အာကာသထဲခရီးသွားခြင်းဟာ ကုန်ကျစရိတ်များပြားရုံသာမကဘဲ သာမန်ခရီးတွေထက်စာရင် အန္တရာယ်များတဲ့ ခရီးသွားခြင်းတခုလို့လည်း ပြောလို့ရပါတယ်။ မားစ်ဂြိုဟ်ဆီသွားမယ့် ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီရဲ့ သိပ္ပံပညာရှင်တွေဟာ အာကာသထဲမှာနေထိုင်တဲ့အခါ လူ့ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိနေစေသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဒီအတွက်ကြောင့်ပဲ NASA နဲ့ ESA အဖွဲ့တို့ဟာ အာကာသထဲရောက်ရှိနေချိန် ဒါမှမဟုတ် ခန္ဓာကိုယ် အလေးအချိန်အပေါ် သက်ရောက်မှုမရှိချိန်မျိုးမှာ လူတွေဟာ ဘယ်လိုအိပ်စက်ကြသလဲဆိုတာကို လေ့လာဖို့ အဖွဲ့အသီးသီးဖွဲ့စည်းခဲ့ကြတာလည်းဖြစ်ပါတယ်။
NASA နဲ့ ESA တို့ဟာ လူအယောက် ၂ ဒါဇင်ကို လေ့လာစမ်းသပ်မှုအတွက် ခေါ်ဆိုခဲ့ပြီး ပါဝင်မယ့် လူတွေအနေနဲ့ ရက်ပေါင်း ၆၀ တိတိ လဲလျောင်းနေကြရမှာ ဖြစ်ပါတယ်။ အခုလို လေ့လာခြင်းကနေတဆင့် သိပ္ပံပညာရှင်တွေဟာ အာကာသယာဉ်မှူးတွေကို ပြန်လည်ကူညီနိုင်မှာဖြစ်ပြီး လူအယောက် ၂ ဒါဇင်လုံးကတော့ တယောက်ချင်း ပျမ်းမျှအနေနဲ့ ယူရို ၁၆၅၀၀ (ဒေါ်လာ ၁၈၅၀၀ခန့်)စီအထိ ရရှိမှာဖြစ်တဲ့အပြင် ဂျာမနီနိုင်ငံ Cologne မြို့ကိုလည်း အလည်အပတ် သွားရောက်နိုင်မှာဖြစ်ပါတယ်။
လူအယောက် ၂ဒါဇင်ကို ခေါ်ယူတဲ့အခါမှာတော့ လိုအပ်တဲ့ စံသတ်မှတ်ချက်တွေလည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အသက်အားဖြင့် ၂၄ နှစ်ကနေ ၅၅ နှစ်အတွင်း ဘယ်သူမဆို လျှောက်ထားနိုင်သလို ကျန်းမာရေး ကောင်းမွန်ပြီး ဂျာမန်ဘာသာစကားလည်း ပြောဆိုနိုင်ရမှာ ဖြစ်ပါတယ်။
လေ့လာရေးကတော့ စက်တင်ဘာလမှာ စတင်မှာဖြစ်ပြီး စုစုပေါင်းကြာမြင့်ချိန် ၈၉ ရက်မှာ လေ့လာရေး မစတင်မီ အချင်းချင်း ရင်းနှီးစေမယ့် အစီအစဉ်အပြင် လေ့လာရေး ပြီးဆုံးသွားချိန်မှာတော့ ပြန်လည်ထူထောင်ရေးကာလအဖြစ် ၁၄ ရက် ပါဝင်ပါတယ်။
လေ့လာရေး ကာလအတွင်းမှာ ရွေးချယ်ခံရသူ ၂ ဒါဇင် ၂ ဖွဲ့ခွဲ ပါဝင်စေမှာဖြစ်ပြီး တဖွဲ့ကတော့ ဓာတ်ခွဲခန်းထဲမှာပဲ အချိန်စာရင်းအတိုင်း လေ့လာမှုကို ကူညီကြရမှာဖြစ်ပါတယ်။ ကျန်တဲ့ရွေးချယ် ခံရသူတွေကတော့ အစားအသောက်စားတာကနေ ရေချိုးခန်းသွားတာတွေအထိ အမြဲလဲလျောင်းနေရမှာဖြစ်ပြီး တီဗီကြည့်ခြင်း ၊ စာဖတ်ခြင်းနဲ့ အခြား လုပ်ဆောင်မှုတွေကိုပါ လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
လဲလျောင်းတဲ့အခါမှာတော့ ခြေထောက်တွေကို ဦးခေါင်းထက် အနည်းငယ်အမြင့်မှာထားရှိထားရမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုလွန်ကဲခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
ဒီလေ့လာမှုမှာ ရွေးချယ်ခံရသူတွေအတွက် အာဟာရပညာရှင်တွေက အစားအစာတွေကို ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့ အစားအစာတွေကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ညီမျှနေစေဖို့ အတွက်လည်း ဆောင်ရွက်ပေးမှာပါ။ လတ်တလောမှာတော့ ဒီလေ့လာစမ်းသပ်မှုကို ကမ္ဘာနဲ့တဝှမ်းက လူအမြောက်အများဟာ စိတ်ဝင်စားမှုမြင့်တက်နေပြီး ဝေဖန်ရေးတွေလည်း အမြောက်အများရှိနေပါတယ်။
Ref ; www.boredpanda.com