“ဖန်း” ကနဲအသံကြားလို့ အရှေ့ကလျှောက်နေရာကနေ နောက်ပြန်လှည့်ကြည့်လိုက်တော့ မီးခိုးလုံးတွေ ကြားထဲမှာ လဲကျနေတဲ့ အဖေကို တွေ့လိုက်ရပါတယ်။
နေ့လည် ၁၂ နာရီလောက် မီးသွေးဖုတ်ပြီး တောလမ်းကနေ အတူပြန်လာကြတဲ့ ရွာသားတွေက ကြောက် ကြောက်လန့်လန့်နဲ့ ရွာကိုပြန်ပြေးသွားကြချိန်မှာ အသက် ၁၉ နှစ်အရွယ် မသီတာအောင်ကတော့ မိုင်းထိ ပြီး မီးခိုးလုံးတွေကြား လဲနေတဲ့အဖေကို ချန်ထားပြီး ထွက်မပြေးနိုင်ခဲ့ပါဘူး။
တောထဲမှာတော့ သူတို့သားအဖနှစ်ဦးသာ ကျန်ရှိနေပါတယ်။
ပြတ်တောက်ပြီး တုံးတိဖြစ်သွားတဲ့ အဖေ့ခြေထောက်ကို ရှိတဲ့အဝတ်တွေနဲ့ သူစည်းနှောင်လိုက်ပါတယ်။ ခဏအကြာမှာ ဆီးအိမ်ကိုပါ မိုင်းစထိသွားတဲ့ သူ့ဖခင်က မျက်လုံးတွေပြာလာပြီလို့ပြောတော့ မလှုပ်ရှား နိုင်တော့တဲ့ ဖခင်ရဲ့ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းနဲ့ ကျောမှာပိုးပြီး ရွာထဲကို သယ်လာခဲ့ပါတယ်။
ကြောက်လန့်စိုးရိမ်စိတ်တွေကို ထိန်းချုပ်ပြီး အဖေ့အတွက် အကောင်းဆုံးအခြေအနေ ရောက်အောင် ကြိုးစားခဲ့ပေမယ့် အချိန်နှောင်းခဲ့ရလို့ ဝမ်းနည်းမဆုံးဖြစ်ခဲ့ရပါတယ်။
သတိရတချက် မရတချက်နဲ့ သူ့ကျောပေါ် ပါလာခဲ့တဲ့အဖေဟာ လမ်းတဝက်မှာပဲ သတိမေ့မျောပြီး သိပ် မကြာခင်မှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အဖေဟာ မဆုံးခင် သူ့ကိုစကားတခွန်းတော့ မှာခဲ့ပါသေး တယ်။
“သမီးရယ်၊သူသေပြီးနောက်ပိုင်း ဒီတောထဲတောင်ထဲ မလုပ်စားပါနဲ့တဲ့..။ သူ့လိုအဖြစ်မျိုး မကြုံစေချင် ဘူးတဲ့..” လို့ ပြောခဲ့တယ်ဆိုပြီး မသီတာအောင်က ပြောပြတယ်။
သူ့အဖေမိုင်းထိချိန်မှာ အဖေရဲ့အရှေ့မလှမ်းမကမ်းမှာ ရှိနေခဲ့တဲ့ သူ့ရဲ့လက်မောင်းကိုပါ မိုင်းစမှန် ခဲ့လို့ ခွဲထုတ်ခဲ့ရသေးတယ်လို့ သူက ဒဏ်ရာကို ပြပြီးပြောပါတယ်။
အခုချိန်မှာ ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညိုလတ်တဲ့အသားအရေနဲ့ ကျစ်လစ်ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ကို ပိုင် ဆိုင်ထားတဲ့ မသီတာအောင်ဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသက မြောင်းဦးကျေးရွာမှာ နေ ထိုင်ပါတယ်။
သူတို့မိသားစုဟာ တောတောင်ကို အမှီပြုပြီး မီးသွေးဖုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုသလို တခြားနေ့စားအလုပ်တွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြတဲ့ နွမ်းပါးတဲ့သာမာန် မိသားစုသာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ရဲ့ နေ့တနေ့မှာ တောပိတ်တယ်လို့ KNU က ကြိုတင်ဖြန့်တဲ့သတင်းကို မရရှိခဲ့တဲ့ တွက် ညအိပ်မီးသွေးဖုတ်ပြီး ရွာကိုအပြန် သူ့အဖေဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ “တောပိတ် တယ်” ဆိုတာက တိုက်ပွဲ (ဒါမှမဟုတ်) မိုင်းထောင်မှာဖြစ်လို့ သတ်မှတ်နယ်မြေထဲမလာကြဖို့ လက်နက် ကိုင်အဖွဲ့တွေက သတိပေးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
အဖေဆုံးပါးချိန်မှာ သူ့အမေဟာ နှစ်လသားအရွယ် အငယ်ဆုံးကလေးအပါအဝင် သားသမီး၇ ဦးနဲ့ ကျန်ရစ်ခဲ့ပါတယ်။
အဖေအသုဘချချိန်မှာတော့ ငိုကြွေးပူဆွေးသောကရောက်နေတဲ့ သူ့အမေနဲ့ အစ်မကြီးဖြစ်တဲ့ သူမ ကို ဝိုင်းဖက်ပြီး ငိုယိုနေကြတဲ့ အရွယ်မရောက်သေးတဲ့ မောင်နဲ့ညီမလေး ၆ ယောက်ကိုကြည့်ပြီး မိသားစု အတွက် ဦးဆောင်အလုပ်လုပ်ဖို့ သူယတိပြတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
“သူတို့ကိုကြည့်ပြီး ဝမ်းနည်းတယ်။ ငါသာအလုပ်မလုပ်နိုင်ခဲ့ရင် ကိုယ့်ညီအစ်ကိုမောင်နှမတွေ ဘယ်လိုဖြစ် ကြမလဲဆိုပြီး” လို့ မသီတာအောင်က အလုပ်ကြိုးစားလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းပြောပြပါတယ်။
မြို့ပေါ်ကိုတောင် တကြိမ်တခါမှ မရောက်ဖူးခဲ့တဲ့သူဟာ သူမအဖေ မဆုံးပါးခင် မှာခဲ့တဲ့စကားကို နားထဲ မှာ အမြဲကြားယောင်ပြီး တနယ်တကျေးမှာသာ အလုပ်ထွက်လုပ်ဖို့ ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။
သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေကတော့ အမျိုးသားအများစုလုပ်ကိုင်တဲ့ ရွှေတွင်းလုပ်ငန်းနဲ့ ခဲတွင်းလုပ်ငန်း တွေပဲဖြစ်ပါတယ်။ ဘီးလင်းနဲ့ မြိတ်၊ ထားဝယ်ဘက်မှာရှိတဲ့ တွင်းကုမ္ပဏီတွေမှာ အလုပ်ရှိရင်ရှိသလို ရွှေ့ ပြောင်းလုပ်ကိုင်ခဲ့ပါတယ်။
အလုပ်အတွေ့အကြုံလည်းမရှိ၊ သူစိမ်းတွေနဲ့လည်း အလုပ်မလုပ်ဖူးတဲ့ သူ့အဖို့ မိန်းကလေးအဖော်မရှိတဲ့ လုပ်ငန်းခွင်ဟာ အလုပ်စဝင်ချိန်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်ခဲ့ပါတယ်။
“ကြောက်နေလို့ အိမ်မှာနေလည်း ကိုယ့်မိသားစုက ငတ်ရုံပဲရှိမှာ။ ဒီလိုပဲ ကိုယ့်ကိုကိုယ်နိုင်အောင် ထိန်းပြီး တော့သွားရတာပဲလေ” လို့ မသီတာအောင်က ပြောပါတယ်။
သူလုပ်တဲ့အလုပ်ကတော့ အလုပ်သမား (၆၀)ကျော်ကို ထမင်းချက်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်။ တကယ် တော့ လူအယောက် (၆၀) အတွက် အလုပ်ရှင်က ထမင်းချက် (၂)ဦးကို ခေါ်ခဲ့တာပါ။ ဒါပေမဲ့ တယောက် တည်းချက်နိုင်ရင်တော့ နှစ်ယောက်စာ လုပ်အားခရမယ်ဆိုတဲ့အပေါ် သူမက တယောက်တည်းလုပ်ဖို့ ရွေး ချယ်ခဲ့ပါတယ်။
သူ အလုပ်လောဘကြီးရတဲ့ အကြောင်းရင်းက မိသားစု စားဝတ်နေရေး တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ မောင်နှမတွေရဲ့ ပညာရေးအတွက်ပါ စဉ်းစားလုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် ထမင်းချက် လို့ရတဲ့ လစဉ်ဝင်ငွေ ၁၈၀၀၀၀ ကျပ်က မလုံလောက်ပါဘူး။
“ကိုယ်က ပညာမတတ်ပါဘူးဆိုမှ ကိုယ့်ညီအစ်ကို မောင်နှမပါ မတတ်ဘူးဆို ပိုဆိုးသွားမယ်။ ကိုယ့်အရှေ့ က အပင်ပန်းခံပြီး ကြိုးစားထားရင်တော့ ကိုယ့်ညီအစ်ကိုမောင်နှမအတွက် အခက်အခဲမရှိတော့ဘူးပေါ့” လို့ မသီတာအောင်က ဆိုပါတယ်။
ဒါကြောင့် ဝင်ငွေပိုရဖို့အတွက် ထမင်းချက်တဲ့အလုပ်အပြင် အားတဲ့အချိန်တွေမှာလည်း တခြားအလုပ်တွေ ကိုပါ သူရှာလုပ်ပါတယ်။ မနက်(၄)နာရီမှာ အိပ်ယာထပြီး လူ (၆၀) ကျော်အတွက် ထမင်းဟင်းချက်ပြုတ် ပါတယ်။ ပြီးတာနဲ့ သူလုပ်တဲ့အလုပ်က ကျောက်ခဲသယ်တဲ့အလုပ်၊ ဒါမှမဟုတ် ခဲတွင်းထဲကရတဲ့ မြေစာတွေကို ခဲတွေချည်းကျန်အောင် ပြန်လည်စစ်ထုတ်လုပ်ဆောင်ရတဲ့ ခဲဝိုင်းတဲ့အလုပ်နဲ့ ခဲပြာတဲ့ အလုပ်တွေကို ဆက်လုပ်ပါတယ်။ ညဘက်တွေမှာ ည(၁၂)နာရီထိုးတဲ့အထိ အလုပ်လုပ်လို့ အခုချိန်ထိ သူမရဲ့အိပ်ချိန်ဟာ တရက်ကို ၄ နာရီသာသာပဲ ရှိပါတယ်။
အလုပ်ကြမ်းတွေလုပ်ပြီး အိပ်ချိန်က နည်းနည်းနဲ့ဆိုတော့ မပင်ပန်းဘူးလားလို့ မေးကြည့်တဲ့အခါ “ကျန်း မာရေးကောင်းလို့ကတော့ အိပ်ရေးပျက်တာလည်း မမှုတော့ပါဘူးလေ။ ကိုယ့်အတွက်က ရိုးသွားပါပြီ” လို့ ပြုံးရယ်ပြီး သူဖြေပါတယ်။ “ ဒီလောက်အလုပ်မှ ကိုယ်မလုပ်နိုင်ဘူးဆိုရင် ကျန်တဲ့အလုပ် ဘာသွားလုပ် စားမလဲ”လို့လည်း သူက မေးခွန်းပြန်ထုတ်ပါတယ်။
သူ့အမေက အလုပ်လျော့လုပ်ဖို့ ပြောပေမယ့်လည်း မောင်နှမတွေရဲ့ ရှေ့ရေးအတွက် သူနားမ ထောင်ခဲ့ပါဘူး။
“သူများတွေပြောသလိုဆို သူက ထီးလိုသမီးမျိုးပဲပေါ့” လို့ အသက် ၄၅ နှစ်သာရှိသေးတဲ့မိခင်ဖြစ်သူ ဒေါ်သီစမ်းက ပြောပါတယ်။ မသီတာအောင်ဟာ မိသားစုမှာ ဖခင်နေရာတာဝန်ကို ယူထားသလို မောင်နှမတွေ အပေါ်မှာလည်း မိဘလို အနစ်နာခံတယ်လို့ သူ့အမေက ဆိုပါတယ်။
သူလုပ်တဲ့ လုပ်ငန်းခွင်ဟာ တကယ်တော့ အသက်အန္တရာယ်လည်း များပါတယ်။ သူ့ရှေ့မှာတင် သစ် ပင်ရိုက်လို့ သေသူရှိသလို ကျင်းပိသေတဲ့သူတွေ၊ ရေနစ်သေသူတွေ မကြာခဏတွေ့မြင်ခဲ့ရပါတယ်။ ဒါပေ မယ့် “ကံကိုယုံပြီး ဆူးပေါ်တက်နင်းရင်တော့ ဆူးစူးမှာပဲ” ဆိုတဲ့ ခံယူချက်အတိုင်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ကိုင်စားသောက်ရမယ့်ဘဝမို့ ဝိရိယနဲ့ နေထိုင်လုပ်ကိုင်တဲ့အကြောင်း သူကရှင်းပြပါတယ်။
လုပ်ငန်းခွင်မှာ အမျိုးသမီးဆိုလို့ သူတယောက်တည်းရှိတဲ့အတွက် အမျိုးသားအချို့ရဲ့ စနောက်မှုတွေ လည်း ရှိပေမယ့် သူရဲ့ အနေအထိုင်မှန်မှု၊ ကြိုးစားမှုတွေကြောင့် အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်အများစုရဲ့ ချစ်ခင်မှု၊ တန်ဖိုးထားမှုတွေကို ရရှိခဲ့ပါတယ်။
“ယောက်ျားလေးတွေ တခုခုမ,နေတယ်၊ မနိုင်ဘူးဆိုရင် ကိုယ့်ခွန်ကိုယ့်အားနဲ့ နိုင်သလောက် ဝိုင်းမ,ကူ တယ်”လို့ လုပ်ငန်းခွင်အတွင်း မောင်နှမစိတ်ဓာတ်နဲ့ ဒေါင်ကျကျပြားကျကျ နေထိုင်တဲ့အကြောင်း သူက ပြောပြပါတယ်။
မိုးရာသီဆိုရင်တော့ ရွှေလုပ်ငန်း၊ ခဲလုပ်ငန်းတွေနားလို့ ရွာပြန်လာပြီး ဘုရားကျောင်းတခုမှာ တလ ၁ သိန်း နဲ့ ထမင်းချက်အလုပ်ကို နှစ်တိုင်းပြန်လုပ်ပါတယ်။ အချိန်ကို အနားမပေးတတ်တဲ့ မသီတာအောင်အဖို့ ထမင်းချက်အလုပ်ပြီးရင် ညသန်းခေါင်အထိ သူမလုပ်တဲ့အလုပ်ကတော့ ကွမ်းသီးခြစ်တဲ့အလုပ်ပဲဖြစ်ပါ တယ်။ ကွမ်းသီးခြစ်တာက တညကို ကျပ် ၂၅၀၀ နဲ့ ၃၀၀၀ ကျပ်ဝန်းကျင်ရတယ်လို့ ဆိုပါတယ်။
မုန်းမြို့၊ မြောင်ဦးကျေးရွာက မသီတာအောင်ရဲ့အကြောင်းကို သူနဲ့ရွယ်တူ လူငယ်တွေအပြင် အသက် အရွယ်ကြီးသူတွေ အားလုံး မသိသူ မရှိကြပါဘူး။
“ဒီကလေးက အသက်အရွယ်နဲ့မလိုက်အောင် မိဘနဲ့ ညီအစ်ကိုမောင်နှကို ကိုယ့်ဘ၀ ကိုယ့်မိန်းမသားရဲ့ အင်အားနဲ့ မမျှအောင် ရှာဖွေလုပ်ကိုင်ကျွေးမွေးတယ်။ လိမ်မာတဲ့ကလေးပဲ”လို့ မုန်းမြို့၊ အောင်ချမ်းသာ ကျေးရွာရဲ့ မူလတန်းကျောင်းအုပ်ဆရာကြီးက မှတ်ချက်ပေးပါတယ်။
တနှစ်ပတ်လုံး နားချိန်မရှိပဲ အလုပ်လုပ်နေပေမယ့် သူမအတွက် ရတက်မအေးနိုင်သေးပါဘူး။ (၉)တန်း အရွယ်နဲ့ (၇)တန်းအရွယ် အသီးသီးရောက်လာတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ ကြီးမြင့်လာတဲ့ ကျောင်း စရိတ်နဲ့ နောက်နှစ်ဆို ကျောင်းတက်ရတော့မယ့် အငယ်ဆုံးကလေးရဲ့ ကျောင်းစရိတ်တွေက သူ့အတွက် စိန်ခေါ်မှုတွေဖြစ်လာနေပါတယ်။
“ကိုယ့်မိသားစုအတွက် သူများတွေလို လူတန်းစေ့ မနေရသေးဘူး။ ကျောင်းထုတ်မယ်ဆိုလည်း ဒီကလေး တွေ ဘာမှလုပ်စားလို့ရမှာ မဟုတ်ဘူးလေ” လို့ သူညည်းတွားလိုက်ပါတယ်။
အခုတော့ သူ့ရဲ့ နောက်ထပ်နယ်မြေအသစ်က တိုင်းတပါးကို ထွက်ဖို့ပဲဖြစ်ပါတယ်။ နောက်နှစ်မှာ ပိုက်ဆံ ပိုရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်နားမှာ အလုပ်ထွက်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်း သူမပြောပြပါ တယ်။
သူ့အဖေဆုံးပြီးနောက်ပိုင်းလျှောက်ခဲ့ရတဲ့ခရီးကြမ်းတွေအတွက် ပင်ပန်းနွမ်းနယ်တဲ့ပုံမပေါက်တဲ့အပြင် အလုပ်အတွက် အမြဲတမ်းနိုးကြားတက်ကြွနေတတ်တဲ့ မသီတာအောင်မှာ သူမအဖေသေဆုံးခဲ့မှုအတွက် တော့ အဖြေမရသေးတဲ့ မေးခွန်းတခုရှိနေပါတယ်။
“ကိုယ့်ကံက မကောင်းလို့ လူအများကြီးသွားနေတဲ့အထဲက ကိုယ်ဖြစ်တာလား၊ ဒါမှမဟုတ်ရင်လည်း ကိုယ် ကိုယ်တိုင်ကပဲ ဒုက္ခတောထဲ ရောက်လာမိလို့ဖြစ်တာလားဆိုတာ ကျမမကြာမကြာစဉ်းစားမိတယ်”
ဖော်ပြပါဆောင်းပါးကို HI (Honest Information ) မှ ကူးယူဖော်ပြပြီး ၎င်းကိုမြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။