ယူကေမှာရှိတဲ့ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုရဲ့အဆိုအရ ကလေးငယ်တွေမှာ ဖြစ်ပွားနေတဲ့ Kawasaki ရောဂါဆိုတာဟာ ၅ ရက် ဒါမှမဟုတ် ၅ ရက်ထက်ကြာအောင် အပူချိန်မြင့်မားခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ လည်ပင်းမှာရှိတဲ့ ဂလင်းရောင်ရမ်းခြင်း၊ နှုတ်ခမ်း ခြောက်သွေ့ခြင်း၊ လက်ချောင်း ခြေချောင်းနဲ့ မျက်လုံးတွေ အနီသမ်းခြင်း၊ နှလုံးသွေးလွှတ်ကြော ရောင်ရမ်းခြင်း စတဲ့လက္ခဏာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ယူကေ ကျန်းမာရေး အကြီးအကဲတွေအနေနဲ့ ဒီရောဂါကြောင့် ကလေးတွေ သေဆုံးနေရတာဟာ COVID-19 နဲ့ ဆက်စပ်မှုရှိနေလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ အစတုန်းကတော့ ကျန်းမာရေး အကြီးအကဲတွေဟာ Kawasaki ရောဂါနဲ့ COVID-19 ဆက်စပ်နေတာကို သတိမထားမိကြပါဘူး။ နောက်ပိုင်းမှာသာ သတိထားမိခဲ့ကြပါတယ်။
ယူကေ ကလေးအထူးကု ဆရာဝန်တွေကလည်း နေမကောင်းဖြစ်တဲ့ ကလေးတွေရဲ့ အရေအတွက်က ပိုပြီး များပြားလာနေတယ်လို့ သတိပေးထားသလို ကလေးတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ ရှားပါးရောဂါတမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာလည်း ယူကေ ကလေးအထူးကြပ်မတ် စောင့်ရှောက်ရေး လူမှုအဖွဲ့အစည်းက ဖျားနာနေတဲ့ ကလေးတွေကို စမ်းသပ်ကြည့်တဲ့အခါ တချို့ကလေးတွေမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ယူကေ ကျန်းမာရေးဌာနရဲ့အတွင်းရေးမှူးဖြစ်သူ Matt Hancock ကလည်း ကလေးတချို့ သေဆုံးရ တဲ့ ရောဂါလက္ခဏာတွေအပေါ် သံသယဝင်မိကြောင်း ပြောပါတယ်။ အီတလီနဲ့ ယူကေက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း သွေးကြောရောင်ရမ်းတဲ့ ဝေဒနာ ခံစားရပြီး အပူချိန် မြင့်မားနေတဲ့ နို့စို့အရွယ် ကလေးငယ်တွေရဲ့ဝေဒနာဟာ COVID-19 နဲ့ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ အမြင့်ဆုံးနေရာ တနေရာဖြစ်ခဲ့တဲ့ အီတလီမြောက်ပိုင်းက ဆရာဝန်တွေ က အသက် ၉ နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားနေတဲ့ ရှားပါးရောဂါဟာ အာရှနိုင်ငံတွေမှာ ဖြစ်ပွား လေ့ရှိတဲ့ Kawasaki ရောဂါလို့ သတ်မှတ်ခဲ့ကြပါတယ်။ Kawasaki ရောဂါကို ၁၉၆၇ ခုနှစ်မှာ ဂျပန် နိုင်ငံက Tomisaku Kawasaki ဆိုသူက စတင်ဖော်ထုတ်နိုင်ခဲ့ပြီး အသက် ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတမျိုးပါ။
Hancock ကတော့ “ကလေးတွေမှာ အခုဖြစ်ပွားနေတဲ့ ရောဂါက COVID-19 နဲ့ ဆက်စပ်မှုရှိမယ်လို့တော့ ထင်ရပါတယ်။ တချိန်တည်းမှာပဲ ကလေးတချို့မှာ COVID-19 ကူးစက်ထားတာ မတွေ့ရတဲ့အတွက် ရာနှုန်းပြည့် ဆက်စပ်မှုရှိနိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ သုတေသနတွေ ပြုလုပ်နေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
Kawasaki ရောဂါဟာ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုပြီးအဖြစ်များတဲ့ ရောဂါတမျိုးပါ။ တချို့ကလေးငယ်တွေကတော့ မျိုးရိုးဗီဇ ပေါ်မူတည်ပြီး ရောဂါလက္ခဏာကို ကွဲပြားခြားနားစွာ တွေ့ရတတ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိသင့်ကြောင်း ယူကေကျန်းမာရေးဝန်ကြီး Victoria Atkins က ပြောပါတယ်။ သူမက “ဒီရောဂါဟာ လျင်လျင်မြန်မြန် ဘယ်လိုပြန့်ပွားလာမလဲဆိုတာနဲ့ အကျိုးသက်ရောက်မှု ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာ ထင်ရှားလာပါပြီ” သတိပေးခဲ့ပါတယ်။
တော်ဝင်သူနာပြု ကောလိပ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ Anne Marie Rafferty ကလည်း မွေးကင်းစ ကလေးနဲ့ Kawasaki ရောဂါဖြစ်ပွားမှုအကြားက တူညီမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ကြားဖူး တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: cnn, metro.co.uk
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ
ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်
COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ