အင်ဒိုနီးရှားနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို မငြှိမ်းသတ်နိုင်ရင် စစ်တပ်တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အလုပ်ဖြုတ်ပစ်မယ်လို့ အင်ဒိုနီးရှား သမ္မတဖြစ်တဲ့ ဂျိုကိုဝီဒိုဒိုက သြဂုတ်လ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ဒီလို မီးငြှိမ်းသတ်ဖို့အတွက် လိုအပ်တဲ့ ဒရုန်းလိုမျိုး အဆင့်မြင့်နည်းပညာသုံး ပစ္စည်းကိရိယာတွေကို ထောက်ပံ့မယ်လို့ သူက ကတိပေးထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားနေပြီး စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုကြောင့် ဆူမားတြားမှာရှိတဲ့ ပြည်နယ် ၆ ခုနဲ့ ဘော်နီယိုကျွန်းပေါ်က ကာလီမန်တန် ပြည်နယ်တို့မှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
“တောမီးနဲ့ လယ်ယာမီးလောင်မှုတွေကို ဖြေရှင်းနိုင်ခြင်း မရှိသူတွေအနေနဲ့ ရာထူးကနေ အစားထိုးခြင်း ခံရမယ်လို တပ်မှူးနဲ့ ရဲချုပ်တွေကို ကျနော် ဖုန်းဆက်ထားတယ်”လို့ သမ္မတနန်းတော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုမှာ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
“အပူချိန်မြင့်တက်နေတဲ့ နေရာတွေကို ဘယ်တော့မှ အထင်မသေးနဲ့။ မီးလောင်မှုဖြစ်ရင် ချက်ချင်းငြှိမ်းသတ်ကြပါ။ မီးကြီးတဲ့အထိ မစောင့်ပါနဲ့”လို့ အဲဒီအစည်းအဝေးမှာ ထည့်သွင်းမှာကြားခဲ့ပါသေးတယ်။
အင်ဒိုနီးရှား လယ်သမားများဟာ လယ်ယာစိုက်ပျိုးဖို့ အတွက် တောရိုင်းမြေတွေကို မီးရှို့ရှင်းလင်းလေ့ ရှိပြီး ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ ရှို့တာကြောင့် မီးမထိန်းနိုင်ခြင်းတွေ ဖြစ်ပေါ်လေ့ရှိပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ စင်ကာပူနိုင်ငံများအထိ မီးခိုးငွေ့ ပျံ့နှံ့ခြင်းတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၅ မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒီနှစ်မှာ စံချိန်တင် ပူပြင်းမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ကျရောက်နေတဲ့ မြူတွေနဲ့ မီးခိုးငွေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား သမ္မတဟာ အနီးကပ်ဆုံး အိမ်နီးချင်းတွေဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကို တရားဝင်ခရီး သွားရောက်ဖို့လည်း ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ အပူချိန်မြင့်တက်ခဲ့တဲ့ နေရာပေါင်း ၉၇၅ ခုကျော် ရှိပြီး မြေစတုရန်းမီတာပေါင်း ၁သိန်းကျော် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတအနေနဲ့ကတော့ ဒရုန်းလိုမျိုး အဆင့်မြင့် မီးသတ်ကိရိယာတွေကို နယ်မြေအစိုးရက ဝယ်ယူဖို့ ဘတ်ဂျက် မလုံလောက်ဘူးဆိုရင် သူဝယ်ပေးမယ်လို့ ကတိပေးထားပါတယ်။
အစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ မီးလောင်နေတဲ့ မြေတွေအပေါ် လေယာဉ်နဲ့ ရေဖြန်းချမှုတွေ ပြုလုပ်နေပြီး မီးခိုးငွေ့ ပျံ့နှံမှု လျော့နည်းအောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref. channelnewsasia
You may also like these stories: