၂၀၂၀ ခုနှစ်က တကယ့်ကို လေကြောင်းခရီးနဲ့ သွားလာသူတွေအတွက် စိတ်ဖိစီးမှုများတဲ့ နှစ်တနှစ်ပါ။ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်ချက်တွေအပြင် တခြား မဖြစ်မနေ ယူဆောင်လာရမယ့် အချက်အလက်တွေ၊ ကန့်သတ်ချက်တွေကြောင့် စိတ်ရှုပ်ရတယ်ဆိုရင် Emirates လေကြောင်းလိုင်းရဲ့ အစီအစဉ်က တဖက်တလမ်းက စိတ်လက် ပေါ့ပါးစေမှာပါ။
အကယ်၍ သင်ဟာ ဒူဘိုင်းမှာ ၁၀ နာရီကျော်ကြာ ခေတ္တရပ်နားရမယ့် ခရီးသည်ဆိုရင် Emirates လေကြောင်းလိုင်းရဲ့ အစီအစဉ်သစ်ကို ခံစားခွင့်ရမှာပါ။ ၁၀ နာရီကျော်ကြာ Layover ရပ်နားရမယ့် ခရီးသည်တွေကို လေကြောင်းလိုင်းက ဟိုတယ်မှာ အခမဲ့ တည်းခိုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
United Arab Emirates လေကြောင်းလိုင်းဟာ ဒီဇင်ဘာ ၁ ရက်ကစလို့ Dubai Connect အစီအစဉ်ကို ပြန်လည် ပေးဆောင်တော့မှာဖြစ်ပြီး COVID-19 ကပ်ရောဂါ ကာလအတွင်း ခရီးစဉ်တွေမှာ လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို စိတ်ဖိစီးမှု ပြေလျော့သွားအောင် လုပ်ပေးသွားဖို့ ရှိပါတယ်။
Emirates လေယာဉ်ခရီးစဉ် နှစ်ခုအတွင်း Transit လုပ်ရမယ့် ခရီးသည်တွေကို အဆိုပါ ဝန်ဆောင်မှုအသစ် ပေးသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်မယ့် ခရီးစဉ်ပေါ် မူတည်ပြီး အနည်းဆုံး ၁၀ နာရီကျော်ကြာ ရပ်နား စောင့်ဆိုင်းရမယ့်သူတွေကို အခမဲ့ ဟိုတယ် တည်းခိုခွင့် စီစဉ်ပေးမှာ ဖြစ်ပေမယ့် မလိုအပ်ဘဲ ခံစားခွင့်ရချင်တာနဲ့ တမင် ရပ်နားချိန်ကြာအောင် လိမ်လည် ဘိုကင်မတင်ကြဖို့ တောင်းဆိုထားပါတယ်။
ခရီးစဉ်တခုနဲ့ တခုကြား ၁၀ နာရီကနေ ၂၄ နာရီထိ ကြာအောင် စောင့်ဆိုင်းရမယ့် ခရီးသည်တွေအတွက် ကြယ် ၅ ပွင့်အဆင့်ရှိ ဟိုတယ်ကြီးမှာ အခမဲ့ တည်းခိုခွင့်ရမှာဖြစ်သလို လေဆိပ်ကြိုပို့နဲ့ ဟိုတယ်တွင်း စားသောက်ခွင့်တွေပါ ရရှိမယ့်အပြင် လိုအပ်ရင် ဆိုက်ရောက်ဗီဇာ ရရှိအောင်ပါ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
Emirates လေကြောင်းလိုင်းဘက်ကနေ အဆိုပါ ဝန်ဆောင်မှုအသစ်အတွက် ကြယ် ၅ ပွင့်အဆင့်ရှိ Le Meridien Dubai Hotel & Conference Center နဲ့ ကြယ် ၄ ပွင့်အဆင့်ရှိ Copthorne Hotel Dubai ဟိုတယ် ၂ ခုမှာ ခရီးသည်တွေကို အလှည့်ကျ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
အဆိုပါ ဝန်ဆောင်မှုကို Class မခွဲဘဲ လေယာဉ်ပေါ်ပါ ခရီးသည်တိုင်းကို ပေးမှာဖြစ်တယ်လို့ ဆိုပေမယ့် Business class နဲ့ First class ခရီးသည်တွေကတော့ ဒူဘိုင်းလေဆိပ်မှာရှိတဲ့ Dubai International Hotel မှာ နားနေပြီး လေဆိပ်တွင်းရှိ လေကြောင်းရဲ့ Duabai Connect နားနေဆောင်မှာ စားသောက်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းကလည်း Emirates လေကြောင်းလိုင်းဟာ ခရီးစဉ်အတွင်း COVID-19 ကူးစက်ခံရတဲ့ ခရီးသည်တွေကို ဆေးကုသရေးနဲ့ Quarantine ကာလ ကုန်ကျစရိတ်တွေကိုပါ ကျခံပေးခဲ့တဲ့ ပထမဆုံးလေကြောင်းလိုင်း ဖြစ်လာခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
ချန်ဂီလေဆိပ်ထဲမှာ တညတာ အနားယူနိုင်မယ့် အစီအစဉ်သစ်
Instagram မှာ ရေပန်းစားနေတဲ့ ထိုင်ဝမ်က နာမည်ကျော် နေရာများ
တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်