မြန်မာနိုင်ငံက အမျိုးသား လူငယ်အဆိုတော် အဖွဲ့၊ Project K အဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားနိုင်ငံမှ သမ္မတနဲ့ တွေ့ဆုံချိန်မှာ ကိုရီးယားနိုင်ငံသို့ ခေါ်ယူ လေ့ကျင့်သင်ကြားပေးရန် ပြောကြားခဲ့တာကြောင့် Project K အနေနဲ့ ဒီနိုင်ငံအတွက် တာဝန်တခု လုပ်ရမယ်ဆိုတဲ့ စိတ်ဖြစ်မိတယ်လို့ ဆိုပါတယ်။
“ကိုရီးယားနိုင်ငံကို ခေါ်ယူ လေ့ကျင့်သင်ကြားပေးဖို့ အမေ (ဒေါ်အောင်ဆန်းစုကြည်) ပြောတုန်းက မယုံနိုင်ဘူး။ အရမ်းလည်း ဝမ်းသာတယ်။ အမေ ဒီလိုပြောပေးခဲ့တာကလည်း Project K အတွက် မဟုတ်ဘူး။ နိုင်ငံအတွက် လိုအပ်တဲ့ ကဏ္ဍတခုအတွက် အကျိုးရှိအောင် သူများနိုင်ငံကနေ သင်ယူဖို့ လိုတယ်။ ပြီးရင် ကိုယိ့်နိုင်ငံကြီး တိုးတက်အောင် လုပ်ဖို့အတွက်လို့ပဲ မြင်ပါတယ်”
“မြန်မာနိုင်ငံရဲ့ အဘက်ဘက်ကို မြှင့်တင်ပေးချင်တာပါ။ အဲဒီတော့ သူတတ်နိုင်တဲ့ဘက်ကနေ သူမြှင့်တင်ပေးတယ်။ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ နေရာတွေမှာ သူများနိုင်ငံနဲ့ ရင်ဘောင် တန်းနိုင်အောင်၊ သူများနိုင်ငံရဲ့ နည်းပညာတွေကို ကိုယ်တွေလည်း လေ့လာခွင့်ရအောင် အမြဲတမ်း ကြံစည်နေသူဆိုတော့ အမြဲတမ်းလည်း လုပ်နေမှာပါပဲ။ ကဏ္ဍတခုလို့ပဲ မြင်ပါတယ်။ အဲ့တော့ ကျနော်တို့ ကြားလိုက်ရချိန်မှာ အရမ်းလည်း အံ့သြသလို ဒီနိုင်ငံအတွက် တာဝန်တခု လုပ်ရမယ်လို့ အဲ့လို စိတ်လည်း ဖြစ်မိတယ်”လို့ Project K အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် တရားစွဲထားတာနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အပေါ်ကိုလည်း Project K အဖွဲ့က အခုလိုပဲ ဆိုပါတယ်။
“ICJ ကိစ္စ ကျနော်တို့ကတော့ နိုင်ငံရေး သိပ်မသိဘူး။ အမေစုကို ယုံတယ်။ အမေကတော့ ဘာအခက်အခဲရှိရှိ ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်သွားမယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျနော်တို့ကို ချီးကျူးတယ်ဆိုတာ အဓိကကတော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းလို့ပေါ့နော်။ ကိုယ့် မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီ ပေါင်းစပ်လို့ အဲဒီအရာလေးကို ချီးကျူးတာပါ”
“အမေ့ကို အမြဲအားပေးပါတယ်။ အဓိကကတော့ သူဖြစ်စေချင်တာက လူငယ်တွေကို ကိုယ်ဘယ်ကလာတာလဲ မမေ့စေချင်ဘူး။ တကယ့် ကိုယ့်ရဲ့ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းစေချင်တယ်။ လူငယ်တွေဆိုတာတော့ ခေတ်နောက်ကို လိုက်မှာပဲလေ။ ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုကိုလည်း မပျက်စေချင်တဲ့ ဆန္ဒပါ”လို့ Project K အဖွဲ့က ဆိုပါတယ်။
မြန်မာလူငယ် အဆိုတော် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအနေနဲ့ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။
Project K အဖွဲ့ကိုတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်း ၂၀၁၈ ခုနှစ်အတွင်းက Myanmar Entrepreneurship 2018 ပွဲမှာ အသိအမှတ်ပြု၊ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။