လုပ်ငန်းခွင်ထဲရောက်ပြီ ဆိုရင် သင့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တဦးကိုတဦး ချောက်တွန်းပြီးမှ အပေါ်တက်ဖို့ ကြိုးစားနေတဲ့သူတွေ ကြားထဲ မအူမလည်နဲ့ ရောက်ပြီ ဆိုရင်တော့ သတိထား နေထိုင်သင့်နေပါပြီ။ ဒါကြောင့် ဘယ်လိုလူမျိုးတွေက သင့်ကို အလုပ်လက်မဲ့ ဖြစ်စေနိုင်သလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။
(၁) အလုပ်ထွက်ဖို့ တိုက်တွန်းသူ
သူတို့တွေဟာ “သင့်လက်ရှိ အခြေအနေဟာ မဖြစ်သင့်ကြောင်း၊ ရာထူး တူချင်းတောင် သူ့အနေနဲ့ အဖက်ဖက်က အဆင်ပြေနေတာကြောင့် လုပ်ခြင်း ဖြစ်ကြောင်း၊ သင့်အရည်အချင်း နိမ့်ကျသွားစေမှာ ဖြစ်ကြောင်း” စတဲ့ စကားတွေနဲ့ သင့်ကို အလုပ်ထွက်ဖို့ တိုက်တွန်းပါလိမ့်မယ်။ သူတို့ကို ထွက်မလား မေးကြည့်ရင် မထွက်ပေမယ့် သင့်ကိုတော့ “မမျှတဘူး၊ ပိုကောင်းတဲ့နေရာ ရှာသင့်ကြောင်း” စသဖြင့် အချိုသပ် သွေးထိုးပါလိမ့်မယ်။
(၂) အထက်လူကြီးနဲ့ အဆင်မပြေအောင် လုပ်သူ
သင့်ကို အထက်လူကြီး အကောင်းမြင်မှာ စိုးတာကြောင့် ရှေ့တမျိုး ကွယ်ရာ တမျိုး ပြောဆိုလေ့ ရှိသူပါ။ သင်နဲ့ တွေ့ရင် အထက်လူကြီးရဲ့ အတင်းကိုပြောပြီး အထက်လူကြီးရှေ့ ရောက်တဲ့အခါ သင့်မကောင်းကြောင်း အမြဲပြောလေ့ရှိပါတယ်။ သင်က သူ့ထက်သာမှာကို မနာလိုဖြစ်ပြီး အမြဲလိုလို တိုက်ခိုက်နေတာကြောင့် သင့်အနေနဲ့ စိတ်ညစ်ပြီး အလုပ်ထွက်ချင်လာပါလိမ့်မယ်။
(၃) လုပ်ဖော်ကိုင်ဖက်ကြား ကုန်းတိုက်သူ
လုပ်ငန်းခွင်မှာ အတူအလုပ်လုပ်နေတဲ့သူ အချင်းချင်းကြား အခင်အမင် ပျက်အောင်၊ သင့်ကို ဘယ်သူနဲ့မှ အဆင်မပြေဖြစ်အောင် ကြံဆောင်တတ်သူမျိုးတွေကြောင့်လည်း သင့်အနေနဲ့ စိတ်ညစ်ရပါလိမ့်မယ်။ အဖွဲ့က ဝိုင်းပယ်ထားကြပြီး သင်အလုပ်မှာ မပျော်မရွှင်ဖြစ်အောင် သူတို့ ကြိုးစားကြပါလိမ့်မယ်။
(၄) မျက်နှာလိုက်တတ်သော အထက်လူကြီး
ဒါမျိုးကို ကြုံဖူးတဲ့သူတွေ အနေနဲ့ကတော့ အတော်လေးကို စိတ်နာမှာ အမှန်ပါပဲ။ အထက်လူကြီး ကိုယ်တိုင်က သမာသမတ်ကျကျ မဆုံးဖြတ်ဘဲ ကိုယ်သဘောကျသူကိုသာ နေရာပေးမယ်ဆိုရင် အဲဒီလို နေရာမျိုးမှာ ဘယ်သူမှ ဆက်ရှိချင်နေမှာ မဟုတ်ပါဘူး။
(၅) ဦးနှောက် ဖောက်စားတတ်တဲ့သူ
ကိုယ့်ဆီက အကြံဉာဏ်တွေ၊ သိချင်တာတွေကို မေးပြီးမှ အစည်းအဝေးမှာ နာမည်ကောင်း ယူတတ်တဲ့ သူမျိုးနဲ့ ကြုံဖူးပြီလား။ အထက်လူကြီးရှေ့ရောက်မှ သူလုပ်ထားတဲ့အတိုင်း ပြောဆိုနေတဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့် သင့်အနေနဲ့ စိတ်တိုရပါလိမ့်မယ်။
ကဲ ဒီလိုလူမျိုးတွေနဲ့ ကြုံနေရပြီဆိုရင် သင့်အနေနဲ့ အလုပ်ကနေ ထွက်ပြေးချင်စိတ်တွေ ပေါက်လာမှာ အမှန်ပါပဲ။ ဒါ့အပြင် ကိုယ်က ဘယ်လိုလူမျိုးတွေနဲ့ ကြုံခဲ့ရသလဲဆိုတာကိုလည်း ဝေမျှပေးသွားပါဦး။