အမေရိကန်နိုင်ငံ၊ Las Vegas က လေဆိပ်မှာ သန့်စင်ပိုးသတ်ထားတဲ့ တကိုယ်ရည်သုံး ကျန်းမာရေးအကာအကွယ် ပစ္စည်းတွေ ထည့်ထားတဲ့ Vending Machine တွေ ထားရှိပေးလိုက်ပါပြီ။ Las Vegas က McCarran နိုင်ငံတကာလေဆိပ်မှာ PPE ပစ္စည်းတွေပါတဲ့ Vending Machine တွေ တပ်ဆင်ထားကြောင်းကို ဆိုရှယ်မီဒီယာက တဆင့် ကြေညာခဲ့ပါတယ်။
လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Christine Crews က “တကမ္ဘာလုံးက အတွေ့အကြုံသစ်တွေရော အမူအကျင့်တွေပါ ပြောင်းလဲရတော့မယ့်အချိန်ပါ။ အခုချိန်မှာ ခရီးသည်တယောက် လေဆိပ်မှာ ခရီးသွားဖို့ မဖြစ်မနေ လို အပ်မယ့် PPE ပစ္စည်းတွေအတွက် ဒါတွေကို တပ်ဆင်ပေးရတာ” လို့ ဆိုပါတယ်။
လောလောဆယ် လေဆိပ် Terminal 1 မှာ Vending Machine ၂ ခုနဲ့ Terminal 3 မှာ Vending Machine ၁ ခု စုစုပေါင်း ၃ ခု တပ်ဆင်ထားပါတယ်။ “သေချာတာကတော့ ဒီလေဆိပ်က နိုင်ငံတွင်းမှာ PPE Vending Machine တပ်ဆင်ထားတာ ပထမဆုံးပါပဲ” လို့ Crews က ဆိုပါတယ်။
အပြင်ဘက်က ကြည့်မယ်ဆိုရင် ပုံမှန်အစားအသောက်တွေ ထည့်ထားတဲ့ Vending Machine အတိုင်း မြင်တွေ့ရမှာပါ။ PPE Vending Machine မှာတော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ပစ္စည်း ၆ မျိုးကို ထည့်သွင်းထားပါတယ်။ စက်ရဲ့ ထိပ်ပိုင်းမှာ “Clean & Safe Travels” ဆိုတဲ့ စာသားကို မြင်တွေ့နိုင်ပါတယ်။
စက်ထဲမှာတော့ ပိုးသတ်သန့်စင်ထားတဲ့ တခါသုံး လက်အိတ်၊ လက်သန့်စင်ဆေးရည်၊ Alcohol wipes နဲ့ နှာခေါင်းစည်း Mask အမျိုးမျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ PPE ပစ္စည်းတွေကို အနိမ့်ဆုံး အမေရိကန် ၄ ဒေါ်လာကနေ ၁၅ ဒေါ်လာထိ ကျသင့်မှာဖြစ်ပါတယ်။
စက်ထဲမှာ ထည့်သွင်းထားမယ့် ပစ္စည်း အမျိုးအစားတွေကတော့ လက်ကျန်ရှိမယ့် အမျိုးအစားပေါ်မူတည်ပြီး အလှည့်ကျ ဖြည့်ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ PPE Vending Machine တွေကို ကယ်လီဖိုးနီးယားအခြေစိုက် Prepango က တာဝန်ယူ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်နေပြီး စုစုပေါင်း ၁,၅၂၇,၆၆၄ ဦး ကူးစက်ခံထားရကာ သေဆုံးသူ ၉၀,၉၇၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။
Ref: edition.cnn
You may also like these stories:
ရုရှားမှာ PPE ပြတ်လပ်နေကြောင်း သမ္မတ ပူတင် ဝန်ခံ