မိသားစုမှာ သမီးတွေက အဖေတွေထက် အမေတွေနဲ့ ဆက်ဆံရေး ပိုခိုင်မြဲပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ဘေးမှာ အနီးကပ်နေပြီး ပြုစုစောင့်ရှောက် သွန်သင်လာခဲ့သလို အရွယ်ရောက်လာတော့လည်း တိုင်ပင်ဖော် တယောက်လို ရှိနေပေးခဲ့တာ မာတာမိခင်ပါ။ အဲဒါကြောင့်လည်း သုတေသီတွေ လေ့လာချက်အရ သမီး မိန်းကလေးတွေက အမေတွေနဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေး ရှိကြပါတယ်တဲ့။
ဆေးပညာဆိုင်ရာ လေ့လာချက်တွေအရ သမီးမိန်းကလေးတွေဟာ အမေတွေဆီကနေ ရောဂါတွေလည်း မျိုးရိုးလိုက် တတ်ကြပါတယ်။ အမေတွေဆီမှာ ခေါင်းကိုက်ရောဂါ၊ စိတ်ကျဝေဒနာနဲ့ တခြားရောဂါတွေရှိခဲ့ရင် သမီးတွေဆီမှာလည်း အလားတူ ရောဂါမျိုး တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
အဖေ၊ အမေ၊ သား၊ သမီး မိသားစုဝင်တွေအားလုံးကို လေ့လာကြည့်တဲ့အခါ အမေ့ရဲ့ စိတ်အခြေအနေတွေကို နားလည် အပေးနိုင်ဆုံးက သမီးတွေဖြစ်သလို၊ တွေးခေါ်စဉ်းစားပုံတွေကလည်း တူနေတတ်ကြပါတယ်။ ဒါကြောင့်လည်း မိသားစုထဲမှာ အမေနဲ့သမီး ဆက်ဆံရေးဟာ နီးစပ်မှု ပိုရှိကြတာပါ။
သမီးမိန်းကလေးတွေ စိတ်ရှုပ်စရာတွေ ရှိလာတဲ့အခါ အရင်ဆုံးတမ်းတမိကြတာ အမေ့ကိုပါ။ ကိုယ်ရဲ့ အဆင်မပြေမှု တွေကို အမြဲဂရုစိုက် သေချာနားထောင်ပေးတတ်တဲ့ အမေက သမီးတွေအတွက်တော့ တီးတိုးဖော်ပါပဲ။ နောက်ထပ် ရှာဖွေတွေ့ရှိချက် တခုမှာတော့ သားသမီးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိခင်တွေဆီက အမွေ ဆက်ခံတာပါတဲ့။
ဒီလေ့လာချက်ကို ၁၉၉၄ ခုနှစ်ကစပြီး လူငယ် ၁၂၀၀၀ ကျော်ကို လေ့လာခဲ့ကြရာကနေ တွေ့ရှိခဲ့တာပါ။ မိသားစုမှာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုင်းတာလိုက်တဲ့အခါမှာ မိခင်ဆီကနေ ရလာတဲ့သူ အများဆုံး တွေ့ရပါတယ်။ လူတယောက်ရဲ့ မျိုးရိုးဗီဇမှာ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ထိ ဉာဏ်ရည်ဉာဏ်သွေးက လွှမ်းမိုးထားပြီး ကျန်တဲ့အပိုင်းကတော့ ကြီးပြင်းရာ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။
သားသမီးတွေ ဘာကြောင့် မိခင်တွေဆီက ဉာဏ်ရည်ဉာဏ်သွေးတွေ ဆက်ခံလာတဲ့ အချက်ကို လေ့လာကြည့်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးမှု မျိုးရိုးဗီဇကို သယ်ဆောင်လာတဲ့ “X chromosome” က မိန်းမတွေဆီမှာ ၂ ခုရှိပြီး အမျိုးသားတွေ ဆီမှာတော့ ၁ ခုပဲရှိလို့ သားသမီးတွေက မိခင်ဆီကနေ ဆက်ခံကြတာ များတာပါ။
Ref: Harper Bazaar