အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်က လန်ဒန်မှာ Home Quarantine ၁၀ ရက် ဝင်ပြီးနောက် မကြာခင် သူ့ရဲ့ ဒုတိယပန်းတိုင် တခုဆီ လျှောက်ဖို့ ကြိုးစားရတော့မယ်လို့ ဆိုပါတယ်။
“သူဇာ လန်ဒန်မှာ Home Quarantine ၁၀ ရက် ဝင်ပြီးပါပြီ။ မကြာခင် သူဇာ့ရဲ့ ဒုတိယပန်းတိုင် တခုဆီကို လျှောက်ဖို့ ကြိုးစားရပါတော့မယ်”
“လောလောဆယ် လန်ဒန်မှာရှိတဲ့ M±P Modeling Agency နဲ့ တနှစ်စာချုပ် ချုပ်ဆိုပြီး သူဇာ ဝါသနာပါတဲ့ Modeling လုပ်ငန်းတွေ လုပ်ကိုင်သွားဖို့ ရှိပါတယ်။ ပြည်ပ အေဂျင်စီတွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်တာ မှန်သမျှ ကူညီပေးခဲ့တဲ့ Beauty Thet Thet Thinn ကို ကျေးဇူးအများကြီး တင်ပါတယ်”
“သူဇာ့ကို Miss Universe ပွဲကြီးပြီးကတည်းက US မှာရှိခဲ့စဉ် ကာလအတွင်း အစစအရာရာ လိုလေသေးမရှိအောင် ကူညီဖေးမ ပေးခဲ့ကြတဲ့ US ရောက် မြန်မာနိုင်ငံသားများ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”လို့ သူဇာဝင့်လွင်က ပြောပါတယ်။
Miss Universe ပွဲကြီး ပြီးခါစမှာ ဘာဆက်လုပ်ရမှန်းမသိ စိတ်အားငယ်မိပေမယ့် အားလုံးက မိသားစုလို စောင့်ရှောက်ပေးခဲ့တာကြောင့် အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။
“ပွဲပြီးခါစက တယောက်တည်း ဘာဆက်လုပ်ရမှန်းမသိ စိတ်အားငယ်မိပေမယ့် အားလုံးက ကိုယ့်မိသားစုအရင်း တယောက်လို နွေးနွေးထွေးထွေး စောင့်ရှောက်ပေးခဲ့တာတွေကြောင့် အဆင်ပြေ ချောမွေ့ခဲ့ရပါတယ်”
“ရေခြားမြေခြားမှာ ရောက်နေပေမယ့် ကိုယ့်နိုင်ငံအတွက် တဖက်တလမ်းကနေ အကျိုးပြုခွင့်ရအောင် ရန်ပုံငွေပွဲတွေမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ပွဲစီစဉ်သူများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သူဇာ့အတွက် ဂုဏ်ပြုပွဲ ကျင်းပပေးကြသူများနှင့် တက်ရောက်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်”လို့ သူဇာဝင့်လွင်က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေစဉ် ကူညီပေးခဲ့ကြသူ အားလုံးကို သူဇာဝင့်လွင်က ကျေးဇူးတင်စကား ဆိုထားပါတယ်။
“US ခရီးစဉ် တလျှောက်လုံး ဘေးကနေ အစ်မ တယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ မဉာဏ်တို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အားလုံးကို အမြဲလွမ်းနေပါ့မယ်။ မြန်မာပြည်မှ ချစ်ရတဲ့သူ အားလုံးလည်း အစစအရာရာ ပိုဂရုစိုက်ကြပါနော်။ အားလုံးနဲ့ ပြန်ဆုံခွင့်ရချင်ပါတယ်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။
အလှမယ် သူဇာဝင့်လွင်ဟာ ပြီးခဲ့တဲ့ မေလအတွင်း အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၆၉) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံနဲ့ “Best National Costume” (အကောင်းဆုံး အမျိုးသား ဝတ်စုံဆု) ရရှိခဲ့သူ ဖြစ်ပါတယ်။