Food

နှစ်သစ်ကူးညမှာ မဖြစ်မနေ စားကြတဲ့ ကံကောင်းစေမယ့် အစားအစာများ

Want create site? Find Free WordPress Themes and plugins.

နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူးပြောင်းတော့မယ့်အချိန် ရောက်လာပြန်ပါပြီ။ စိတ်သစ်၊ လူသစ်၊ စိတ်ကူးသစ်တွေနဲ့ နှစ်သစ်ချိန်မှာ ကံကောင်းစေမယ့် အယူအဆတွေ လူမျိုးတိုင်းမှာ ကိုယ်စီ ရှိကြပါတယ်။ အဲဒီထဲကမှ နှစ်သစ်မှာ ကံကောင်းခြင်းတွေ၊ ပေါကြွယ်ဝမှု၊ တိုးတက်အောင်မြင်မှုတွေ ရရှိအောင် ဆောင်ကြဉ်းပေမယ့် အစားအစာတွေကို နှစ်သစ်ကူးညမှာ စားသောက်လေ့ ရှိကြပါတယ်။

ဝက်သား

ဝက်သားဆိုတာ တိုးတက်မှုကို ကိုယ်စားပြုပါတယ်။ ကမ္ဘာအရပ်ရပ်က နှစ်ကူးတွေဆို နှစ်အစမှာ အစစအရာ ရာတိုးတက်စေချင်ရင် ဝက်သားဟင်းကို မပါမဖြစ် ထည့်လေ့ ရှိကြပါတယ်။ ဝက်ရဲ့ နှုတ်သီးက ရှည်ထွက်ပြီးရှေ့ကို ရှေးရှုနေတာမို့ တိုးတက်တဲ့ လက္ခဏာအဖြစ် သတ်မှတ်ကာ နှစ်သစ်ကူးချိန်မှာ ကံကောင်းအောင် ဝက်သားကို စားလေ့ ရှိကြတာပါ။

စပျစ်သီး

စပိန်နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ နှစ်သစ်ကူး ညသန်းခေါင်အချိန် ကံကောင်းမှုတွေ ယူဆောင်လာအောင် စပျစ်သီး ၁၂ လုံးစားတဲ့ ဓလေ့ ရှိပါတယ်။ နေ့စဉ် ၁၂ နာရီ တနှစ်တာ ၁၂ လပတ်လုံး ကံကောင်းမှုတွေနဲ့ ဖြတ်သန်းနိုင်အောင် ရည်ရွယ်ပါတယ်။ ဒါကြောင့် ဒီနှစ် နှစ်သစ်ကူးညမှာ စပျစ်သီးနဲ့ သက်ဆိုင်တာမျိုး ထည့်စားကြဖို့ မမေ့ပါနဲ့နော်။

သလဲသီး

သလဲသီးကတော့ ဖွံ့ဖြိုးမှုကို ရည်ရွယ်ပါတယ်။ ရှေးခေတ် ဂရိလူမျိုးတွေက ကြွယ်ဝတိုးတက်စေအောင် သလဲသီးတွေကို အိမ်ကြမ်းပြင်ပေါ် နှစ်သစ်ကူးချိန်မှာ ပစ်ပေါက်လေ့ ရှိကြပါတယ်။ အခုခေတ်မှာ ဒီလိုအလေ့ထ မရှိတော့ပေမယ့် နှစ်သစ်ကူးချိန်မှာ သလဲသီးကို အစေ့ထုတ်ပြီး အချိုပွဲပြင်ဆင် စားသောက်ကြပါတယ်။

ငါး

ပင်လယ်သမုဒ္ဒရာထဲမှာ အများဆုံးက ငါး အရေအတွက်ပါပဲ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အထူးသဖြင့် အာရှသားတွေက ငါးတွေကို ပေါများကြွယ်ဝမှုလို့ အဓိပ္ပာယ် ယူဆကြပြီး ရိုးရာနှစ်သစ်ကူး ပွဲတော်တွေမှာ ငါးဟင်းကို မပါဖြစ် ထည့်ချက်လေ့ ရှိကြပါတယ်။ အနောက်တိုင်းသားတွေကလည်း ဒီအယူအတိုင်း နှစ်သစ် ညစာစားပွဲတွေမှာ ငါးဟင်းကို ထည့်သွင်းလာကြပါတယ်။

ခေါက်ဆွဲနဲ့ ထမင်း

မပြတ်ထွက်ပဲနဲ့ တတ်နိုင်သမျှ အရှည်အတိုင်း ချက်ပြုတ်ပြင်ဆင်ထားတဲ့ ခေါက်ဆွဲကို စားပေးရင် ကျန်းမာပြီး အသက်ရာကျော်ရှည်တယ်ဆိုတဲ့ အယူအဆနဲ့ နှစ်သစ်ကူးမှာ စားသောက်ကြတာပါ။ စားတဲ့အခါမှာလည်း မဖြတ်ပစ်ဘဲ အရှည်အတိုင်း စားရပါတယ်။ ထမင်းကတော့ ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုပါတယ်။

ကိတ်မုန့်

ဒိုးနတ်လို အကွင်းဝိုင်းပုံစံ ကိတ်မုန့်တွေကို နှစ်သစ်ကူးညမှာစားရင် အဆုံးမရှိ ကံကောင်းမှုတွေ ရစေတယ်ဆိုတဲ့ အယူအဆနဲ့ စားကြတာပါ။ ဒီထဲကမှ တချို့ဒေသတွေမှာ ကိတ်မုန့်ထဲ ငွေဒင်္ဂါးပြား ထည့်ထားလေ့ရှိပြီး စားမိတဲ့သူက ကံကောင်းမှုတွေ ထပ်ဆင့် ပိုရစေတယ်လို့ အယူ ရှိကြပြန်ပါတယ်။

Ref: Allrecipes

Did you find apk for android? You can find new Free Android Games and apps.
Loading