သရုပ်ဆောင် မင်းအုပ်စိုးအား ကြိုးဝိုင်းထဲမှာ တဦးချင်း ယှဉ်ပြိုင်ထိုးသတ် ကစားဖို့ မော်ဒယ် Hu Go က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ စိန်ခေါ်လိုက်ပါတယ်။
“ဦးမင်းအုပ်စိုးအား စိန်ခေါ်ခြင်း၊ ကျနော် တနှစ်တခါ ဝါသနာတူ ညီအစ်ကိုတွေနဲ့ စင်ပေါ်စိန်ခေါ်ပြီး သတ်ပုတ်တမ်း ကစားပါတယ်။ ဒီနှစ်က စပြီး အလုပ်ကိစ္စတွေကြောင့် မထိုးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်လည်း အသစ်ပေါ်လာတဲ့ ထောင်ထွက် လူမိုက်ကြီး ဦးမင်းအုပ်စိုးကို စိတ်ဝင်စားလို့ ဒီကနေ စိန်ခေါ်လိုက်ပါတယ်ခင်ဗျာ”လို့ မော်ဒယ် Hu Go က ဆိုပါတယ်။
မင်းအုပ်စိုးကို MMA Rule နဲ့ စိန်ခေါ်လိုက်တာဖြစ်ပြီး ဝိတ်နဲ့ အသက်အရွယ်အရ သရေအရှုံး အကြောပေးတယ်လို့လည်း Hu Go က ဆိုပါတယ်။
“MMA Rule နဲ့ စိန်ခေါ်တာဖြစ်ပြီး ဝိတ်နဲ့ အသက်အရွယ်အရ သရေအရှုံး အကြောပေးပါတယ်။ ကျနော်ကတော့ ကျနော့် ကြိုးဝိုင်းထဲမှာပဲ 1 By 1 လူမိုက်လုပ်တယ်။ ခင်ဗျားက လူမိုက်ဆိုတော့ ကစားချင်လို့ပါ။ အကယ်လို့ လူကြီးမင်းဘက်က လက်ခံရင် BSB (Burmese Street Boxing) ကို စာရင်းပေးသွင်းပြီး လာမယ့် BSB Batch 3 မှာ ကျနော်နဲ့ ကစားနိုင်ပါတယ်”လို့ Hu Go က ပြောပါတယ်။
အခုလို စိန်ခေါ်တာဟာ အားကစား စိတ်ဓာတ်ဖြင့် စိန်ခေါ်လိုက်တာဖြစ်ပြီး မင်းအုပ်စိုးအနေနဲ့ ကိုယ့်မြေးအရွယ်၊ သားအရွယ်ကို ကြောက်တတ်လိုက်တာလို့ တသက်လုံး အပြောခံမယ် မထင်ဘူးလို့ Hu Go က ဆိုပါတယ်။
“ဖမ်းခံစရာ ဘာအကြောင်းမှ မရှိပါ။ လူလူချင်း အားကစားစိတ်ဓာတ်နဲ့ စိန်ခေါ်တာကို ဖမ်းတာနဲ့ ကိုယ့် မြေးအရွယ်၊ သားအရွယ်ကို ကြောက်တတ်လိုက်တာဆိုပြီး တသက်လုံး အပြောခံမယ်လို့တော့ မထင်။ လူမိုက်ပဲ နည်းနည်းတော့ သိက္ခာ ရှိရမှာပေါ့”
“စောင့်ကြည့်နေတာ ကြာပြီ။ လက်ဝှေ့လောကက အစ်ကိုတွေ စိန်မခေါ်လို့ ကျနော်ပဲ အပြင်းပြေ စိန်ခေါ်လိုက်တာပါ။ ကျနော် လူမိုက်လို့ ပြောတဲ့သူတိုင်းနဲ့ စင်ပေါ်တက်နေကျပါ။ ပွဲပြီးရင် သူ့တို့ကိုယ်တိုင်ပဲ လေးလေးစားစား ဆုပေးတာ။ ကျနော့်ကို တခုမှ မရှုံးဖူးဘူး။ အခုလည်း အဲ့သဘောပါပဲ”လို့ Hu Go က ပြောပါတယ်။
ဆက်ပြီး “ကျနော်ကတော့ လူမိုက် မဟုတ်ဘူး။ အပြင်မှာ အေးဆေးနေတတ်တာ ကျနော့်ကို မြင်ဖူးသူတိုင်း သိမှာပါနော်။ အစ်ကိုတို့၊ အစ်မတို့ရေ ဒါရန်ဖြစ်နေတာ မဟုတ်ပါဘူး။ ရန်ဖြစ်လို့လည်း မရပါဘူး။ အားကစား စိတ်ဓာတ်နဲ့ ကစားချင်တာပါ။ သူ့ကိုလည်း မဆဲပါနဲ့။ သူဘယ်သူ ဆိုတာတောင် ကျနော် မသိဘူး။ လူမိုက်ဆိုလို့ ကစားချင်တာပါ။ အတွေ့အကြုံ ဖလှယ်ချင်တာပါ”လို့ Hu Go က ပြောထားပါတယ်။
မော်ဒယ် Hu Go ရဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ မင်းအုပ်စိုးဘက်က တစုံတရာ ပြန်လည် တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
You may also like these stories:
မေဦးမောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်လွဲနေမှုကို ရှင်းပြခဲ့တဲ့ မေဦး
ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်
ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် သွားရောက် လှူဒါန်းမယ့် မီးနို