အာဏာသိမ်း စစ်ကောင်စီမှ မတရားသဖြင့် ဖမ်းဆီးသွားသော၊ ဖမ်းဝရမ်း ထုတ်ခံထားရသော အနုပညာရှင်များအား အမြန်ဆုံး လွှတ်ပေးဖို့အတွက် အနုပညာ အဖွဲ့အစည်းများက ဒီကနေ့မှာ ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။
“နိုင်ငံ၏ ဒီမိုကရေစီ စံနှုန်းများအရ နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ချက် သဘောထားများကို ကျင့်သုံးပိုင်ခွင့် ရှိသည့်အပြင် လွတ်လပ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်လည်း အပြည့်အဝ ရှိပါသည်။ သို့သော် မိမိ ယုံကြည်ချက်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အနုပညာရှင်များကို ဆက်တိုက် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ဖိအားပေး ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်” လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဥပဒေနဲ့ ညီညွတ်မှု မရှိဘဲ တပ်မတော်မှ လွှဲပြောင်းရယူခဲ့တဲ့အချိန်မှ စတင်ကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ ပုဂ္ဂိုလ်များထဲမှာ စာရေးဆရာ၊ အနုပညာရှင်များဖြစ်ကြတဲ့ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွားတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးသွားခဲ့တဲ့ သရုပ်ဆောင် လူမင်း၊ တေးထုတ်လုပ်သူ ဦးကြည်ဝင်း၊ ထုတ်ဝေသူ ဒေါက်တာ သန့်သော်ကောင်းနဲ့ ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားသော ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အဆိုတော် အနဂ္ဂ၊ တင်ဆက်သူ မောင်မောင်အေးနဲ့ ပန်ဆယ်လိုတို့ကိုလည်း ပြန်လည် ရုတ်သိမ်းပေးဖို့အတွက် တိုက်တွန်း တောင်းဆိုထားပါတယ်။

“စောဖိုးခွား (Reggae) သည် One Love Music Band (Myanmar) ၏ တည်ထောင်သူ ငြိမ်းချမ်းရေးသီချင်းသည်သာ ဖြစ်သည်။ သမ္မတကြီးနှင့်တကွ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ ဖမ်းဆီးခံရသော ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် စောဖိုးခွားလည်းအတူ ဖမ်းဆီးခံခဲ့ရပြီး အခုထိ ဘာသတင်းမှ မကြားသိရသေးပါ”
“စောဖိုးခွားကို ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာကို အနိုင်အထက်ပြုခြင်း ဖြစ်သဖြင့် ရှုတ်ချပါသည်။ ထို့ကြောင့် စောဖိုခွား(Reggae) ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုပါသည်”လို့ ဂီတအသိုင်းအဝိုင်းက တောင်းဆိုထားပါတယ်။

ရုပ်ရှင်အသိုင်းအဝိုင်းမှလည်း “သရုပ်ဆောင် လူမင်းနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့အား ဖမ်းဆီး ထိန်းသိမ်းထားခြင်းကို ကန့်ကွက်ပါသည်။ ခြွင်းချက်မရှိ ပြန်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်” လို့ တောင်းဆိုထားပါတယ်။
အနုပညာအဖွဲ့အစည်းများရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ အနုပညာရှင်များကို ဥပဒေနဲ့ မညီညွတ်စွာ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်းစတဲ့ လုပ်ရပ်များအား ကန့်ကွက်၍ ဖမ်းဆီးထားသူ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နဲ့ ဖမ်းဝရမ်း ထုတ်ထားသူများအား ပြန်လည် ရုတ်သိမ်းပေးပါရန် တိုက်တွန်း တောင်းဆိုထားပါတယ်။
အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာကတော့ အနုပညာ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရုပ်ရှင်လောကသားများ၊ သဘင်ပညာရှင်များ၊ ဂီတအနုပညာရှင်များ(ငါတို့ဂီတ)၊ စာရေးဆရာများသမဂ္ဂ ၊ ကဗျာဆရာများသမဂ္ဂ၊ PEN Myanmar၊ လွတ်လပ်သော စာပေအနုပညာတပ်ဦး၊ မြန်မာခေတ်ပြိုင် အနုပညာရှင်များအသင်း၊ ပန်းချီပန်းပု အနုပညာရှင်များအဖွဲ့နဲ့ လူရွှင်တော်များသမဂ္ဂတို့ပဲ ဖြစ်ပါတယ်။
You may also like these stories:
သံပုံးတီးတဲ့သူများအား သေနတ်ပြ ခြိမ်းခြောက်သူကို ပြန်တုံ့ပြန်ခဲ့တဲ့ မင်းမော်ကွန်း
“ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”
“CDM Heroes တွေရဲ့ ကျေးဇူးကြွေးတွေ တင်နေပါပြီ”လို့ ပိုင်ဖြိုးသု ပြော