Entertainment

အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ကာလမှာ အခက်အခဲ ဖြစ်နေကြတဲ့ လူရွှင်တော်များ၊ ဟာသ သရုပ်ဆောင်များကို ဒါရိုက်တာ ပြည်ဟိန်းသီဟက သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမှာဖြစ်ပြီး မည်သူမဆို သူတို့ တတ်တဲ့ အနုပညာနဲ့ လာရောက် လက်တွဲနိုင်ကြောင်း ပြည်ဟိန်းသီဟက ပြောပါတယ်။

“လူရွှင်တော်များ ဆက်သွယ်နိုင်ပါသည်။ ယခုချိန် စားဝတ်နေရေး ခက်ခဲနေကြသည်ကို နားလည်သောအားဖြင့် တတ်နိုင်တဲ့ဘက်က ရသလောက် ကူညီပါမည်။ ကိုယ်တတ်တဲ့ အနုပညာနဲ့ ရမယ့် အနုပညာကြေးလေး ယူရင်း ကျနော်နဲ့အတူ လက်တွဲနိုင်ကြောင်း ဖိတ်ခေါ်ပါသည်။ မည်သူမဆိုပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

ကိုဗစ်ကာလကြောင့် စားဝတ်နေရေး မပြေလည်ကြပြီး၊ ဝင်ငွေ အခက်အခဲကြောင့် ဒုက္ခရောက်နေကြတဲ့ ဟာသ လူရွှင်တော်များစွာအတွက် ယခုအချိန်ဟာ ပွဲများ ဖျော်ဖြေ တင်ဆက်ဖို့ အဆင်မပြေတာကြောင့် အဆိုပါ အနုပညာရှင်များရဲ့ စားဝတ်နေရေးကို ကူညီလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်တယ်တို့ သိရပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ (ဓာတ်ပုံ – Pyi Hein Thiha’s Facebook)

“တကယ် ခက်ခဲနေရင် ဆက်သွယ်ပါ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ကိုယ့်အနုပညာကြေးဆိုတော့ ကိုယ့်လိပ်ပြာသန့်စွာ ထမင်းမြိုကျတာပေါ့။ နာမည်ကြီးစရာ မလိုဘူး၊ လူသိစရာ မလိုဘူး။ တကယ် အနုပညာတတ်ပြီး ဟာသကို တကယ်တတ်တဲ့သူ မည်သူမဆိုပါ။ CB ကို mail ပို့ပြီး ဆက်သွယ်ပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

လူရွှင်တော်တွေရဲ့ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်ပြီး တတ်နိုင်တဲ့ ဟာသ အနုပညာရှင်များ ပါဝင် ဝန်းရံကာ ဒါရိုက်တာ ပြည်ဟိန်းသီဟက မေတ္တာဖြင့် စီစဉ် ရိုက်ကူးပေးသွားမယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “ဟာသ ရန်ပွဲ” အစီအစဉ်

“ကျနော်သည် ဆန်ဝေ၊ ဆီဝေဖို့ မချမ်းသာပါ။ ကျနော့်မှာ ချမ်းသာတာဆိုလို့ စေတနာနဲ့ ပညာပဲ ရှိပါတယ်။ ပြေလည်တဲ့သူများလည်း အလုပ်လုပ်ချင်စိတ်ရှိရင် ဆက်သွယ်လို့ရပါသည်။ Messenger ကို ဖုန်းနံပါတ်နဲ့ ပုံလေး ပို့ထားပေးပါ။ ကျနော် ဆက်သွယ်လိုက်ပါ့မယ်”လို့ ပြည်ဟိန်းသီဟက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်များအား Sponsor အလှူသဘောမျိုးဖြင့် အစီအစဉ်များ ရိုက်ကူးနိုင်ရန် အကူအညီ တောင်းခံခြင်း ဖြစ်ပြီး ဟာသသမားများ၊ လူရွှင်တော်များအတွက် ဝင်ငွေ ရရှိစေရန် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

“မကြာခင် စတင်ပါတော့မည်။ စားဝတ်နေရေး မပြေလည်ကြသော ဟာသအနုပညာရှင် လူရွှင်တော် များအတွက် ရည်ရွယ်ပြီး ဝင်ငွေရစေရန် မေတ္တာနဲ့ အခမဲ့ ကူညီရိုက်ပေးမယ့် ဟာသ အစီအစဉ်လေးပါ။ နာမည်ကြီး လူရွှင်တော်များ၊ တတ်နိုင်သူများလည်း ပူးပေါင်းပါဝင် ကူညီကြပါခင်ဗျာ”

“ကြော်ငြာရှင်များ၊ Sponsor များလည်း ဝိုင်းဝန်း ကူညီကြပါခင်ဗျာ။ ကျနော် ချစ်သော ဟာသ သမားများ တော်တော် ဒုက္ခရောက်နေကြလို့ပါ။ ကိုယ်လည်းတတ်နိုင်တဲ့ဘက်က ရသလောက်ကူညီပေးတဲ့သဘောပါပဲ။ ကြော်ငြာ Sponsor ရှင်များ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်”လို့ ပြည်ဟိန်းသီဟက ပြောထားပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟကတော့ ဟာသကား အရိုက်များတဲ့ ဒါရိုက်တာ တဦးဖြစ်ပြီး မကြာခင်မှာလည်း “ဟာသ ရန်ပွဲ” ဆိုတဲ့ အစီအစဉ်ကို အပတ်စဉ်၊ တနင်္ဂနွေနေ့တိုင်း ည ၇ နာရီမှာ အွန်လိုင်းကနေ ထုတ်လွှင့်သွားမှာဖြစ်ကာ အဆိုပါ အစီအစဉ်ကနေ လူရွှင်တော်များကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading