စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူများဟာ ည ၈ နာရီထိုးတိုင်း မိမိတို့ရဲ့နေအိမ်တွေမှာ သံပုံးတီးကြပါတယ်။ ဒီလို သံပုံးတီးပြည်သူများကို လူမှုကွန်ရက် စာမျက်နှာကတဆင့် သေနတ်များ ပြကာ ခြိမ်းခြောက်ခဲ့တဲ့ စစ်သားတယောက်ကို သရုပ်ဆောင် မင်းမော်ကွန်းက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
“ကိုစစ် ကိုစစ်ဆိုတဲ့ အကောင့်ပိုင်ရှင်ရေ ခင်ဗျား ဘာရာထူးလဲဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ခင်ဗျား သေနတ်ထဲမှာ ကျည်ဆံ ဘယ်လောက်ပါလဲ။ ခင်ဗျားတို့မှာ လက်နက်ရှိသလို လက်နက်အားကိုးသလို၊ ကျနော်တို့မှာလည်း လက်နက် ရှိပါတယ်”
“အဲဒါဘာလဲဆိုရင် ကျနော်တို့ ရင်ထဲက မေတ္တာတရား၊ စိပ်ပုတီး ၁၀၈ လုံး ရှိတယ်။ ကျနော်တို့ နေ့တိုင်း ပုတီးစိပ်တယ်။ ခင်ဗျားကိုလည်း မေတ္တာပို့ပေးပါတယ်။ ပြည်သူတွေကို အဲ့လို လက်နက်ပြပြီး ခြိမ်းခြောက်ရတာ ပျော်ရွှင်ပါစေလို့ မေတ္တာပို့ပေးပါတယ်” လို့ မင်းမော်ကွန်းက ပြောပါတယ်။
မတရား အနိုင်ကျင့်ခံရတာကြောင့် အိမ်ကနေ သံပုံးတီးနေကြတဲ့ ပြည်သူတွေကို ပစ်သတ်မယ်ဆိုတဲ့ သတင်းကြားရတာ စိတ်မကောင်းပေမယ့် ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးတယ်လို့ ဆိုပါတယ်။
“မတရား အနိုင်ကျင့်ခံရလို့ အိမ်ထဲကနေ သံပုံးတီးနေတဲ့ ပြည်သူတွေကို ပစ်သတ်မယ်ဆိုတဲ့ သတင်းကြားရတာ စိတ်တော့ မကောင်းပေမယ့် ခင်ဗျား ပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးပါတယ်။ တကယ်ပါ။ ရင်ထဲ အသည်းထဲကနေ ဆုတောင်းပေးပါတယ်။ အဲ့လို လုပ်လိုက်ပြီးတော့ ခင်ဗျားတကယ် ပျော်ရွှင်နေပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်” လို့ မင်းမော်ကွန်းက ပြောပါတယ်။
ဆက်လက်ပြီး “နောက်ပြီးတော့ ခင်ဗျားမှာ သားသမီးတွေ မရှိရင်တောင် ညီ၊ ညီမတွေ၊ တူ၊ တူမလေးတွေ ရှိကြမှာပေါ့။ သားသမီးတွေလည်း ရှိချင်ရှိမှာပေါ့။ အဲ့လိုလူတွေက ခင်ဗျားရဲ့လုပ်ရပ်တွေအတွက် တသက်လုံး ဂုဏ်ယူနေပါစေလို့ ကျနော် မေတ္တာပို့ပေးပါတယ်။ ကျန်းမာချမ်းသာပါစေ ခင်ဗျာ” လို့ ပြောပါတယ်။
မင်းမော်ကွန်းဟာ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ခြိမ်းခြောက်မှုများစွာ ရှိတဲ့ထဲမှာမှ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒီလိုလှုပ်ရှားမှုများမှာ ပါဝင်တဲ့အတွက် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ အနုပညာရှင်များလည်း အခုချိန်ထိ လွတ်မြောက်ခြင်း မရှိသေးပါ။
You may also like these stories:
“ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”
“CDM Heroes တွေရဲ့ ကျေးဇူးကြွေးတွေ တင်နေပါပြီ”လို့ ပိုင်ဖြိုးသု ပြော
“ကျမတို့က မျိုးမပွားနိုင်ပေမယ့် နောက်မျိုးဆက်တွေအတွက် လမ်းပေါ်ထွက်ရတာပါ”