အင်ဒိုနီးရှားအိမ်ရှင် သမ္မတ ဂျိုကို ဝီဒိုဒို ဦးဆောင်သည့် အရှေ့တောင်အာရှ ခေါင်းဆောင်များသည် အဖြေရှာမတွေ့နိုင်သည့် သဘောထားကွဲစရာ ပြဿနာများ ဝိုင်းနေစဉ် ယခုနှစ်အတွက် နောက်ဆုံး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပတော့မည်။ ထိုပြဿနာများတွင် မြန်မာမှ အသေအပျောက်များသော ပြည်တွင်း ပဋိပက္ခ၊ အငြင်းပွားနေသော တောင်တရုတ်ပင်လယ်မှ ပြဿနာများနှင့် ကာလကြာမြင့်ပြီဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ် အားပြိုင်မှုတို့ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး အင်္ဂါနေ့တွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။ ထုံးစံအားဖြင့် တက်ရောက်လေ့ရှိသော အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် မတက်ရောက်ခြင်းသည် ထို ၁၀ နိုင်ငံအဖွဲ့၏ အစဉ်အလာ ညီညွတ်မှုပြသခြင်းနှင့် အုပ်စုလိုက် လက်စွဲနှုတ်ဆက်ခြင်း၏ မှောင်မိုက်သောနောက်ခံကို ပိုမိုမှောင်မိုက်သွားစေသည်။
ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ ဥပဒေရေးနှင့် လုံခြုံရေး ညှိနှိုင်းရေးဝန်ကြီး မိုဟာမက် မာဖတ်က ၎င်းတို့အသိုက်အဝန်း၏ အင်အားကို အကျပ်အတည်း တခုပြီးတခုက စိန်ခေါ်နေကြောင်း ဒေသတွင်းမှ ထိပ်တန်း သံတမန်များကိုပြောသည်။
မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အားထုတ်မှုများ တိုးတက်မှုမရှိခြင်းသည် ASEAN အပေါ် အနုတ်လက္ခဏာတခု ချန်ထားခဲ့ကြောင်း သူပြောပြီး ပထဝီနိုင်ငံရေးတင်းမာမှုနှင့် အားပြိုင်မှု အရှိန်မြင့်မားလာခြင်းသည် ဒေသက ရင်ဆိုင်ရမည့် ဗြောင်ကျသည့် ပဋိပက္ခသို့ ဦးတည်သွားနိုင်ကြောင်း သတိပေးသည်။
မြန်မာကို ပုံမှန်အခြေအနေရောက်အောင် ကူညီရန် ခေါင်းဆောင်များ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီပြောသည်။
အင်္ဂါနေ့ဆွေးနွေးပွဲများ ပြီးဆုံးသောအခါ ASEAN ခေါင်းဆောင်များသည် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တွင် အာရှနှင့် အနောက်တိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး အမေရိကန် ပြည်ထောင်စု၊ တရုတ်နှင့် ၎င်းတို့ မဟာမိတ်များက လွတ်လပ်သော ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကျယ်ပြန့်သော ဆွေးနွေးပွဲများအတွက် အသုံးပြုသည့် ပိုမိုကျယ်ပြန့်သည့် အစည်းအဝေးကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးသည် ၎င်းတို့၏ အားပြိုင်မှုများအတွက် စစ်မြေပြင်ဖြစ်သည်။
တရုတ်ဝန်ကြီးချုပ် လီချန့်သည် ၁၈ နိုင်ငံ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအပါအဝင် ထိုအစည်းအဝေးများကို တက်ရောက်ရန် စီစဉ်ထားသည်။ ထိုအစည်းအဝေးများ၌ သူသည် ဘိုင်ဒင်ကိုယ်စား တက်ရောက်သည့် အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ASEAN အစည်းအဝေး မတက်ရောက်ဘဲ ဘိုင်ဒင်သည် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးတက်ရန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဗီယက်နမ်သို့သွားမည်ဖြစ်သည်။ ဘိုင်ဒင်သည် ASEAN ကို ပထဝီနိုင်ငံရေး ဦးစားပေးများတွင် အဆင့် လျှော့ချခြင်းမဟုတ်ကြောင်း ဝါရှင်တန်က ပြောကြားပြီး အရှေ့တောင်အာရှနှင့် အမေရိက ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဘိုင်ဒင်၏ အားထုတ်မှုများကို ကိုးကားပြောဆိုသည်။
“ကနဦးကတည်းက အစိုးရတရပ်အနေနဲ့ ကျနော်တို့လုပ်ခဲ့တာတွေကို ကြည့်ပြီး ကျနော်တို့ အင်ဒိုပိစိဖိတ်ကို စိတ်မဝင်စားဘူး၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ သူတို့နဲ့ ဆက်ဆံရေးကို ကျနော်တို့ ဦးစားမပေးဘူးလို့ ကောက်ချက်ချဖို့ဆိုတာ ခက်ခဲပါတယ်” ဟု အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ ဂျွန်ကာဘီက သောကြာနေ့က ဝါရှင်တန်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှုအား ကိုင်တွယ်နေရစဉ် သူ့အစိုးရ၏ အရှေ့တောင်အာရှဆိုင်ရာ ကတိကဝတ်ကို ဖေါ်ပြရန် နိုဝင်ဘာလတွင် ဘိုင်ဒင်သည် ကမ္ဘောဒီးယားတွင် ကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး ၂၀၂၂ ခုနှစ်မေလတွင် ASEAN ၈ နိုင်ငံခေါင်းဆောင်များကို အိမ်ဖြူတော်တွင် လက်ခံဆွေးနွေးသည်။
ဘိုင်ဒင်အစိုးရသည် အရှေ့တောင်အာရှအပါအဝင်ဖြစ်သော အင်ဒိုပိစိဖိတ်ဒေသတွင် လုံခြုံရေး မဟာမိတ် စက်ဝန်း တောင့်တင်းအောင်လုပ်နေသောကြောင့် တရုတ်ကစိုးရိမ်နေသည်။
ဘိုင်ဒင်မတက်ရောက်ခြင်းနှင့်ပတ်သက်ပြီး စိတ်ပျက်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီ နာတာလီဂါဝါက ပြောပြီး ထိုသို့သော သတိပေးသည့် လက္ခဏာများသည် ASEAN ၏ ခေတ်နှင့် လိုက်လျှောညီထွေဖြစ်မှု ကျဆင်းလာကြောင်း ပြသသည့် တုန်လှုပ်စရာ လက္ခဏာများဖြစ်ကြောင်း သတိပေးသည်။
“အမေရိကန် သမ္မတ မတက်ရောက်ခြင်းဟာ ကျနော့်အတွက် စိတ်ပျက်စရာကောင်းပြီး အရေးပါတဲ့ သင်္ကေတ ဖြစ်ပေမယ့် ကျနော် မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပိုမိုစိုးရိမ်စရာကောင်းတာက ASEAN အတွက် ပိုမို အခြေခံကျတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ သဘောဘာဝ အရေးပါမှု လျှော့ကျလာတာဖြစ်တယ်” ဟု နာတာလီဂါဝါက AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောသည်။
စစ်အေးခေတ်အတွင်း ၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့သော ASEAN တွင် အဖွဲ့ဝင်နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရန် မူ တခုရှိသည်။ ထိုအဖွဲ့သည် ဘုံသဘောတူညီချက် ချမှတ်ဆုံးဖြတ်သောကြောင့် အဖွဲ့ဝင်တနိုင်ငံတည်းကပင် ၎င်းမလိုလားသည့် ဆုံးဖြတ်ချက် အဆိုပြုချက်များကို ပယ်ချလိုက်နိုင်သည့်သဘောဖြစ်သည်။
ထိုအခြေခံစည်းမျဉ်းများသည် မွေးကင်းစ ဒီမိုကရေစီနိုင်ငံများမှသည် ရှေးရိုစဉ်လာ ဘုရင်စနစ်နိုင်ငံများအထိ လုံးဝကွဲပြားခြားနားသည့် အဖွဲ့ဝင်များကို ဆွဲဆောင်ခဲ့သော်လည်း နိုင်ငံတော် ကမကထပြု ရက်စက်ကြမ်းကြုတ်မှုများအား အရေးယူမှု မလုပ်နိုင်စေရန် အဖွဲ့အစည်းကို ကန့်သတ်ထားသည်။
လက်ရှိ ထိုအုပ်စုတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။
လူ့အခွင့်အရေးချိုးဖေါက်သော ရက်စက်ကြမ်းကြုတ်မှုများ မကျူးလွန်အောင် မြန်မာစစ်တပ်ကို မတားဆီးနိုင်ခြင်းနှင့် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင် ထောက်ပံ့ရေး သင်္ဘောတစီးကို တရုတ်ကမ်းခြေစောင့်တပ်က မကြာသေးမီက မီးသတ်ပိုက်များဖြင့် တိုက်ခိုက်သည်ကို နှုတ်ဆိတ်နေခြင်းတို့ကြောင့် အဖွဲ့၏ အာရှ သံတမန်ရေး ဗဟိုချက်ဖြစ်ရေး ရည်မှန်းချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အဖွဲ့ဝင် နိုင်ငံများသည် လုံခြုံရေးအတွက် အမေရိကန် သို့မဟုတ် တရုတ် တနိုင်ငံငံကို အားကိုးနေရသည်ဟု နာတာလီဂါဝါက ပြောသည်။
“ASEAN ရဲ့ ပျက်ကွက်မှု မဖြည့်ဆည်းနိုင်တဲ့ လိုအပ်ချက်တွေကို ဖြစ်စေပြီး အဲဒီလိုအပ်ချက်တွေကို အခြားနေရာတွေက ဖြည့်ဆည်းပေးနေတယ်” ဟု သူပြောသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချသည့်စစ်အာဏာသိမ်းမှု အပြီး နှစ်နှစ်ကျော်ကြာလာသည့် မြန်မာပြည်တွင်း ပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုသည် ယခုဂျကာတာတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် ယခင်နှစ်များအတိုင်း အရိပ်မဲထိုးကျနေမည်ဟု မျှော်လင့်ရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒေသတွင်းစီးပွားရေးများ တိုးတက်စေရေးကို အာရုံပြောင်းရန် ကြိုးစားနေပြီး ယခုထိပ်သီးဆွေးနွေးပွဲဆောင်ပုဒ်ကို “ASEAN အရေးပါဖို့ စီးပွားတိုးတက် ဗဟိုချက်ဖြစ်အောင် လုပ်ကြစို့” ဟု ချမှတ်ထားသော်လည်း ပထဝီ နိုင်ငံရေးနှင့် လုံခြုံရေး ပြဿနာများသည် ဆက်လက်စိတ်အနှောင့်အယှက်ဖြစ်စေကာ သံတမန်ရေး နောက်ဆက်တွဲ ပြဿနာများကိုဖြစ်စေသည်။

ခေါင်းဆောင်မှုပိုင်းတွင် မြန်မာနှင့် ထိတွေ့ဆက်ဆံရမည်ဆိုပါက ASEAN နှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးထားသည်။ ဥရောပသမဂ္ဂက သတိပေးပြီးနောက်တွင် အသိအမှတ်အပြုမခံရသော်လည်း အဖွဲ့ဝင်ဆက်လက်ဖြစ်နေသည့် မြန်မာမှ စစ်ကောင်စီက ၎င်းတို့သည် ၂၀၂၆ ခုနှစ်တွင် စီစဉ်ထားသည့် အလှည့်ကျဥက္ကဌတာဝန်မယူနိုင်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်သည်ဟု အရှေ့တောင်အာရှ သံတမန် ၃ ဦးပြောသည်။
ထိုနှစ်အတွက် မြန်မာနေရာတွင် အစားထိုးရန် ဖိလစ်ပိုင်ကို တောင်းဆို မဆို ASEAN ခေါင်းဆောင်များ ဂျကာတာတွင် ဆုံးဖြတ်ရမည်ဖြစ်သည်ဟု ထိုသံတမန်များပြောသည်။ ထိုကိစ္စကို လူသိရှင်ကြား ဆွေးနွေးရန် ခွင့်ပြုချက် မရှိသောကြောင့် ထိုသံတမန်များက အမည်ထုတ်ဖေါ်ခြင်း မရှိပေ။
မြန်မာနိုင်ငံသည် ASEAN-EU ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် နောင်နှစ်မှ စတင်သည့် ၃ နှစ်ကြာ တာဝန်ကိုလည်း ယူမည့်သဘောမရှိကြောင်း အထက်ပါ သံတမန်များပြောသည်။
မြန်မာအကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပါက ASEAN အပေါ် အယုံအကြည်ရှိမှုသည် ပစ်မှတ်ဖြစ်နေမည်ဟု ဂျကာတာအခြေစိုက် သုတေသီနှင့် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒင်နာ ပရက်တို ရာဟာဂျာပြောသည်။ အဖွဲ့အစည်းတွင် ထိုသို့သော ပြည်တွင်း ပဋိပက္ခအတွက် ပဋိပက္ခ ဖြေရှင်းရေး ယန္တရားမရှိသော်လည်း ထိုသို့သော ပြဿနာများကို ကူညီဖြေရှင်းရန် အဖွဲ့အစည်း၏ သက်ရောက်မှုနှင့် အဆက်အသွယ်များကို ထိန်းချုပ်နိုင်လောက်အောင် ပြုလွယ်ပြင်လွယ်ဖြစ်သင့်သည်ဟု သူပြောသည်။
ထိုသို့ လေးနက်သည့် အမြင်များနှင့် အဖွဲ့အစည်းအပေါ် ဖိအားများသည် အပြောင်းအလဲတခု ဖြစ်စေနိုင်ကြောင်း မာဆူဒီ ဝန်ခံသည်။
“ကျမတို့ ပြည်သူတွေက ASEAN ဟာ အရေးပါသေးကြောင်း သက်သေပြဖို့ ကျမတို့ကို တိုက်တွန်းနေတယ်” ဟု မာဆူဒီက မိတ်ဆွေနိုင်ငံခြားရေးဝန်ကြီးများကို ပြောသည်။
ကိုးကား။ ။ AP သတင်း Southeast Asian leaders are besieged by thorny issues as they hold an ASEAN summit without Biden
You may also like these stories:
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ
တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ
အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၅)