူတဲ့ အခါမှာ မြင်ရတဲ့ ပုံစံကလည်းပြောင်းလာတာ။ လူတယောက်က စိတ်ပြောင်းရင် မျက်နှာကပါ လိုက်ပြောင်းတယ်ဆိုတော့ အဲဒါကြောင့်လည်းပါမယ်”

“အသက်ကြီးလာတာလည်း ပါမယ်။ အတွေ့အကြုံတွေ၊ စိတ်ဓာတ်အခြေအနေတွေ ဒါတွေကြောင့်လည်း ပါမယ် ထင်ပါတယ်။ ကျန်တာတော့ မပြောင်းလဲပါဘူး”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင်တယောက်အနေနဲ့လည်း မတူညီတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ရဖို့ရှိပြီး အဲဒီအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“သရုပ်ဆောင် တယောက်အနေနဲ့ ဇာတ်ရုပ်တွေကို ကြိုးစားပြီး သရုပ်ဆောင်ချင်တယ်။ အဲဒီအတွက်ကြောင့် အက်ရှင်မှ မဟုတ်ဘူး။ ဘယ်လို ဇာတ်ရုပ်မျိုးပဲဖြစ်ဖြစ် တွေ့ရမှာပါ။ နောက်ပြီးတော့ ပရိသတ်တွေ လုံးဝ မထင်မှတ်ထားတဲ့ ဇာတ်ရုပ်မျိုးနဲ့ တွေ့ရဖို့လည်း ရှိပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

လက်ရှိ ရုံတင်ပြသနေတဲ့ “ဂျင်ပါတီ”ရုပ်ရှင်ကားမှာလည်း အချစ်ကြီးတဲ့ မိန်းကလေးတယောက်အနေနဲ့ ထူးအောင်ရဲ့ ရည်းစားအဖြစ် ယဉ်လက်က သရုပ်ဆောင်ထားပါတယ်။

“ဒီကားထဲမှာတော့ ဒါဒါ ဆိုတဲ့ ကောင်မလေးပေါ့။ အချစ်ကြီးတော့ အမျက်လည်းကြီးတယ်ပေါ့။ လက်သီးလည်း ပြင်းတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကွယ်ရာမှာ ဖောက်ပြန်တဲ့အခါကျတော့ သည်းမခံနိုင်ဘဲ လက်သီးသုံးပြီး ဖြေရှင်းတယ်ပေါ့”

“အပြင်မှာ လက်သီးပြင်းဖို့က ချစ်သူလည်း မရှိဘူးဆိုတော့။ အပြင်မှာ ကိုထူးအောင်ကို ဒီလိုခြောက်တာမျိုးကြီး မမြင်ခဲ့ဖူးဘူး။ စတယ်နောက်တယ် ဆိုတာလည်း ဒီလိုပုံစံနဲ့ မစဘူးဆိုတော့လေ။ ဒီလိုမျိုးကြီး မြင်ရတော့လေ ရယ်ရတယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကတော့ နောက်ထပ်လည်း ဇာတ်လမ်းတွဲ တခု ရိုက်ကူးရန်အတွက် Training များပြုလုပ်နေပြီး မထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ ပရိသတ်ရှေ့ကို ရောက်လာဦးမယ်လို့ ဆိုပါတယ်။

You may also like these stories:

လက်ဝှေ့ထိုးဖို့ စိတ်ဝင်စားနေတဲ့ ဖိုက်တင်မင်းသမီး ယဉ်လက်

ဖခင်ရဲ့ဆန္ဒကြောင့် သရုပ်ဆောင်ဖြစ်လာခဲ့သူ ယဉ်လက်

“ချစ်သူ မရှိသေးတော့ ချစ်သူများနေ့က ကိုယ်နဲ့မဆိုင်သလိုပါပဲ”လို့ ယဉ်လက် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading