ဥရောပမှာ COVID-19 စတင် ပြန့်ပွားလာပြီးနောက် အီတလီနိုင်ငံဟာ ကပ်ရောဂါဆိုးရဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ပထမဆုံးသောနိုင်ငံ ဖြစ်ခဲ့ရပါတယ်။
ကပ်ရောဂါကာလအတွင်း အီတလီမှာ လူပေါင်း ၃၂,၄၈၆ ယောက်သေဆုံးခဲ့ရပြီး ၂၂၈,၀၀၆ ယောက် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ နိုင်ငံအနှံ့ ရောဂါကူးစက်ခဲ့တဲ့အတွက် မတ်လလောက်ကစပြီး အီတလီနိုင်ငံရဲ့ လေဆိပ်တချို့ကို ယာယီပိတ်ထားလိုက်ရပါတယ်။
မေလ ၂၀ ရက်နေ့မှာတော့ အီတလီနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ Paola de Micheli က ဇွန်လ ၃ ရက်ကစပြီး အီတလီနိုင်ငံမှာရှိတဲ့ လေဆိပ်တွေ အားလုံးကို ပြန်ဖွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင်အချိန်အတွင်းမှာတော့ အီတလီနိုင်ငံရဲ့ လေကြောင်းခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ပါတော့မယ်။
အီတလီအစိုးရကလည်း COVID-19 ကာလအတွင်းက ပိတ်ထားခဲ့တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်တွေကို ပြန်လည် ဖွင့်ပေးတော့မှာဖြစ်ပြီး ခရီးသွားဧည့်သည်တွေအတွက် သတ်မှတ်ထားတဲ့ Quarantine ကိုလည်း ရုတ်သိမ်းပေးတော့မယ်လို့ ပြီးခဲ့တဲ့စနေနေ့က ကြေညာခဲ့ပါတယ်။
ခရီးသွားဝန်ကြီးက ဇွန်လ ၃ ရက်ကစပြီး ပြည်တွင်းခရီးစဉ်တွေအပြင် နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေကိုပါ ပြန်လည်ခွင့်ပြုပေးတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ COVID-19 ကာလအတွင်း အီတလီနိုင်ငံရဲ့ လေဆိပ်အများစုကို ပိတ်ထားခဲ့ရပြီး မီလန်မြို့မှာရှိတဲ့ Linate လေဆိပ်ကိုလည်း မတ်လ ၁၂ ရက်နေ့ကတည်းက ပိတ်ထားခဲ့ပါတယ်။
ရောမမြို့မှာရှိတဲ့ Fiumicino လေဆိပ်၊ မီလန်မြို့မှာရှိတဲ့ Malpensa လေဆိပ်နဲ့ ဘိုလော့နာမြို့၊ ပါလာမိုမြို့၊ တူရင်မြို့မှာရှိတဲ့လေဆိပ်တွေဟာ COVID-19 ကာလအတွင်းမှာ အကန့်အသတ်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ရောမမြို့မှာရှိတဲ့ Ciampino လေဆိပ်၊ ဖလောရင့်စ်မြို့မှာရှိတဲ့ Peretola လေဆိပ်ကို မတ်လ ၁၃ ရက်နေ့ကတည်း ပိတ်ထားခဲ့ပြီး မေလ ၄ ရက်နေ့မှာတော့ ပြန်လည် ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ လေကြောင်းလိုင်းတခုဖြစ်တဲ့ Alitalia လေကြောင်းလိုင်း တာဝန်ရှိသူတွေကလည်း မေလနဲ့ နှိုင်းယှဉ်ကြည့်ရင် ဇွန်လအတွင်း လေကြောင်းလိုင်းခရီးစဉ် ၃၆ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ပြောပါတယ်။
Alitalia လေကြောင်းလိုင်းအနေနဲ့ ဇွန်လ ၂ ရက်နေ့ကစတင်ပြီး ရောမမြို့နဲ့ နယူးယောက်မြို့ကို လေကြောင်းခရီးစဉ် စတင်ပြေးဆွဲမှာဖြစ်သလို မီလန်မြို့နဲ့ အီတလီ တောင်ပိုင်းမြို့တွေကိုလည်း ပြေးဆွဲသွားဖို့ စီစဉ်ထားပြီး စပိန်နိုင်ငံကို ပျံသန်းဖို့အတွက်လည်း တဖြည်းဖြည်းချင်း စီစဉ်သွားမယ်လို့ သိရပါတယ်။
Ref: newagebd
You may also like these stories:
လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းရန် ကမ္ဘောဒီးယား ကြိုးပမ်းနေ
Las Vegas နိုင်ငံတကာလေဆိပ်မှာ PPE Vending Machine များတပ်ဆင်
နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်