သရုပ်ဆောင် မင်းသမီးချော ခင်ဝင့်ဝါက အချစ်ရေးကို မစဉ်းစားသေးဘဲ အချစ်ဆိုတာ အတ္တမပါဘဲ ချစ်နေရင် အကောင်းဆုံးလို့ ဆိုပါတယ်။
“အခုလောလောဆယ်တော့ အချစ်က ဘာမှန်းမသိသေးဘူး။ အဲ့အတွက်ကို အချိန်မပေးသေးဘူး။ ပရိသတ်ကို ချပြရမယ့် သူလည်း မရှိသေးပါဘူး။ အချစ်ရေးကတော့ တယောက်တည်းပါပဲ။ အတ္တကတော့ ပူလောင်တာပေါ့။ အတ္တပါတာတော့ ဘယ်အရာမှမကောင်းဘူးပေါ့။ အတ္တမပါဘဲနဲ့ချစ်နိုင်ရင်တော့ ကောင်းတာပေါ့”
“ အချစ်ကို ထွေထွေထူးထူး နားမလည်ထားဘူး။ အချစ်ဆိုတာ ချစ်နေရရင် ပြီးပြီလေ။ အဲ့လိုပဲ သတ်မှတ်ထားတယ်။ အများကြီး အဓိပ္ပါယ် မဖွဲ့တတ်ဘူး။ ကိုယ်ကသူ့ကို ချစ်နေရရင် ပြီးပြည့်စုံတယ်ပေါ့။ ကိုယ်ချစ်တာကို သူက သိတာ၊မသိတာ အရေးမကြီးဘူးလို့ထင်တယ်။ အချစ်ရေးနဲ့ ပတ်သက်ရင် အရင်တုန်းကတော့ အနိုင်ယူတတ်တဲ့သူပေါ့။ အခုကျတော့ ဘာမှမမျှော်လင့်တော့ဘူး။ အချစ်ဆိုတာ ချစ်နေဖို့ပဲလေ”
“ ကိုယ့်မိသားစုအတွက် ကိုယ့်အလုပ်အတွက် တယောက်တည်းနေတာတော့ ပိုအဆင်ပြေမယ်လို့ထင်တယ်။ ညီမက အိမ်မှာအငယ်ဆုံးဆိုပေမယ့် မဆိုးခဲ့ရတော့ ဆိုးဖူးချင်တယ်။ အဲ့အတွက် ကိုယ့်ထက် အသက်ကြီးတဲ့ သူကိုပဲ ချစ်သူထားချင်တယ် ”လို့ ခင်ဝင့်ဝါက ပြောပါတယ်။
ချစ်ရတဲ့ ပရိသတ်တွေ အတွက်လည်း ၂၀၂၀နှစ်မှာတော့ အနုပညာအလုပ်တွေကို ပိုကြိုးစားသွားလို့ ခင့်ဝင့်ဝါက ဆိုပါတယ်။
“လတ်တလောတော့ ပွဲတွေ တက်တယ်။ နောက်ရိုက်ကူးရေးတွေ ရိုက်ဖို့ရှိတယ်။ ၂၀၁၉ ကို ပြန်သုံးသပ်ရင်လည်း ကျေနပ်တယ်။ နောင်တရစရာလည်း မရှိဘူး။ ပူဆွေးလွမ်းစရာလည်း မရှိဘူး။ တခုရှိတာက ဆုံးရှုံးသွားတဲ့ အဘိုးအဘွားတွေကို လွမ်းစရာရှိပေမယ့် နောင်တရစရာတော့ မရှိပါဘူး”
“ချစ်ရတဲ့ ပရိသတ်တွေ အတွက်လည်း ၂၀၂၀မှာတော့ အနုပညာအလုပ်တွေကို ပိုကြိုးစားသွားမှာပေါ့။ ခုချိန်ထိ ခင်ဝင့်ဝါကို အားပေးကြတဲ့ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ ”လို့ ခင်ဝင့်ဝါကပြောပါတယ်။
ခင်ဝင့်ဝါဟာ သရုပ်ဆောင်တယောက်ဖြစ်သလို အလှမယ်တယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တယောက်လည်း ဖြစ်ပါတယ်။
You may also like these stories:
“အခုချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်နေတယ်” လို့ ခင်ဝင့်ဝါ ပြော
“လှပ်၍လွင့်သော” ရုပ်ရှင်ကားမှာ မို့မိုမြင့်အောင် ငယ်ဘဝအဖြစ် သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါ
“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော