Burmese Street Boxing က စီစဉ်ပြုလုပ်မယ့် ကိုဗစ် ကာကွယ်ဆေး ဝယ်ရန် ဘတ်ဂျက် တိုးပွားစေဖို့ ရည်ရွယ်တဲ့ Celebrity Boxing Exhibition (ဘောက်ဆင် သရုပ်ပြပွဲ) မှာ အဆိုတော် နိုဗန်ထူးနဲ့ အတူတူ လက်ဝှေ့ထိုးဖို့ ရည်ရွယ်ခဲ့တဲ့ အဆိုတော် မိုးမိုးကတော့ ယခင်အငြိမ့်ကတုန်းက ဒူးဒဏ်ရာ ပြန်ထိခိုက်ခဲ့တာကြောင့် မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။
“အငြိမ့်ကတုန်းက ဒူးဆစ်ကြီး ပြုတ်ဖူးတယ်။ Training မရှိတဲ့ ရက်မှာ အပြင်က ပြန်အလာ ကားပေါ်ကအဆင်းမှာ မတော်တဆ ဒူးဆစ် ပြန်လည်သွားတယ်။ ဆရာဝန်ကလည်း မထိုးစေချင်ဘူး။ အမျိုးသမီးကလည်း ပြောနေတော့ မထိုးဖြစ်တော့တာပေါ့။ ဒဏ်ရာက တပတ်လောက် နေရင်တော့ သက်သာလောက်တယ်။ အခုလည်း လမ်းတော့ လျှောက်နိုင်တယ်။ ဒါပေမဲ့ လက်ဝှေ့ထိုးတယ်ဆိုတာ ခုန်ဆွခုန်ဆွ လုပ်ရတယ်။ အဲ့လိုလုပ်လို့ မရဘူး။ နာနေတာ။ အမှန်တော့ အရမ်းထိုးချင်နေတာ” လို့ မိုးမိုးက ပြောပါတယ်။
ဝိတ်တက်လာတာကြောင့်လည်း ဒူးဒဏ်ရာက ပိုဆိုးတာဖြစ်ပြီး ဝိတ်နည်းနည်း လျှော့ဖို့ ဆရာဝန်က ပြောတယ်လို့ သိရပါတယ်။
“ဆရာဝန် ပြောတာတော့ အရင်က ဝိတ်လည်း ဒီလောက် မရှိတော့ ဒူးက အဲ့လောက် မဖြစ်ဘူးပေါ့။ အခုက ဝိတ်လည်း နည်းနည်းများလာတော့ ဝိတ်လည်း နည်းနည်း လျှော့ရမယ်လို့ ပြောတယ်” လို့ မိုးမိုးက ပြောပါတယ်။
မိုးမိုး မပါဝင်ဖြစ်တော့တာကြောင့် နိုဗန်ထူးအနေနဲ့ အဆိုတော် SZ နဲ့တွဲဖက် ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။
“နိုဗန်က အခု SZ နဲ့ ထိုးရတော့မှာပေါ့။ SZ ကသူ့ထက် ခေါင်းတလုံးလောက် မြင့်တယ်။ နိုဗန်လို့ မင်းကတော့ ငါလုပ်လိုက်တာ ပွဲကျပ်ပြီလို့ ပြောဖြစ်သေးတယ်။ ပွဲက ပျော်စရာကောင်းမှာ။ သွားကြည့်ဦးမယ်။ မိုးအောင်ရင်နဲ့ J Fire ဆို အမိုက်စားနော်။ J Fire က ဗိုက်ကို လက်ထိုးနဲ့ အထိုးခံနေတာ တွေ့တယ်”
“သင်ဇာဝင့်ကျော် မောင်နဲ့ ရဲနောင်လည်း မိုက်မယ်။ ထူးခြားတို့ အတွဲလည်း ကောင်းမယ်။ ကျနော်နဲ့ နိုဗန်ထိုးရင် ရယ်နေရမှာ။ SZ နဲ့ကျတော့ ခပ်တည်တည် ဖြစ်သွားတာပေါ့။ လက်ဝှေ့ထိုးမယ် ပြောတော့ အားလုံးက ရယ်ကြတယ်” လို့ မိုးမိုးက ပြောပါတယ်။
Burmese Street Boxing မှာ သရုပ်ပြ ထိုးသတ်မယ့် အတွဲအဖက်များကတော့ ထူးခြားနဲ့ မျိုးသက်ပိုင်၊ နိုဗန်ထူးနဲ့ SZ ၊ မိုးအောင်ရင်နဲ့ J Fire ၊ ရဲနောင်နဲ့ ညီဆက်ကျော်၊ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ ဖြစ်ပြီး ဖေဖော်ဝါရီလ ပထမပတ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
You may also like these story:
ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေအတွက် အနုပညာရှင်များ ပါဝင်မယ့် ဘောက်ဆင် သရုပ်ပြပွဲ