ဧည့်သွားဧည့်လာ ချမ်းအေးမှုက စွန့်ပစ်သွားတဲ့အခါ ထုံးတမ်းစဉ်လာအပူရှိန်က ကုလားအုတ်လို တဖြည်းဖြည်းမလာဘဲ တမဟုတ်ချင်း ပြင်းထန်လာခဲ့ပါပြီ။ ထုံးတမ်းစဉ်လာတွေထဲမှာမှ မီးပျက်တာကလည်း ပါလေတော့ အပူကို အန်တုစရာ ပန်ကာတွေ၊ အဲကွန်းတွေကလည်း လှောင်ပြနေကြသလိုပါပဲ။
ရာသီဥတုပူလာတဲ့အခါ ခန္ဓာကိုယ် အပူချိန်တက်လာတယ်။ အပူနဲ့ ထိတွေ့ရတဲ့အခါ အပူနဲ့ ဆက်စပ်ပတ်သက်တဲ့ နေထိုင် မကောင်းမှုတွေ ဖြစ်လာတော့တာပဲ။ အဲဒါတွေကတော့ အပူကြောင့်လေဖြတ်ခြင်းလို့ ပြောရမယ့် အပူရှပ်ခြင်း (heat stroke)၊ အပူကြောင့်နွမ်းလျခြင်း (heat exhaustion)၊ အပူကြောင့်ကြွက်တက်တာ (heat cramps)၊ အပူကြောင့် မူးမိုက်လဲကျတာ (heat syncope) နဲ့ အပူကြောင့် အပိန့်တွေ ထွက်တဲ့ (heatrash) တွေကတော့ အတွေ့ရများတယ်။
အပူကြောင့်လေဖြတ်တာကတော့ အပြင်းထန်ဆုံးနဲ့ အရေးပေါ်ကုသမှု လိုအပ်တဲ့ ရောဂါပေါ့။ သက်ကြီးရွယ်အိုတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်ငယ်တွေ၊ အဝလွန်သူတွေနဲ့ နာတာရှည် ရောဂါတခုခု ရှိနေသူတွေအတွက်တော့ အပူကြောင့် ဖြစ်ပွားတဲ့ဝေဒနာတွေ ခံစားရဖို့ ပိုပြီး အခွင့်အလမ်း များပါတယ်။
အပူနဲ့ ဆက်စပ်ဖြစ်တဲ့ ဝေဒနာတွေမှာ ရောဂါအလိုက် လက္ခဏာကွာခြားမှုတွေ ရှိတတ်ပေမယ့် ခန္ဓာကိုယ် အပူချိန်မြင့် လာတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ နုံးချိတာ၊ မူးဝေတာ၊ မိုက်ခနဲဖြစ်တာ၊ ကြွက်သားတွေ တက်တာ၊ လူလည်း တက်ချက်ပြီး သတိလစ် မေ့မျောတာတွေအထိ ဖြစ်တတ်ပါတယ်။
ဒီဝေဒနာတွေအတွက် ယေဘုယျကုထုံးကတော့ လူနာကို ပူတဲ့နေရာကနေ ရွှေ့ပြောင်းတာ၊ အေးအောင် လုပ်လုပ်ပေးတာ ၊ အနားယူစေတာနဲ့အရည်ဓာတ်တွေ ဖြည့်ဆည်းပေးတာပါပဲ။ ကာကွယ်ဖို့ကလည်း အရည်များများသောက်တာ၊ ဆီလျော်တဲ့ အဝတ်တွေဝတ်တာ၊ နေလောင်ခံလူးဆေးတွေ သုံးတာ၊ အပူဒဏ်ရှိတဲ့နေရာကို အသားကျအောင် ကြိုးစားတာ ဒါမှမဟုတ် အေးတဲ့ အနေအထားကို ဖန်တီးတာမျိုး ရိုးရိုးစင်းစင်း နည်းလမ်းတွေ သုံးရုံပါပဲ။
အပူနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဘာကြောင့် ဖြစ်သလဲ
လူရဲ့ခန္ဓာကိုယ်က အပူချိန်ကို ပုံမှန်အတိုင်း ရှိနေအောင် ထိန်းပေးနေတဲ့ လုပ်ငန်းက မစွမ်းဆောင်နိုင်တော့လို့ ဖြစ်ရတာပါပဲ။ ပုံမှန်အတိုင်းဆိုရင် ခန္ဓာကိုယ်က ပူလာတဲ့အခါ ချွေးထွက်တာလိုမျိုးနဲ့ တုံ့ပြန်ပြီး ပုံမှန် အပူချိန်ရအောင် ထိန်းညှိ ပေးပါတယ်။ ဒါပေမယ့်လည်း လေထုအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်လောက် မြင့်ပြီး ပူအိုက် စွတ်စိုလာတဲ့အခါမျိုးမှာတော့ စွမ်းဆောင်ရည် ကျလာပါတော့တယ်။
ပူလောင်စွတ်စိုမှု များလာရင် ချွေးက အလွယ်တကူ မထွက်နိုင်တော့ပါဘူး။ ကိုယ်ထဲက အပူတွေလည်း အလွယ်တကူ ပြန် မထွက်နိုင်တော့ဘူးပေါ့။ ဒါတင်မက လုံလောက်တဲ့ အရည်ပမာဏ မဝင်ဘဲ အရည်ထွက်တာက များတဲ့အခါ အရည်နဲ့ ဓာတ်ဆားတွေ လိုအပ်တဲ့ အချိုးအဆ မရှိတော့တာဖြစ်လာပါတယ်။ ခန္ဓာကိုယ်တွင်း အရည်ခန်းခြောက်မှု ဖြစ်လာရာကနေ အပူချိန်တွေ တက်လာတော့တာပါပဲ။ အပူချိန်မြင့်တက် လွန်ကဲလာတာက ဦးနှောက်နဲ့တခြား အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေတာပါပဲ။
အပူချိန်မြင့်တက်လာသလိုမျိုး ခန္ဓာကိုယ်က အပူချိန်ကို မထိန်းချုပ်နိုင်တဲ့ တခြားအခြေအနေတွေ ရှိနေတာတော့ ဗဟုသုတ အဖြစ်ပြောရရင် အသက်အရွယ်အိုမင်းတာ၊ အဝလွန်တာ၊ အဖျားတက်တာ၊ အရည်ဓာတ် ခန်းခြောက်တာ၊ သွေးလှည့်ပတ်မှုစနစ် အားနည်းတာ၊ နှလုံးရောဂါ ၊ နေလောင်တာ၊ အရက်နဲ့ ဆေးဝါးတွေ သောက်သုံးတာတွေပါပဲ။
အပူလွန်ကဲလို့ ဖြစ်ရတဲ့ ဝေဒနာတွေ သက်သာစေကြောင်း နည်းလေးတွေ ပြောချင်ပါသေးတယ်။ အပူလွန်ကဲမှုက သူ့ရာသီမှာ ရှောင်လွှဲ မရနိုင်ကြလေတော့ ကာကွယ်လို့ ရနိုင်သမျှတော့ ကာကွယ်ကြရမှာပါ။ တကယ်တမ်း ကျတော့လည်း သိပ် ခက်ခဲတာမျိုး မဟုတ်ပါဘူး။ ရိုးရိုးစင်းစင်း လူပြိန်းတွေးလေးတွေနဲ့ပဲ လုပ်လို့ရတာတွေပါပဲ။
ရေများများသောက်ပါ
အပူများတဲ့ ရာသီမှာ ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုများရင် တနာရီမှာ ၂ ဖန်ခွက်ကနေ ၄ ဖန်ခွက်လောက် အထိ သောက်၊ ရေအေးလေး သောက်သင့်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကိုယ်လက်လှုပ်ရှားမှု များသူတွေ ရေ ပိုပြီး သောက်သင့်ပါတယ်။ အရမ်းအေးတဲ့ ဖျော်ရည်တွေကတော့ ဗိုက်အောင့်စေတတ်ပါတယ်။ အရက်နဲ့ကဖင်းဓာတ် ပါတဲ့ ဖျော်ရည်တွေကတော့ ရေဓာတ်ပိုပြီး ဆုံရှုံးစေတာမို့ ရှောင်ကြဉ်ရပါလိမ့်မယ်။
ဆားနဲ့သတ္တုဓာတ်တွေ ဖြည့်တင်းပါ
ချွေးထွက်များရင် ဆားနဲ့သတ္တုဓာတ်တွေ ဆုံးရှုံးစေပါတယ်။ ဒါတွေကို အမြန် ပြန်ဖြည့်ဆည်းပေးရပါတယ်။ အများအားဖြင့်တော့ အစားအသောက်တွေမှာလည်း ဒါတွေ ပါတတ်တာပါပဲ။ ကိုယ်လက်လှုပ်ရှား သိပ်လုပ်နေချိန်တွေမှာ ဆိုရင် သစ်သီးဖျော်ရည်တွေ၊ အားကစားသမားတွေ သုံးဆောင်တဲ့ အားဖြည့်အချိုရည်တွေ ဖြည့်စွက် သောက်သုံးသင့်ပါတယ်။ ကိုယ့်မှာက ဆားဓာတ်များလို့ မသင့်တဲ့ သွေးတိုးလို ရောဂါမျိုးရှိနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးရပါလိမ့်မယ်။
အဝတ်အစား
အိမ်မှာနေရင်တော့ ပေါ့ပါး အလွတ်လပ်ဆုံး အဝတ်တွေ ဝတ်ဆင်ပါ။ အပြင်ထွက်ရင်လည်း အသားအေး၊ ပေါ့ပါး၊ ပျော့ပျောင်းတဲ့ အထည်တွေကို ဝတ်ပါ။ နေရောင်ထဲ ထွက်ရင် ဦးထုပ်ဆောင်းဖို့ကတော့ မလွဲမသွေ လိုပါတယ်။ နေရောင်ထိတာများရင် အရေပြားတွေ ထိခိုက်တတ်တာကြောင့် နေရောင်ခံ လိမ်းဆေးတွေလည်း အသုံးပြုသင့်တာပါပဲ။
တခြားလုပ်သင့်တာလေးတွေ
ကိုယ်က အပူထဲမှာ အလုပ်လုပ်တာ အသားမကျဘဲ လုပ်ရတော့မယ်ဆိုရင် ဖြည်းဖြည်း မှန်မှန်လုပ်ပြီး စတင်ပါ။ အပူထဲ အလုပ်လုပ်နေရင်း နှလုံးခုန်မြန်လာတယ်၊ အသက်ရှူရ ခက်လာတယ်ဆိုရင် လုပ်နေသမျှ အားလုံးရပ်တန့်ပြီး အရိပ်မှာ နားခိုပါ။ ဖြစ်နိုင်ရင်တော့ ပူလွန်းတဲ့ရာသီဆိုရင် အေးမြတဲ့ နေရာမှာ နေသင့်တာပေါ့ ။
ကိုယ့်မှာ အဲသလို အခြေအနေ မရှိပေမယ့် အချိန်လေးနည်းနည်း ပေးနိုင်ရင်တော့ လေအေးစက်ရှိတဲ့ စူပါမားကက်ကြီးတွေ၊ ရုပ်ရှင်ရုံတွေ၊ စာကြည့်တိုက်တွေမှာ ယောင်တောင်ပေါင်တောင် အချိန်ပေးပြီးနေပါ။ ပန်ကာကလည်း အထိုက်အလျောက် အကူအညီပေးတဲ့ ကိရိယာပေါ့။ ဒါပေမယ့် အပြင်မှာ အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်လောက် ဆိုရင်တော့ ပန်ကာက မကာကွယ်နိုင်တော့ပါဘူး။ ရေချိုးတာက နည်းနည်း အဆင်ပြေသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်နေရာလေး အေးစေတာ ကောင်းပါတယ်။ တောမှာဆိုရင်တော့ ဘူးစင်ရိပ်မှာ ချွေးသိပ်တာမျိုးပေါ့လေ။
အပြင်ထွက် အလုပ်လုပ်ရမှာမျိုးတွေ ရှိရင်တော့ အချိန်ကို တွက်ဆပြီးလုပ်ပါ။ အရိပ် မကြာခဏခိုပါ။ နေ့လယ် ၁၁ နာရီကနေ ညနေ ၃ နာရီလောက် အချိန်က ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဆိုတာ မမေ့ပါနဲ့။ နေပြင်းတဲ့ အချိန်မှာ အပူအစပ် လွန်ကဲတဲ့ အစားအသောက်တွေ ရှောင်ကြဉ်ဖို့လည်း သတိပေးချင်ပါတယ်။
အထက်မှာ ပြောပြခဲ့တဲ့ ကာကွယ်နည်းတွေကို သတိမပြတ်ရင် အပူလွန်ကဲလို့ခံစားနေရတာတွေ သက်သာစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူနေမှုဘဝထဲ ကိစ္စများမြောင်ရတဲ့ အထဲမှာ အပူကလည်း စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပြန်ပြီ မဟုတ်ပါလား။