မြန်မာနိုင်ငံတွင် COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှု တကျော့ပြန် မြင့်တက်လာခြင်းကြောင့် စက်တင်ဘာလ ၁၁ ရက်မှ စတင်ကာ ပြည်တွင်း လေကြောင်း ခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်ကြောင့် လေကြောင်းလိုင်းများသည် ပြည်တွင်း ခရီးစဉ် ပြေးဆွဲမှုများကို စက်တင်ဘာလ ၁၁ ရက်မှ စတင်ကာ စက်တင်ဘာ ၃၀ ရက်အထိ သီတင်းပတ်၂ ပတ်ခန့် ရပ်နားသွားမည် ဖြစ်ကြောင်း လေကြောင်း လိုင်းတချို့ထံမှ သိရသည်။
Myanmar National Airlines ၏ အမှုဆောင် အရာရှိချုပ် ဦးသန်းထွန်းက “ကျနော်တို့ကို ဝန်ကြီးဌာနက ညွှန်ကြားတော့ မနက်ဖြန်က စလို့ အားလုံး ခဏ ရပ်မယ်။ ကျနော်တို့ Facebook Page က နေ အသေးစိတ် ကြေညာသွားပါမယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပြေးဆွဲနေသော Air KBZ သည်လည်း ခရီးစဉ်အားလုံးကို သီတင်းပတ် ၂ ပတ်ကြာ ရပ်ဆိုင်ထားမည်ဖြစ်ပြီး ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အထွေထွေ မန်နေဂျာ ဦးတင်မောင်သန်း က ဆိုသည်။
၎င်းက “Air KBZ ကတော့၂ ပတ် ရပ်နားထားမယ်။ MAI ကတော့ ကူညီကယ်ဆယ်ရေး ခရီးစဉ်တွေ ရှိရင်တော့ သွားနေ ဦးမှာပါ။ ပြည်တွင်း ခရီးစဉ်ကတော့ ကျောက်ဖြူ (စင်းလုံးငှား) တခုက လွဲရင် ကျန်တာ အားလုံးရပ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
Air Thanlwin လေကြောင်းလိုင်းကလည်း ပုံမှန် ပံျသန်းပြေးဆွဲပေးနေသည့် ခရီးစဉ်များကို စက်တင်ဘာ ၁၁ မှ ၂၄ ရက်ထိ ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကာလအတွက် ဝယ်ယူထားသည့် လေယာဉ်လက်မှတ်ဖိုးငွေများကို ပြန် လည် ထုတ်ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ကြေညာထားသည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်ခဲ့သော ရခိုင်ပြည်နယ်မှနေ ရန်ကုန်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့သူ စုစုပေါင်း ၅၇၀၀ ကျော် အထိရှိခဲ့ပြီး ထိုသူ များထဲတွင် အချို့သည့် ရောဂါပိုး ကူးစက်ခံထားရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ထိုသူများထဲမှာ လူဦးရေ ၃၀၀၀ ခန့်သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ သတင်းပေးရန် ပျက်ကွက်လျက် ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် သြဂုတ်လ ကုန်ပိုင်းမှ စတင်ကာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး တနေ့လျှင် လူ ၁၀၀ ကျော်အထိ ပိုးတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းအချိန်အထိ ရောဂါပိုးရှိသူပေါင်း ၂၀၀၉ ဦး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီ ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာလေကြောင်းများ ဆင်းသက်ခွင့်ကိုလည်း အစိုးရက မတ်လကုန်ပိုင်းက စတင်ကာ စက်တင်ဘာလ ၃၀ ရက်အထိ ရပ်နားထားသည်။
ကိုဗစ် ၁၉ ရောဂါကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများကို ဆုံရပ် နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ်ဆယ်ရေး ခရီးစဉ်များဖြင့် ပြန်လည် ခေါ်ယူပေးလျက် ရှိသည်။
ပြည်တွင်း ခရီးစဉ်များကို Air KBZ၊ MNA၊ Air thanlwin၊ ရွှေမြန်မာ၊ မန်းရတနာပုံ စသည့် လေကြောင်းလိုင်း ၅ ခုမှ ပျံသန်းပြေးဆွဲပေးနေခြင်း ဖြစ်သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ