ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ခရီးသွားတွေ လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ် နေပါပြီ။ မြို့ရဲ့ အလှပတရားတွေကို စုစည်း ရိုက်ကူးထားတဲ့ ဗီဒီယိုကို လွှင့်တင်ပြီး လာခဲ့ဖို့ ကြော်ငြာနေတာပါ။
ဖိတ်ခေါ်ထားတဲ့ ပရိုမိုးရှင်းဗီဒီယိုက “Let’s Meet in Wuhan” ဆိုတဲ့ အဓိပ္ပာယ်နဲ့ Wuhan Culture and Tourism Bureau ရဲ့ ဆိုရှယ်မီဒီယာဆိုဒ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီ ၃ မိနစ်စာ ဗီဒီယိုမှာ မြို့ရဲ့ အထင်ကရ လည်ပတ်လို့ အကောင်းဆုံး Zhangdu Lake Wetland ကနေ သမိုင်းဝင် Yellow Crane Tower အဆုံး ရိုက်ကူးပြထားသလို၊ မိသားစုလိုက် ပျော်စရာ Activities တွေအပြင် ဒေသအစားအစာတွေကိုပါ မြင်တွေ့ရမှာပါ။
မူလတုန်းက Weibo မှာ တရုတ်ဘာသာနဲ့ နိုဝင်ဘာ ၁၃ ရက်က ဦးဆုံးတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း အင်္ဂလိပ် စာတန်းထိုးနဲ့ Facebook မှာပါ ဝေမျှပေးခဲ့ပါတယ်။ “Yangtze မြစ်ကြောင်းတလျှောက် တလက်လက်တောက်ပ နေရာကနေ Zhiyin cruise ပေါ်က အကအလှ၊ ပျံ့လွှင့်လာတဲ့ ဂီတသံနဲ့ သာယာဖွယ်အသံတွေ သက်ဝင်လှပ နေတဲ့ ဝူဟန်မြို့မှာ ဆုံတွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့ ရေးတင်ထားတာပါ။
ကမ္ဘာ့ကပ်ရောဂါကြီး စတင်ခဲ့ရာ ဗဟိုချက်ဖြစ်ခဲ့တဲ့ ဝူဟန်မြို့ဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၇၆ ရက်ကြာ တင်းကျပ်တဲ့ Lockdown စည်းမျဉ်းက ကမ္ဘာကြီးနဲ့ အဆက်သွယ်ဖြတ်ခဲ့ပါသေးတယ်။ ဇန်နဝါရီ ၂၃ ရက်ကနေ ဧပြီ ၈ ရက်ထိ ကြာမြင့်ခဲ့ပြီး ဝူဟန်မှာ ကူးစက်ခံရသူပေါင်း ၅၀,၀၀၀ ကျော်၊ သေဆုံးသူ ၃,၈၀၀ ရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။
၃ လနီးပါးကြာ တင်းကျပ်တဲ့ Lockdown ကန့်သတ်ချက်ကြောင့် ကူးစက်မှုနှုန်းတွေ ကျဆင်းသွားသလို၊ မေလကစလို့ လက်ရှိချိန်ထိ အံ့အားသင့်စရာ ပြည်တွင်းကူးစက်မှုလည်း မတွေ့ရတော့ပါဘူး။ ဧပြီလမှာ ကောက်ယူခဲ့တဲ့ ခရီးသွားကဏ္ဍဆိုင်ရာ စစ်တမ်းကောက်ယူချက်အရ ကပ်ရောဂါပြီးသွားရင် တရုတ်လူမျိုးတွေ သဘောကျဆုံး သွားရောက် လည်ပတ်ချင်တဲ့နေရာကို ဝူဟန်မြို့လို့ မဲအများဆုံးပေးခဲ့ကြပါတယ်။
တရုတ်ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Weibo အသုံးပြုသူတွေကလည်း လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ထားတဲ့ ဗီဒီယိုထဲက ဝူဟန်မြို့ရဲ့ အလှတရားတွေက မြင်တွေ့နေကျ နေရာတွေနဲ့ ကွဲထွက် ဖန်တီးထားလို့ သဘောကျ နှစ်သက်နေကြပါတယ်။
“ကြက်သီးတောင် ထမိပါတယ်။ ဝူဟန်မြို့အလှက တကယ့်ကို ပြီးပြည့်စုံတာပါ။ ဝူဟန်ကို ချစ်ပါတယ်” လို့ Weibo အသုံးပြုသူတယောက်က မှတ်ချက်ပြုပါတယ်။ ခရီးသွားကဏ္ဍ ဗီဒီယိုပို့စ်ဟာ အခုတော့ လူကြိုက်အများဆုံးနဲ့ မှတ်ချက်ပြုခံရသူ အများဆုံး ဖြစ်နေပါပြီ။
“ခရီးသွား တော်တော်များများနဲ့ ဒေသခံတွေတောင် မသိသေးတဲ့ နေရာတွေလည်း ဒီဗီဒီယိုမှာ ပါပါတယ်။ နောက်ပြီး ယဉ်ကျေးမှု၊ အနုပညာလက်ရာတွေ၊ ဈေးဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကိုပါ ရိုက်ကူးထားတာပါ” လို့ ဆိုပါတယ်။
ဒါဟာ ဝူဟန်မြို့ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်တဲ့ ပထမဆုံး ကြော်ငြာတော့ မဟုတ်ပါဘူး။ သြဂုတ်လတုန်းကလည်း ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်ဖို့ ဝူဟန်မြို့ရဲ့ အထင်ကရ သမိုင်းဝင် Yellow Crane Tower ကို ညဘက်ခရီးစဉ်အဖြစ် အခမဲ့ ပေးဝင်ခဲ့ပါသေးတယ်။
Ref: edition.cnn
You may also like these stories:
ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်
မင်းကြီးတောင်ပေါ်မှ အိမ်ကြီးများဆီသို့
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်