အဆိုတော် Cardi B ဟာ ဖိနပ်မဂ္ဂဇင်းဖြစ်တဲ့ “Footwear News” အတွက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာ ဟိန္ဒူနတ်ဘုရားမ ဒူရ်ဂါးမယ်တော် အသွင်ယူထားခဲ့တဲ့အတွက် ဟိန္ဒူလူမှုအသိုက်အဝန်းကို ပြန်လည် တောင်းပန်လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Instagram Stories တင်ခဲ့တဲ့ ပို့စ်တခုမှာ အဆိုတော် Cardi B က “တောင်းပန်ပါတယ်။ တစုံတယောက်ရဲ့ ယဉ်ကျေးမှုကို မလေးမစားပြုဖို့၊ စော်ကားဖို့ ကျမ မရည်ရွယ်ပါဘူး။ ကျမက အတိတ်ကိုတော့ ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ အနာဂတ်မှာ ကျမ ပိုပြီး သတိထားပါ့မယ်။ ရှင်တို့တွေကို ချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Cardi B ဟာ ရှူးဖိနပ်တဖက်ကို ကိုင်ထားပြီး လက်ပေါင်းများစွာနဲ့အတူ ကြိုးမဲ့အနီရောင် ဝတ်စုံနဲ့ ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းမျက်နှာဖုံးကြောင့် ဘာသာရေးနဲ့ ယဉ်ကျေးမှုကို မလျော်မကန် ပုံဖော်ခဲ့ပြီး မလေးမစားပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ Reebok ဖိနပ်အမျိုးအစားအသစ်ကို ပရိုမိုးရှင်း လုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ သူ့ကို ဝေဖန်ခဲ့ကြပြီး Aadi ဆိုတဲ့ အသုံးပြုသူတဦးကတော့ ဘုရားကျောင်းမှာ ဖိနပ်စီးတာကို တားမြစ်ထားတာ၊ နတ်ဘုရားမကို အလှအပရေးရာအတွက် ပုံဖော်ရာမှာ အသုံးမပြုသင့်တာ၊ နတ်ဘုရားမကို ခန္ဓာကိုယ် လှစ်ဟပြတဲ့ ပုံစံနေရာမှာ ဘယ်တော့မှ ပုံမဖော်သင့်တာ စတဲ့အချက်တွေကြောင့် အခုဓာတ်ပုံဟာ မှားယွင်းနေခဲ့တာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
Instagram Stories မှာတင်ခဲ့တဲ့ ဗီင်္ဒီယိုတခုမှာဆိုရင် အဆိုတော် Cardi က သူဟာ ခွန်အား၊ မိန်းမဆန်မှု၊ လွတ်မြောက်မှုတို့ကို ကိုယ်စားပြုရမယ်လို့ ဖန်တီးသူတွေက သူ့ကို ပြောခဲ့ပြီး သူသိထားတာကလည်း အဲ့ဒီလောက်ပဲ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
သူက “တကယ်လို့ လူတွေက ကျမက သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို စော်ကားတယ်လို့ ထင်နေတယ်ဆိုရင် ဒါဟာ ကျမ ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ တစုံတယောက်ရဲ့ ဘာသာရေးကို စော်ကားတာမျိုး ကျမ မကြိုက်ပါဘူး။ တစုံတယောက်က ကျမရဲ့ဘာသာရေးကိုလည်း စော်ကားတာမျိုး ကျမကြိုက်မှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဖိနပ် မဂ္ဂဇင်းကလည်း သူတို့ရဲ့ Instagram အကောင့်မှာ အဲ့ဒီဓာတ်ပုံကို မျှဝေခဲ့ပြီးတဲ့နောက် အခု အဲ့ပို့စ်ကို ဖျက်လိုက်ပြီလည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေ ရခဲ့ပြီးတဲ့နောက် Footwear News မဂ္ဂဇင်းကလည်း People ကနေ တဆင့် တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့မဂ္ဂဇင်း မျက်နှာဖုံးမှာ အဆိုတော်ရဲ့လက်ရှိ ပုံနေရာမှာ အဲ့ဒီနေ့တုန်းက ရိုက်ခဲ့တဲ့ တခြားတပုံနဲ့ အစားထိုးလိုက်ပြီလို့ ဆိုပါတယ်။
အခုလိုမျိုး ဘာသာရေးဆိုင်အရာ အထွဋ်အမြတ်ကို လွဲမှားစွာ အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ မကြာသေးခင်လတွေတုန်းကလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း K-pop အဖွဲ့ Blackpink ကလည်း သူတို့ရဲ့ “How You Like That” ဂီတဗီဒီယိုထဲမှာ ဟိန္ဒူနတ်ဘုရားတပါးရဲ့ ရုပ်တုကို အသုံးပြုခဲ့မှုကြောင့် ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Ref: CNA
You may also like these stories:
ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို
“အနုပညာအလုပ်တွေ နားထားချိန်မှာ ခဏတာ ဈေးရောင်းတာပါ”လို့ လိမ္မော်သီး ဆို
အွန်လိုင်းကနေ သီချင်းသစ်တွေ တင်ပေးဖို့ရှိတဲ့ ထွန်းရတီ