တင်ဆက်သူ မောင်မောင်အေးကတော့ Esports ကို မရင်းနှီးပေမယ့် လူငယ်ဘဝမှာ ဂိမ်းကစားတာကို အရူးအမူး ဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
“အွန်လိုင်းသုံးတာက ဆိုရှယ်မီဒီယာ သတင်းတွေ ဖတ်ဖို့ရယ်၊ နောက်ဖို့ ပြောဖို့လောက်ပဲ သုံးတာဆိုတော့ ဒီ Esports ကို လုံးဝ မရင်းနှီးဘူး။ သိလည်းမသိ၊ နားလည်း မလည်ဘူး။ အရင်က Mario တို့ လောက်ပဲ ဆော့ခဲ့တာဆိုတော့ နောက်ပိုင်း ဂိမ်းတွေ မဆော့ဖြစ်တော့ဘူး”
“ဂိမ်းကတော့ လူငယ်ဘဝမှာ အရူးအမူးကြိုက်ခဲ့တာပေါ့။ တီဗီဂိမ်းတော့ ကိုယ်တိုင်လည်း ငယ်ငယ်က အရူးအမူးဖြစ်ခဲ့ဖူးတော့ အခုခေတ် ကလေးတွေလည်း ဂိမ်းကစားတာ သူတို့ ဝါသနာပေါ့။ သူတို့ ဝါသနာကို ကိုယ်က လိုက်မမီတာပဲ ရှိတယ်။ အွန်လိုင်းမှာ အားလုံးက အားပေးကြလို့ ကြည့်တော့မှ လူငယ်တွေ ကမ္ဘာ့ပြိုင်ပွဲတောင် သွားပြိုင်နေကြတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
Esports ကို မသိပေမယ့်လည်း မြန်မာ့လူငယ်တွေ ကမ္ဘာ့အဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်နေတာ သိရတော့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“အဲ့ဒါကို ဆော့တဲ့ ကလေးတွေကို စပ်စုကြည့်တော့မှ ဒါကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး။ အဲ့ဆော့တဲ့ ကလေးတွေထဲမှာ ဆေးကျောင်းက ကလေးတွေလည်း ပါတယ်။ တခြားပညာတတ်လေးတွေလည်း ပါတယ်။ သူတို့ တော်တော်လည်း ကြိုးစားတဲ့အပြင် IQ လည်း တော်တော်မြင့်ရမယ်။ Team work ကောင်းရမယ်ပေါ့။ Esports ကို မသိပေမယ့် အခုလို အဆင့်ရောက်တာ တော်တော်ဂုဏ်ယူရတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
စင်ကာပူမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်း Burmese Ghouls အနေနဲ့ “MLBB” ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ 1st Runner Up ဆုရခဲ့တဲ့အပေါ်လည်း အခုလိုပဲ ဆိုပါတယ်။
“1st Runner up ရတယ်ဆိုတာလည်း နည်းနည်းနောနော အရည်အချင်းမှ မဟုတ်တာ။ ဒီလောက်အဆင့် ရောက်တာ ဒီလူငယ်တွေကို အားပေးတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့က အဘက်ဘက်က အားနည်းနေသေးတယ်။ ဘယ်နေရာမှ မပြည့်စုံသေးတော့ ကိုယ့်ဝမ်းကိုယ်သာ သိဆိုပေါ့။ အခြားသော အားကစားတွေကိုလည်း မထောက်ပံ့နိုင်သေးဘူး။ ရေကူးကြည့်မလား။ ဘောလုံးကြည့်မလား။ အခုလိုယှဉ်ပြိုင်တာကို နိုင်ငံတော်ကြီးက ပံ့ပိုးတာတော့ လိုအပ်တာပေါ့”လို့ မောင်မောင်အေးက ပြောပါတယ်။
နိုင်ငံတော်က ထိထိရောက်ရောက် မပံ့ပိုးပေးနိုင်ချိန်မှာ ပြည်သူတွေ ဘက်က တတ်နိုင်သလောက် ဝိုင်းဝန်းရံပေးနေကြတဲ့အပေါ်လည်း အခုလိုပဲ ပြောပါတယ်။
“မပံပိုးနိုင်တဲ့ အချိန်မှာလည်း ကိုယ့်ပတ်ဝန်းကျင်လေးနဲ့ နိုင်သလောက်လေး ထောက်ပံ့နေကြတာလည်း ကောင်းပါတယ်ပေါ့။ မပံ့ပိုးရကောင်းမလား ဆိုတော့ စိတ်မကောင်းဖြစ်နေရင် လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ ဘာအကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုတာ အတူတကွ ရုန်းကြမယ်။ အမေစု ပြောသလို ပြည်သူနဲ့အတူ သွားကြမယ်ပေါ့။ ကျနော်တို့ကတော့ သူတို့တွေကို အများကြီး လက်ခုပ်တီးပါတယ်”လို့ မောင်မောင်အေး ကပြောပါတယ်။
အစီအစဉ် တင်ဆက်သူ မောင်မောင်အေးကတော့ ကိုဗစ်ကာလမှာ We Love Yangon အဖွဲ့နဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ကိုင်နေပြီး၊ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ကာလမှာလည်း NLD အောင်နိုင်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
You may also like these stories:
MLBB ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls ဒုတိယ ရရှိ
“ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူး”လို့ မောင်မောင်အေး ဆို
မဲပေးမယ့်သူတွေ တည်တည်ငြိမ်ငြိမ် အာရုံစိုက်ကြဖို့ မောင်မောင်အေး ပြော