နာမည်ကြီး မော်ဒယ်တွေနဲ့ မင်းသား၊ မင်းသမီးတွေကို မွေးထုတ်ပေးခဲ့တဲ့ Star Event Production ရဲ့ပဲ့ကိုင်ရှင် ဂျွန်လွင်က သူ့ရဲ့တပည့်တွေကို မမောက်မာဖို့ အမြဲဆုံးမတယ်လို့ ဆိုပါတယ်။
“တပည့်တွေနဲ့က အမြဲတမ်း Facebook မှာ အဆက်အသွယ် ရှိတယ်။ အမြဲတမ်းလည်း ဆုံးမစကား ပြောတယ်။ မိုးဟေကိုတို့၊ အောင်ရဲလင်းတို့ကအစ မီဒီယာတွေနဲ့ တွေ့ရင် ချေတာတွေဘာတွေ မလုပ်နဲ့။ မီဒီယာဆိုတာ ကိုယ့်ရဲ့ပေါင်းကူးတံတားပေါ့။ ဟိုအရင် ကျနော်တို့တုန်းကဆို ဒီလို မီဒီယာတွေလည်း မရှိဘူးလေ။ မဂ္ဂဇင်းတွေက ဖော်ပြပေးမှာ ဖတ်ကြရတာလေ”
“အခုမှ Facebook ပေါ်လာတော့မှ ကိုယ်ပိုင်သတင်းစာ၊ ကိုယ်ပိုင်မီဒီယာလို ဖြစ်သွားပြီးတော့မှ ကျနော်တို့ တင်ချင်ရာတင်၊ ပြောချင်ရာ ပြောလို့ရတဲ့ ခေတ်ကြီး ဖြစ်လာတာလေ။ ဘယ်တော့မှ မမောက်မာနဲ့လို့ အမြဲတမ်း ဆုံးမတယ်” လို့ ဂျွန်လွင်က ပြောပါတယ်။
အနုပညာရှင်များရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က “မီဒီယာများ ကူးယူ ဖော်ပြခြင်းမပြု” ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
“တခါတလေကျတော့လည်း စတန့်ထွင်တာလည်း ပါတာပေါ့။ တခါတလေကျတော့လည်း သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို အများကို မသိစေချင်တာပေါ့။ ကျနော် စဉ်းစားကြည့်တာလေ။ ကိုယ့် Facebook မှာတောင် တင်ထားတဲ့ နောက်မှတော့ မီဒီယာမှာ ကူးယူဖော်ပြတော့လည်း ဘာမှတော့ ဖြစ်မသွားပါဘူး။ ရေးတာတော့ ဘယ်သူတွေ ရေးလည်းတော့ မသိပါဘူး” လို့ ဂျွန်လွင်က ပြောပါတယ်။
တပည့်ဖြစ်သူ ပိုင်တံခွန် နိုင်ငံတကာက ပရိသတ်များ ရရှိခဲ့ပြီး အောင်မြင်လာတာကြောင့် ဂုဏ်ယူမိပြီး သူ့ကိုလည်း နိုင်ငံတကာနဲ့ အလုပ်လုပ်တဲ့အခါမှာ စည်းစနစ်နဲ့လုပ်ဖို့ ပြောဖြစ်တယ်လို့ ဆိုပါတယ်။
“သူက နေ့ချင်းညချင်းတော့ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း ယိုးဒယားမှာ ပေါက်နေပြီ။ ဘုန်းကြီး ဝတ်ထားတဲ့ပုံနဲ့ ရေထဲမှာ ရိုက်ထားတဲ့ပုံက ကမ္ဘာမှာ တော်တော်ပေါက်သွားတဲ့ သဘောပေါ့။ အခုကျတော့ ပိုအောင်မြင်သွားတာပေါ့။ သူက ဟော့ဟော့ရမ်းရမ်းထဲက မပါဘူး။ ကလပ်တွေသွား ရန်ဖြစ် အဲ့လိုမျိုးတွေတော့ မရှိဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး “အခုက ဓာတ်ပုံအရ အောင်မြင်သွားတာပေါ့။ နောက်ပိုင်းအလုပ်တွေက လိုက်လာမယ်။ သူ့ကိုလည်း ပြောလိုက်သေးတယ်။ မင်းသွားတဲ့အခါကျရင် တကယ့်ကို ပရော်ဖက်ရှင်နယ်ဖြစ်တဲ့သူတွေနဲ့ သွားရမယ်။ ရတဲ့ပိုက်ဆံကိုလည်း တယောက်တည်း စားလို့မရဘူး။ နောက်ကနေ လိုက်လုပ်ပေးမယ့်သူတွေကိုလည်း ပံ့ပိုးပေးရမယ်။ ဒါမှလည်း ကိုယ့်အလုပ် လုပ်ပေးမှာလေ”
“Project K တုန်းကဆိုရင် စင်ပေါ်မှာ ဘုရားကြီးအရိပ်ပေါ် တက်ကလို့ကမှန်း မသိလိုက်ဘူး။ သူတို့ မသိတော့ အဆဲခံရတယ်။ အပြောခံရတယ်။ အဲ့တော့ အမြဲတမ်း ကိုယ့် Team နဲ့ကိုယ် သွားရမယ်။ စည်းစနစ်နဲ့တော့ သွားဖို့လိုတယ်။ အောင်မြင်မှုကိုရဖို့က ကြိုးစားရတယ်ဆိုတာ ခက်ခက်ခဲခဲနဲ့ ကျရှုံးဖို့ဆိုတာ နေ့တွင်းချင်း ဖျောက်ခနဲ ကျသွားနိုင်တယ်။ သူ့အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်” လို့ ဂျွန်လွင်က ပြောပါတယ်။
You may also like these story:
“အောင်ရဲလင်းနဲ့ မိုးဟေကိုက အောင်မြင်သွားလည်း မပြောင်းလဲဘူး”လို့ ဂျွန်လွင် ပြော