အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေဆိပ်တခုမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ လေယာဉ်တစီးကို ခိုးယူပြီး မောင်းနှင်ခဲ့ပြီးနောက် လေဆိပ်အနီးအနားမှာ ရှိတဲ့ အဆောက်အဦ တခုကို တိုက်မိခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေဆိပ်ခြံစည်းရိုးကို ကျော်တက်ပြီး Fresno Yosemite အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းမှာ ရှိတဲ့ King Air 200 လေယာဉ်ပေါ်ကို တက်ရောက်ပြီး စက်နှိုးမောင်းနှင်ခဲ့တာ ဖြစ်တယ်လို့ လေဆိပ်ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လေဆိပ်ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲက ဆိုပါတယ်။
” လေယာဉ်က ပျံတက်သွားတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။ လေယာဉ်ကရွေ့သွားပြီး အဆောက်အဦတခုကို တိုက်မိသွားခဲ့တယ်။ မီးလောင်တာတွေ ဘာတွေ မရှိသလို လူတွေကို ထိခိုက်မှုတွေလည်း မရှိခဲ့ပါဘူး” လို့ တာဝန်ရှိသူက ပြောပါတယ်။
ရဲတပ်ဖွဲ့က လေယာဉ်ပေါ်ကို တက်ရောက်စစ်ဆေးရာမှ ဆယ်ကျော်သက်မိန်းကလေးတဦးက လေယာဉ်မှူးခုံမှာ လေယာဉ်မှူးနားကြပ်ကို တပ်ဆင်လျက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူမအနေနဲ့ ရဲတွေရဲ့ ပြုမူမှုတွေကို ပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ ဖမ်းဆီးရာမှလည်း ငြင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
သူမနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိနေပြီး အခုအချိန်မှာ လေယာဉ်ခိုးယူမှုနဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။ သူမဟာ လေဆိပ်အတွင်းကို ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် ၇နာရီ ၃၀ မိနစ်ခန့် အချိန်မှာ ခိုးပြီး ဝင်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူမရဲ့ မိခင်ကို ဆက်သွယ်မေးမြန်းချိန်မှာတော့ မိခင်ဟာ သူမနဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့ ကတည်းက အဆက်အသွယ်ပြတ်နေခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
Ref;nypost.
You may also like these stories:
ကျောင်းကပွဲမှာ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့လို့ နာမည်ကြီးနေတဲ့ ကလေး
ဝါးစားလို့ရတဲ့ ကော်ဖီခွက်တွေ အသုံးပြုတော့မယ့် နယူးဇီလန် လေကြောင်းလိုင်း