သမီးရည်းစားတွေ စပြီး ဖြစ်ကြပြီဆိုတဲ့ အချိန်ဟာ ပျော်စရာတွေ အတိပြီးတဲ့ အချိန်ပါ။ ဒါပေမယ့် အချိန်တွေ ကြာလာပြီဆိုတာနဲ့ အမျှ ပြဿနာတွေရှိလာပြီး အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို သိဖို့နဲ့ အချစ်ရေးမှာ ကျန်ရစ်သူမဖြစ်ရအောင် ဂရုစိုက်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အမြဲ နားလည်ပေးခြင်း
အမြဲ နားလည်ပေးခြင်းက အချစ်ရေးမှာ ကျန်ရစ်ဖြစ်ဖို့ အကြောင်းရင်းတခုဖြစ်ပါတယ်။ သင်က အမြဲနားလည်ပေးနေတော့ တဖက်လူက သင့်ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာ သိသွားပါပြီ။ ဥပမာ သင်က တွေ့မယ် ပြောထားတာကို သင့်ချစ်သူက နောက်ကျတယ်ဆိုပါတော့။ သင်က စောင့်ရတာကို မကြိုက်ဘူးဆိုရင် တခါတည်း အပြတ်ပြောထားဖို့ လိုပါတယ်။
ဒါဟာ ယောကျာ်းလေးရော မိန်းကလေးဖက်ကပါ ပြုလုပ်ရမယ့် အရာပါ။ တဖက်လူက သင်ဘာမှ မပြောရင် နားမလည်နိုင်ပါဘူး။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောပါ။ အားနာပြီး နားလည်ပေးနေတာမျိုး မဖြစ်ပါစေနဲ့။
(၂) အတိတ်အကြောင်း အမြဲတွေးခြင်း
ပြီးခဲ့တာကို ထားခဲ့လိုက်ပါ။ သင့်လက်ရှိ ချစ်သူရှေ့မှာ သင့်ရည်းစားဟောင်းအကြောင်း ပြောခြင်းဟာ ရိုင်းပျတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လက်ရှိချစ်သူကို အတိတ်က ချစ်သူနဲ့ အမြဲခိုင်းနှိုင်းပြီး ပြောဆိုနေမယ်ဆိုရင် လက်ရှိချစ်သူကလည်း သူတို့ကိုသူတို့ ယုံကြည်မှုကင်းမဲ့ပြီး သင်တို့ နှစ်ယောက်ကြား ပြဿနာတွေ ပိုများလာနိုင်ပါတယ်။ သင့်ဖက်က လိုက်ပြီး နှိုင်းယှဉ်တာတွေ များလာလို့ သင့်လက်ရှိချစ်သူက သင့်ကို ထားခဲ့ရင် သင့်အပြစ်ပါပဲ။
(၃) စကား သိပ်မပြောခြင်း
“ငါ့ချစ်သူက ငါ့ကို တကယ်ချစ်ရင် ငါလိုချင်တာကို သိရမှာပဲ” ဆိုတဲ့ အသိကို မေ့သာထားလိုက်ပါ။ သူလည်းလူ သင်လည်းလူမလို့ သင့်စိတ်ကို သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စကားများများပြောပါ။ စကားများရန်ဖြစ်တဲ့ အချိန်တွေမှာ ရှောင်ထွက်သွားတာထက် ရှင်းပြပြီး တယောက်နဲ့ တယောက် နားလည်မှုရအောင် ညှိယူပါ။
Ref ; brightside