အခုနောက်ပိုင်း အလှမယ်ပြိုင်ပွဲများ များလာတာနဲ့အမျှ အလှမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တလွဲအသုံးချလာတာတွေကိုလည်း တွေ့နေရတဲ့အတွက် ငါးခုံးမတကောင်ကြောင့် တလှေလုံး မပုပ်စေချင်ဘူးလို့ Miss Universe Myanmar အလှမယ် နှင်းသွေးယုအောင်က ပြောပါတယ်။
“တချို့ကျတော့လေ ကိုယ်က အလှမယ် ဆိုပြီးတော့ နေရာအရမ်းယူချင်တာမျိုးတွေ ပြီးတော့တလွဲအသုံးချတာပေါ့။ တကယ်တမ်းဆိုရင် ငါကအလှမယ်ဆိုပြီးတော့ ထိုင်ပြီးမောက်မာနေလို့ မရဘူး။ တချို့ကျတော့ နေရာလွဲတာလေးတွေ ရှိတယ်။ အလှမယ်ဆိုတာ ယုံကြည်မှုရှိရှိ လှပတာမျိုး နောက်ပြီးကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုပါ လူအများမြင်အောင် ပရိသတ်က လက်ခံနိုင်အောင် ပြရတာဖြစ်တဲ့အတွက် အရမ်းချေပြီး မောက်မာနေတာကို မြင်နေရတာတွေလည်းရှိတယ်။ အဲ့လိုမျိုးတွေ မဖြစ်စေချင်ဘူး”
“ပြင်ပက မိန်းကလေးတွေက ကိုယ့်ကို အားကျနေတာမျိုးတွေရှိတော့ အလှမယ်လေးက လှလိုက်တာ စိတ်ထားဖြူစင်လိုက်တာမျိုးပဲ မြင်စေချင်တယ်။ အလှမယ်တယောက်က မောက်မာလိုက်တာ၊ သူက ဘယ်လိုမျိုးကြီးလဲ ဆိုပြီးဖြစ်ရင် အလှမယ်ဆိုရင် အလှမယ် အကုန်လုံးကို မြင်ကြတာ။ ဘာ Title၊ ညာ Title ရယ် သိကြတဲ့သူက နည်းတော့ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်တာတော့ မဖြစ်စေချင်ဘူး”လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
ကိုယ်တိုင်လည်း အလှမယ်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စံချိန်းစံညွှန်းထဲက မထွက်အောင် အတတ်နိုင်ဆုံးနေရတယ်လို့ သူက ဆိုပါတယ်။
“အဓိကကတော့ အလှမယ်တယောက်အနေနဲ့က သူ့ရဲ့စံချိန်စံညွှန်းတွေ ရှိတယ်။ သူထိန်းသိမ်းရမယ့် မပြောဆိုရမယ့် စကားတွေ ရှိမယ်။ သူ နေထိုင်ရမယ့် ပုံစံတွေ ရှိမယ်။ သူ့ရဲ့စံ ရှိနေတဲ့အတွက် နှင်းသွေးတို့ကတော့ Perfect ဖြစ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ အဲဒီ စံထဲက မထွက်အောင် စကားပြောတာ မမှားအောင်၊ နေတာထိုင်တာ မမှားအောင် အတတ်နိုင်ဆုံး နေရတာပေါ့” လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
နိုင်ငံခြားမှာ သွားရောက် ယှဉ်ပြိုင်တဲ့အခါ အမှားတခုခု ပြုလုပ်တဲ့အခါမျိုးမှာတော့ ကိုယ့်တယောက်တည်းကို မြင်တာမျိုး မဟုတ်ဘဲ နိုင်ငံတခုလုံးကို မြင်မှာဖြစ်တဲ့အတွက် တာဝန်ကြီးပြီး ထိန်းသိမ်းရတယ်လို့ ဆိုပါတယ်။
“အလှမယ် တယောက်ကတော့ နိုင်ငံရဲ့ကိုယ်စားပြုတယောက် ဖြစ်ရတယ်။ နိုင်ငံခြားမှာသွားပြိုင်တဲ့အခါမှာ နှင်းသွေးတို့ကို နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝေဖန်ကြတယ်။ ဆုံးဖြတ်ကြတယ်။ ဒီအလှမယ်တယောက်က တခုခု ချို့ယွင်းသွားပြီ။ မှားသွားပြီ ဆိုရင် မြန်မာတနိုင်ငံလုံးကိုပဲ မြင်ကြမှာ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းသိမ်းရမယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာနဲ့ ပုံရိပ်မကျအောင်လို့ အများကြီးထိန်းသိမ်းရတယ်။ တာဝန်လည်းကြီးပါတယ်” လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
လက်ရှိမှာလည်း လာမယ့် Miss Universe 2020 အတွက် အလှမယ်များကို ဆောင်ရန်၊ ရှောင်ရန်များ ပြောပြတာမျိုးတွေရှိပြီး ပွဲနီးရင်လည်း ပြောပြစရာတွေရှိတယ်လို့ ဆိုပါတယ်။
“ဒီနှစ် Miss Universe ပွဲလေးက ၄၁ မြို့နယ်က ပြိုင်ကြမှာပေါ့။ အဲဒီထဲကမှ ကိုယ်ရွေးထားတဲ့ အလှမယ်တွေကလည်း တာချီလိတ် ကိုယ်စားပြုအနေနဲ့ ပြိုင်မှာဆိုတော့ ညီမလေးတွေ အကုန်လုံးအတွက်ရော နှင်းသွေး ရွေးထားတဲ့ အလှမယ်အတွက်ရော ဆောင်ရန်၊ ရှောင်ရန် ပြောပြတာလေးတွေ ရှိပါတယ်”
“ပွဲနီးရင်ပိုပြီးတော့ ပြောပြစရာလေးတွေ ရှိမှာပါ။ Miss Universe ရဲ့ ဆောင်ပုဒ်ကိုက Confidence is Beautiful ပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ လူအများအလယ်မှာ စကားပြောဖို့ နေတတ်ထိုင်တတ်ဖို့က အဓိကအရေးကြီးတယ်”လို့ နှင်းသွေးယုအောင်က ပြောပါတယ်။
အလှမယ် နှင်းသွေးယုအောင်ကတော့ လတ်တလောမှာတော့ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်ရေးတခုက ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတခုကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။
You may also like these stories:
လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်
Miss Universe Myanmar ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်ခဲ့လို့ ပျော်နေတဲ့ အလှမယ် ဆွေဇင်ထက်