တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS ရဲ့ အဖွဲ့ခေါင်းဆောင်က ကိုရီးယားစစ်ပွဲ အကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး Samsung အပါအဝင် နာမည်ကျော် Brand တော်တော်များများက အခုလို ဂယက်ထဲမှာ အဲ့ဒီ K-pop အဖွဲ့နဲ့အတူ ခပ်ဝေးဝေးမှာ နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခုလိုမျိုး အငြင်းပွားမှုဟာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံမှာရှိတဲ့ နာမည်ကျော် Brand တွေအတွက် နိုင်ငံရေး မြေမြှုပ်မိုင်းတွေ ရှိနေတယ်ဆိုတာ ဥပမာ ပြလိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် အဖွဲ့အစည်းရဲ့ ဆုလက်ခံ ရယူချိန်မှာ ပြောကြားခဲ့တဲ့ RM လို့ သိကြတဲ့ BTS အဖွဲ့ခေါင်းဆောင်ရဲ့ပြောစကားထဲမှာ တောင်ကိုရီးယား -အမေရိကန် ဆက်ဆံရေးအကြောင်း ဖော်ပြခဲ့ပေမယ့် အဲ့ဒီစကားကြောင့်ပဲ တရုတ်နိုင်ငံမှာရှိတဲ့ လူတော်တော်များများကို ဒေါသထွက်စေခဲ့ပါတယ်။
RM က တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား မျှဝေ ခံစားခဲ့ရတဲ့ သမိုင်းဆိုင်ရာ နာကျင်မှုအကြောင်း၊ ၁၉၅၀-၅၃ မှာဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲအကြောင်း၊ မရေအတွက်နိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေ သေဆုံးခဲ့ရတဲ့အကြောင်း ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစစ်ပွဲမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေက မြောက်ကိုရီးယားနဲ့ တရုတ်တပ်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို အဖွဲ့ခေါင်းဆောင်ရဲ့ မှတ်ချက် စကားတွေကြောင့် တရုတ်နိုင်ငံထဲက ဆိုရှယ်မီဒီယာပေါ်မှာလည်း ဆွေးနွေးငြင်းခုံမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Weibo ဆိုရှယ်မီဒီယာမှာ ဒေါသထွက်နေတဲ့ အသုံးပြုသူတဦးက “တရုတ်နိုင်ငံကနေ သူတို့ ဘာပိုက်ဆံမှ မရှာသင့်ဘူး။ တကယ်လို့ တရုတ်ပရိသတ်တွေဆီက ငွေကို ခင်ဗျားကို ရယူချင်တယ်ဆိုရင် တရုတ်တွေရဲ့ ခံစားချက်တွေကိုလည်း ခင်ဗျားတို့ ထည့်သွင်း စဉ်းစားရမယ်”လို့ BTS အဖွဲ့ကို ရည်ရွယ် ရေးသားခဲ့ပါတယ်။
BTS အဖွဲ့ရဲ့ပုံရိပ်ကို ထည့်သွင်းအသုံးပြုထားတဲ့ Samsung ရဲ့ စမတ်ဖုန်းနဲ့ နားကြပ်တို့အကြောင်း ပို့စ်တွေဟာလည်း အဲ့ဒီ အငြင်းပွားဖွယ်ကိစ္စ စတင်လာချိန်ကစလို့ တရုတ် E-commerce ပလက်ဖောင်းတွေဖြစ်တဲ့ Tmall နဲ့ JD.com တို့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။
အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့နဲ့ ကြော်ငြာတွေ လုပ်ဆောင်နေတဲ့ အားကစားဖက်ရှင် Brand ဖြစ်တဲ့ FILA ၊ မော်တော်ကား ကုမ္ပဏီ Hyundai တို့အပါအဝင် တခြားကုမ္ပဏီတွေရဲ့ BTS နဲ့ပတ်သက်တဲ့ ပို့စ်တွေဟာလည်း သူတို့ရဲ့ တရားဝင် Weibo အကောင့်တွေကနေ ပျောက်ကွယ်သွားခဲ့ကြတယ်လို့ တရုတ်အသုံးပြုသူတွေက ဆိုပါတယ်။
အဲ့ဒီ ပို့စ်တွေကို ကုမ္ပဏီက ဖယ်ရှားလိုက်တာလား၊ တခြားတယောက်ယောက်က ဖယ်ရှားလိုက်တာ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Samsung, FILA နဲ့ Hyundai တို့ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။
Ref: Reuters
You may also like these stories:
BTS အဖွဲ့ရဲ့ အွန်လိုင်းဖျော်ဖြေပွဲကို ကမ္ဘာတဝန်းမှ ပရိသတ် သန်း ၁၀၀ ကျော် ကြည့်ရှုခဲ့
WHO က စီစဉ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ပါဝင်ခဲ့တဲ့ SuperM
“BTS အဖွဲ့ကို သဘောကျတယ်”လို့ John Cena ပြော