အစားအသောက် ရီဗျူးများကို အမြဲတမ်း ပြောပြ ညွှန်းဆိုပေးလျက်ရှိတဲ့ အဆိုတော် ဟိဏ်းသစ်ကတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံဟာ အခက်အခဲများနဲ့ ကြုံတွေ့အောင် ပြုလုပ်နေတာကြောင့် တရုတ်ပြည်မှ တင်သွင်းတဲ့ အစားအစာများကို Boycott (သပိတ်မှောက်ခြင်း) လုပ်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
“ကျနော် Page က ကျနော့်လိုပဲ အစားသမားတွေအပြင် အိမ်ရှင်မတွေ၊ မိခင်တွေ အများအပြားရှိတာကို တွေ့ရပါတယ်။ အခုလိုချိန်မှာ အိမ်မှာနေရင်းနဲ့ပဲဖြစ်ဖြစ်၊ နောက်ပိုင်းအချိန်မှာပဲဖြစ်ဖြစ် ကျနော်တို့ပြည်သူတွေကို ဒုက္ခပေးတဲ့ တရုတ်ပြည်မကြီးက ထုတ်ကုန်ပစ္စည်းတွေကို ရှောင်ကြဉ်ကြဖို့ အကြံပေးတိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးအတွက်လည်း ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် လုံးဝ စားသုံးရန်မသင့်တော်ကြောင်း အကြံပေးပါရစေ” လို့ ဟိဏ်းသစ်က ပြောပါတယ်။
တရုတ်ပြည်ကနေ တင်သွင်း ရောင်းချနေတာတွေဟာ အစားအသောက်တင်မကဘဲ အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းများပါ ပါရှိပြီး ကုန်ကျစရိတ်နည်းနည်း အမြတ်များများနဲ့ ရောင်းချတာတွေဖြစ်တဲ့အတွက် တခြားအသုံးအဆောင်ထက် အစားအသောက်များ စားသောက်နေခြင်းဟာ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ပြောထားပါတယ်။
“တရုတ်နိုင်ငံက အစားအသောက် တင်သွင်းရောင်းချရာမှာ အရမ်းဆရာကျပြီးတော့ အဝတ်အစားတွေကအစ ဖုန်းတွေ လူ့အသုံးအဆောင် ပစ္စည်းတွေကို သုံးစွဲတာဟာ ကိစ္စ မရှိပေမယ့် ကျနော်တို့စားသောက်တဲ့ အစားအစာတွေ သူတို့ဘက်က ကုန်ကျစရိတ် နည်းနည်းနဲ့ အမြတ်များများ ရအောင်လို့ ဓာတုပစ္စည်းတွေ ထည့်လိုက်ပြီး အစားအသောက်ကို စားပြီးလိုက်တဲ့အချိန်မှာ ကျန်းမာရေးကို ဆိုးရွားစွာ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်နိုင်တဲ့ အစားအသောက်တွေ အများကြီးရှိပါတယ်” လို့ ဟိဏ်းသစ်က ပြောပါတယ်။
တရုတ်ပြည်မှာသာမက တခြားနိုင်ငံများကို တင်သွင်း ရောင်းချနေတဲ့ အစားအသောက် အမျိုးအစား ၂၀ ကို ရှာဖွေထားကြောင်း ပြောပြခဲ့ပါတယ်။
“တရုတ်ပြည်ကနေ မြန်မာနိုင်ငံကိုသာမက တခြားနိုင်ငံတွေကိုပါ တင်သွင်း ရောင်းချနေတဲ့အစားအသောက် အခု တွေ့ရှိထားသလောက်ဆိုရင် ၂၀ ကျော်ရှိပါတယ်။ ဒါ့အပြင်ကို မြန်မာနိုင်ငံမှာ ဘာကို အများဆုံးတွေ့ရလဲဆိုရင် အသီးအနှံတွေပါ။ အခု လတ်တလောမှာဆိုရင် အများဆုံး စားနေကြတဲ့ ပန်းသီးတွေ၊ ပျားလိမ္မော်တွေ ဖြစ်ပါတယ်။ နောက်ပြီး အစေ့ မပါတဲ့ စပျစ်သီးတွေပါ။ အဲဒါတွေက တရုတ်ပြည်က တင်သွင်း ရောင်းချနေတာ ဖြစ်ပါတယ်”လို့ ဟိဏ်းသစ်က ပြောပါတယ်။
Boycott လုပ်မယ့်ထဲမှာ တရုတ်ပြည်မကြီးမှ တင်သွင်းတဲ့ပစ္စည်းများသာဖြစ်ပြီး မြန်မာပြည်ဖွား တရုတ်လူမျိုးများနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။
“တရုတ်ပြည်က ပစ္စည်းတွေကို မစားသုံးခြင်းအားဖြင့် တရုတ်ပြည်အတွက် တဖက်တလမ်းကနေ ကူညီရာလည်း ရောက်ပါတယ်။ Page မှာ ရှိနေတဲ့သူတွေက ကျနော့်လိုပဲ အစားသမားတွေဖြစ်တဲ့အပြင်ကို အိမ်ရှင်မတွေလည်း အများကြီးဖြစ်တဲ့အတွက် အိမ်ရှင်မ တဦးတယောက်ချင်းစီက မသုံးစွဲခြင်းအားဖြင့် တရုတ်ပြည်မကြီးကို Boycott လုပ်တာနဲ့ တူတူပါပဲ။ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေနဲ့တော့ မဆိုင်တဲ့အကြောင်းကို ပြောထားချင်ပါတယ်”လို့ ဟိဏ်းသစ်က ပြောပါတယ်။
ဟိဏ်းသစ် ပြောပြခဲ့တဲ့ တရုတ်နိုင်ငံမှ တင်သွင်းရောင်းချတဲ့ မစားသုံးသင့်တဲ့ အစားအသောက်များကတော့ ဆန်၊ ကြက်သွန်ဖြူ၊ ဆား၊ ဇလားဗီးယားငါး၊ မွေးမြူရေးကြက်၊ အသင့်ဖျော် ပန်းသီးဖျော်ရည်၊ ငါးကြီးဆီ၊ ပဲသီးအစိမ်း၊ မှို၊ ပြောင်းဖူး၊ ကြက်ဥ၊ ဘဲဥအတု၊ သိုးသား၊ ဝိုင်၊ တရုတ်လက်ဖက်ခြောက်၊ ဆန်ခေါက်ဆွဲ၊ ဝက်သား၊ နို့ထွက်ပစ္စည်းများ၊ ဂေါ်ဖီထုပ်၊ ငရုတ်ကောင်းအမဲ၊ ဆီ၊ တို့ဟူး အစရှိတာတွေပဲ ဖြစ်ပါတယ်။
အဆိုတော် ဟိဏ်းသစ်ဟာ သူ့ရဲ့ကိုယ်ပိုင် Page မှာ “Mukbang Burmese Food Eating Show” ပြုလုပ်နေသူတဦး ဖြစ်ပါတယ်။
You may also like these stories:
“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော
“ပြည်သူချင်း စည်းလုံးမှု၊ မေတ္တာတရားနဲ့ တိုက်လာခဲ့တာ အရာထင်နေပါပြီ”
“ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး”လို့ ပိုင်ဖြိုးသု ဆို