အမှိုက်နဲ့ ပလတ်စတစ်ဟာ ဒီနေ့ခေတ် လူသားတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပြဿနာကြီး တရပ်ပါပ။ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံက အမျိုးသားဥယျာဉ်တခုမှာ ပလတ်စတစ်နဲ့ လူ့အတွင်းခံပစ္စည်းတွေကို စားမိတဲ့အတွက် သမင်တကောင် သေဆုံးခဲ့ရပါတယ်။
သမင် သေဆုံးပြီး မကြာခင်မှာပဲ ထိုင်းအာဏာပိုင်တွေက အမျိုးသားဥယျာဉ်ကို လာရောက် လည်ပတ်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအနေနဲ့ အမှိုက်တွေကို စွန့်ပစ်နိုင်ဖို့ အမှိုက်ထည့်တဲ့ အိတ်တွေ တပါတည်းယူဆောင်လာကြဖို့ စည်းကမ်း သတ်မှတ်လိုက်ပါတယ်။
အခုသတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ဟာ ထိုင်းနိုင်ငံက ဥယျာဉ်တွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံက ဘယ်အမျိုးသားဥယျာဉ်ကိုမဆို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ လည်ပတ်ပြီးတဲ့နောက်မှာ ကိုယ့်အမှိုက်တွေကို အမှိုက်အိတ်တွေထဲ စနစ်တကျ စွန့်ပစ်ရတော့မှာ ဖြစ်ပါတယ်။
ဒီစည်းကမ်း သတ်မှတ်ချက်ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။ အခုလို စည်းကမ်း သတ်မှတ်ရတာကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တောရိုင်း တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ပါတယ်။
သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဖြစ်တဲ့ Warawut Silpa-archa ကလည်း ထိုင်းနိုင်ငံက အမျိုးသားဥယျာဉ်တွေကို လာရောက် လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ကိုယ့်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်နိုင်ဖို့အတွက် အမှိုက်ထည့်တဲ့ အိတ်တွေ ယူဆောင်လာခဲ့ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
သမင်သေကို တွေ့ရှိခဲ့တဲ့ Khun Sathan အမျိုးဥယျာဉ်ကြီးဟာ မြေသြဇာကောင်းတဲ့ သစ်တောကြီး တွေ ရှိသလို လူတွေ ကျူးကျော်ဝင်ရောက်ထားတဲ့ လက္ခဏာတွေကိုလည်း မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် သမင်သေဆုံးရခြင်းဟာ ဥယျာဉ်ကို လာရောက် လည်ပတ်သူတွေ စွန့်ပစ်တဲ့ အမှိုက်တွေကြောင့် မဟုတ်ဘဲ ဥယျာဉ်ပတ်ဝန်းမှာ နေထိုင်တဲ့ ရွာသားတွေ စွန့်ပစ်တဲ့ အမှိုက်တွေကို စားသုံးမိလို့ သေဆုံးတာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဥယျာဉ်ပတ်ဝန်းကျင်မှာလည်း ရွာပေါင်း ၃၂ ရွာ ရှိနေပါတယ်။
သမင်သေဆုံးရတဲ့ အကြောင်းရင်းကတော့ လူတွေစွန့်ပစ်တဲ့ အမှိုက်တွေကို အစာမှတ်ပြီး စားသုံးမိတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း ထိုင်းအာဏာပိုင်တွေက သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံက အမျိုးသားဥယျာဉ်တွေကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားတွေကို အမှိုက်အိတ်တွေပါ တပါတည်း ယူ ဆောင်လာကြဖို့ စည်းကမ်းသတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref: chiangraitimes