ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ “မြန်မာ့တော်လှန်ရေးကို အကဲဖြတ် အမှတ်ပေးခြင်း” ဆိုတဲ့ အမေရိကန်၊ ဟာဝိုင်အီ တက္ကသိုလ်က Ph.D ကျောင်းသား လျန်ဘွေထန်းရဲ့ ဆောင်းပါးကို ဖတ်ဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့် ပြန်ပြီး ငြင်းဖို့လည်း ကောင်းပါတယ်။
သူရေးထားတဲ့အထဲမှာ သိပ်လောတဲ့ ကောက်ချက်တွေ ပါနေသလို သက်သေ သက္ကာယမရှိတဲ့ အကောက်အယူတွေကို ပြန်ချေပဖို့ လိုပါတယ်။ သူရေးတဲ့ ခရီးရောက်မှုကို အကဲဖြတ်ခြင်းဆိုရာမှာ ဒီတော်လှန်ရေးက ရှုံးမှာပဲဆိုတဲ့ အခံကို မြင်ရလို့ပါ။
သူ့ဆောင်းပါးထဲက ဆက်စပ်ပြီး မေးခွန်းထုတ်စရာတွေ ပါလာတဲ့ တချို့ အရေးမကြီးတဲ့ အကောက်အယူတွေကိုတော့ ပြန်ငြင်းဖို့ ကျနော် စိတ်ကိုမကူးပါဘူး။ နောက်ပြီး အထက်မှာ ပြောခဲ့တဲ့ အရှုံးပေးရေးဝါဒက မြန်မာအကြောင်းကို ရေးနေတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကြားထဲမှာ ရှုထောင့်ပေါင်းစုံနဲ့ ဒီလိုမျိုး ထွက်လာနေတာမျိုး မဟုတ်ဘူးဆိုရင် ကျနော် ပြန်ငြင်းဖို့ လုပ်မှာ မဟုတ်ပါဘူး။
အရှုံးပေးရေးဝါဒက မြန်မာအကြောင်းကို ရေးနေတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကြားထဲမှာ ရှုထောင့်ပေါင်းစုံနဲ့ ဒီလိုမျိုး ထွက်လာနေတာမျိုး မဟုတ်ဘူးဆိုရင် ကျနော် ပြန်ငြင်းဖို့ လုပ်မှာ မဟုတ်ပါဘူး။
လျန်ဘွေထန်း ပြောခဲ့တဲ့အထဲမှာ အောက်ပါအဆိုကိုတော့ ကျနော် ပြန်ပြီး ထောက်ချင်ပါတယ်။
“ပြည်သူတွေ ညီညွတ်အောင်လုပ်ဖို့ဆိုရင် သြဇာကြီးပြီး လူတွေ ညွှတ်လောက်အောင် ကြည်ညိုတဲ့ ခေါင်းဆောင် မရှိမဖြစ် လိုအပ်တယ်။ အဲဒီလိုလူမျိုးကမှ လူထုကို စည်းရုံးထားနိုင်ပြီး နိုင်ငံတကာမှာလည်း ယုံကြည်မှုမယ်။ ရန်သူအပေါ် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖို့အတွက်လည်း ဒီအချက်က လိုအပ်တယ်။”

နောက်ထပ်သူပြောထားတာကတော့ “တော်လှန်ရေးဟာ သုံးနှစ်ထဲဝင်လာတဲ့အချိန်မှာ တော်လှန်ရေး ရန်ပုံငွေ အခက်အခဲတွေဟာ တော်လှန်ရေးအင်အားစုတွေ ထပ်ပြီး အင်အားချဲ့ထွင်နိုင်ဖို့အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်လာပြီး ရန်ပုံငွေ မရှိလို့ ရပ်တည်ဖို့တောင် ခက်ခဲလာတယ်။ အမေရိကန်လွှတ်တော်က ‘Burma Act’ ခေါ်တဲ့ ဗမာပြည်ဥပဒေက တော်လှန်ရေးကို အားကောင်းကောင်းနဲ့ မောင်းနှင်ပေးနိုင်မယ့် အားတခုလို့ မျှော်လင့်ထားခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အမိန့်ပေးကွင်းဆက် (chain of command) တခုတည်းအောက်မှာ စုစည်းမိဖို့၊ NUG ရဲ့ ငွေကြေး အခက်အခဲတွေကို ပြေလည်စေဖို့ အကြောင်းတရား ဖြစ်လာမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ ပုံစံကို ကြည့်လိုက်ရင် မြန်မာစစ်တပ်ကို ခုခံကြသူတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အား ပေးဖို့လောက်ကို အဓိက ဦးတည်နေတယ်ဆိုတာကို တွေ့ရတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ကြည့်ရင် အာဏာလေဟာနယ်တရပ် ဖြစ်နေပြီး ဘယ်ဘက်ကမှလည်း ချက်ချင်း နေရာဝင်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေကြောင့် သွေးထွက်သံယိုမှုတွေ ပိုများလာပြီး မတည်ငြိမ်မှုတွေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အတိဒုက္ခရောက်မှုတွေက ပိုဆိုးလာမှာ ဖြစ်ပါတယ်။”
ပြည်သူတွေကို စည်းရုံးနိုင်တဲ့ စန်းနဲ့ ဩဇာရှိတဲ့ခေါင်းဆောင် လိုအပ်ချက်
ပြည်သူတွေကို စည်းရုံးနိုင်တဲ့ စန်းနဲ့ ဩဇာရှိတဲ့ ခေါင်းဆောင်တယောက်ရှိတာဟာ တချို့အခြေအနေတွေမှာတော့ အားသာချက် ဖြစ်နိုင်ပါတယ်။ ဥပမာ နိုင်ငံခြားတိုင်းပြည်တခုခုက လာတိုက်တာကို ပြန်ခုခံရတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကိုလိုနီနယ်ချဲ့တွေကို ကိုလိုနီအပြုခံနိုင်ငံအနေနဲ့ ပြန်တိုက်ရတဲ့အခါမျိုးမှာ အသုံးဝင်နိုင်ပါတယ်။
ဒါမှမဟုတ် အင်မတန် လူမုန်းများတဲ့ အစိုးရတရပ်က တဖက်၊ နိုင်ငံအရေးအတွက် တွန်းနေတဲ့ ညီညွတ်တဲ့အင်အားစု တခုကတဖက် တိုက်နေတဲ့ အခြေအနေမျိုးမှာလည်း ခေါင်းဆောင်ကောင်း ရှိတာက ပိုကောင်းနိုင်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံလို နိုင်ငံရေးလမ်းစဉ်နဲ့ လူ့အဖွဲ့အစည်းပုံစံတွေ မတူခြားနားစွာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ အမျိုးသားခေါင်းဆောင်တယောက်ရှိနေတဲ့ မော်ဒယ်က အလုပ်ဖြစ်ဖို့ ခက်ပါတယ် (ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူများစု ထောက်ခံတဲ့ ခေါင်းဆောင်ဆိုပေမယ့် တနိုင်ငံလုံး စည်းလုံးညီညွတ်စေတဲ့ ခေါင်းဆောင်တော့ မဖြစ်လာပါဘူး)။
ခေါင်းဆောင်တယောက်က ဦးဆောင်တဲ့မော်ဒယ်ဟာ မြန်မာနိုင်ငံလို အခြေအနေနဲ့ အလုပ်မဖြစ်တာ ကြာပါပြီ။ ဒီလိုမော်ဒယ်မျိုးကို မျှော်ပြီး ကြေကွဲနေမယ့်အစား၊ ဒီလို ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်မရှိလို့ ရှုံးရတော့မှာပဲဆိုတဲ့ အရေးနိမ့်ခြင်းကို ရွှေကြိုလုပ်နေတဲ့ ဝါဒအစား စုပေါင်းလုပ်ကိုင်နိုင်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှုပုံစံကို ယုံယုံကြည်ကြည် တည်ဆောက်ပြီး ခရီးဆက်ကြတာက ပိုပြီး ကောင်းပါလိမ့်မယ်။
ခေါင်းဆောင်တယောက်က ဦးဆောင်တဲ့မော်ဒယ်ဟာ မြန်မာနိုင်ငံလို အခြေအနေနဲ့ အလုပ်မဖြစ်တာ ကြာပါပြီ။ ဒီလိုမော်ဒယ်မျိုးကို မျှော်ပြီး ကြေကွဲနေမယ့်အစား၊ ဒီလို ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်မရှိလို့ ရှုံးရတော့မှာပဲဆိုတဲ့ အရေးနိမ့်ခြင်းကို ရွှေကြိုလုပ်နေတဲ့ ဝါဒအစား စုပေါင်းလုပ်ကိုင်နိုင်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှုပုံစံကို ယုံယုံကြည်ကြည် တည်ဆောက်ပြီး ခရီးဆက်ကြတာက ပိုပြီး ကောင်းပါလိမ့်မယ်။ ဒီမော်ဒယ်က ခြောက်ပစ်ကင်းသဲလဲစင်တော့ မဖြစ်နိုင်ပေမယ့် တဦးတည်းရဲ့ ခေါင်းဆောင်မှုကို မျှော်တာထက် ပိုကောင်းနိုင်ပါတယ်။
ဒီလိုယှဉ်ပြရတာဟာ ပြည်သူတွေအတွက် အရေးပေါ် အခြေအနေတွေ၊ ပြဿနာကြီးတွေ ကြုံကြတဲ့အခါမှာ အာဏာရှင်အစိုးရနဲ့ ဒီမိုကရေစီအစိုးရ ဖြေရှင်းပုံတွေ ကွာခြားတတ်တာကို နှိုင်းယှဉ်ပြကြတာမျိုး ဖြစ်နေပါဦးမယ်။
အရေးကိစ္စတွေရှိလာရင် တသွေးတသံတမိန့် အပေါ်က လာတဲ့ အာဏာကို ကျင့်သုံးပြီး စီမံတဲ့ အာဏာရှင်ပုံစံနဲ့ လူထုကို အမိန့်ပေးပြီး ဖြေရှင်းကြတာက ပြဿနာကို ဖြေရှင်းရာမှာ ပိုပြီး ထိရောက်သလိုလို ထင်ရတယ်။ အချိန်တိုတိုနဲ့ ဆောင်ရွက်နိုင်တယ်။ အမိန့်စီးဆင်းပုံအရ အထက်ကပြောရင် အောက်က အားလုံးက လိုက်နာရတယ်။ ဆုံးဖြတ်ချက်တခုကို အကောင်အထည်ဖော်မယ်ဆိုရင် မြန်ဆန်တယ် စသဖြင့် မြင်လာနိုင်တယ်။
တချိန်တည်းမှာ ဒီမိုကရေစီကိုတော့ တခုခု အကောင်အထည်ဖော်ဖို့ဆိုရင် နှေးကွေးတယ်။ ညှိနှိုင်းရတာ ရှုပ်ထွေးတယ်။ အရှိန်ယူနေရတာနဲ့တင် အချိန်ကုန်တယ်။ အားလုံး အတူတကွ လိုက်ပါနိုင်တဲ့ ဗျူဟာကျကျ စုဆောင်းဆောင်ရွက်မှု ထွက်လာဖို့ မလွယ်ဘူး စသဖြင့် ယူဆနိုင်တယ်။ ဒါပေမယ့် အချိန်တန်ရင် တကယ့် အကျပ်အတည်းတွေနဲ့ တွေ့လာရင်၊ နိုင်ငံအရေးတွေရှိလာရင် ဒီမိုကရေစီကိုပဲ လူတွေက လက်ခံပါတယ်။
လူတွေကို ဒီမိုကရေစီနည်းက ပိုပြီး စုစည်းပေးတယ်။ တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ ထည့်ဝင်ကြစေတယ်။ အာဏာရှင်စနစ်ကတော့ ကိုယ့်ရှုံးမယ့်လမ်း ကိုယ်ထွင်သလိုပါ။ အာဏာရှင်စနစ်မှာ ဆုံးဖြတ်ချက်အမှားတွေ လုပ်ဖြစ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆုံးအဖြတ်ကို ခေါင်းဆောင်တွေကသာ ချပြီး သူတို့ မှန်၊ မမှန် ပြန်ထောက်ပြမယ့်စနစ် မဟုတ်နေလို့ပဲ။ အဲဒီလို အဖြစ်အပျက်တွေ သမိုင်းမှာ တင်းကြမ်းပြည့်နေတယ်။
ဘဏ္ဍာရေး အခက်အခဲ
ဟုတ်ပါတယ်။ ဘဏ္ဍာရေး အခက်အခဲက စိန်ခေါ်မှု တော်တော်ကြီးပါတယ်။ ဒါပေမယ့် ဒီနေရာမှာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တဖက်မှာ ဘဏ္ဍာရေး အကျပ်အတည်းက လူထုနဲ့ တော်လှန်ရေးအတွက် အင်မတန် ဖိစီးပါတယ်။
တချိန်တည်းမှာပဲ ဘဏ္ဍာရေး အကျပ်အတည်းက စစ်အာဏာရှင်တွေကိုလည်း အခက်အခဲတွေ့စေပါတယ်။ စစ်တပ်ဟာ ငွေတဖြည်းဖြည်း ခန်းလာနေပါတယ်။ ပြီးခဲ့တဲ့တလောကို ကြည့်ရင် သူ့အခက်အခဲက ပိုပြီး ဆိုးရွားလာပါတယ်။ စစ်အာဏာပိုင်တွေဟာ သူတို့ရဲ့ စစ်ယန္တရားကြီး ဆက်လည်နေအောင်လုပ်ဖို့ ငွေကို ပိုလိုအပ်လာပါတယ်။

လူတွေကို ညှဉ်းဆဲဖိနှိပ်မှု အရင်းပြုလို့ အကျင့်ပျက်ခြစားတဲ့ ဆရာမွေးတပည့်မွေးစနစ်ကြီးကို အခြေတည်ပြီး တည်ဆောက်ထားတဲ့ ဒီအာဏာယန္တရား ဆက်ပြီး လည်ပတ်နေဖို့ ငွေက အဓိကပါ။ ဒါ့ကြောင့် ဘဏ္ဍာရေး အကျပ်အတည်းဟာ တော်လှန်ရေးဘက်တော်သားတွေ အတွက်ရော စစ်တပ်အတွက်ရော မီးစာကုန် ဆီခန်း မဖြစ်အောင် အချိန်နဲ့အမျှ အရေးကြီးနေတာပါ။ ဆက်တောင့်ထားနိုင်ဖို့ အချိန် သိပ်မရှိတော့တာက တော်လှန်ရေးဘက်မှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်မှာလည်း ဖြစ်ပျက်နေတာပါ။
ဘဏ္ဍာရေး အကျပ်အတည်းဟာ တော်လှန်ရေးဘက်တော်သားတွေ အတွက်ရော စစ်တပ်အတွက်ရော မီးစာကုန် ဆီခန်း မဖြစ်အောင် အချိန်နဲ့အမျှ အရေးကြီးနေတာပါ။ ဆက်တောင့်ထားနိုင်ဖို့ အချိန် သိပ်မရှိတော့တာက တော်လှန်ရေးဘက်မှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ စစ်တပ်ဘက်မှာလည်း ဖြစ်ပျက်နေတာပါ။
ဒီနေရာမှာ ကျနော်တို့ မမှန်းဆနိုင်၊ မတွက်ချက်နိုင်တာက ဘယ်သူက ပိုပြီး ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာပါ။ ဘယ်ချိန်ကျရင် မခံနိုင်တော့တဲ့အချိန်ကို ရောက်ပြီး တစခန်းရပ်မလဲဆိုတာကို စိုးရိမ်ရတာက နှစ်ဖက်စလုံးပါ။
နောက်တချက်ကတော့ တော်လှန်ရေးသမားတွေနဲ့ လူထုအတွက် ရန်ပုံငွေ အခက်အခဲဟာ ကြီးလွန်းလို့ တော်လှန်ရေးဟာ ဖိစီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို ဖိစီးလို့ မကြာခင် ရပ်တန့်သွားမှာပဲဆိုတဲ့ အကောက်အယူဆီကို အလောသုံးဆယ် တလွဲရောက်သွားဖို့ မလိုပါဘူး။
ဒီနေရာမှာ သမိုင်းထဲက လူထုလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဒီထက်ကြီးတဲ့ အခက်အခဲတွေကိုတောင် ကျော်နိုင်ခဲ့တဲ့ လှုပ်ရှားမှုတွေ အများကြီးပဲ ရှိပါတယ်။ အင်မတန် အင်အားသာလွန်ပြီး မကျော်နိုင်ဘူးလို့ ထင်ရတဲ့ ရန်သူကို ဖြိုနိုင်ခဲ့တဲ့ ဥပမာ၊ ပြည်သူက ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာတွေ အများကြီးရှိပါတယ်။
သိပ်မကြာခင် တော်လှန်ရေးပြိုမှာပဲ ဆိုတဲ့ တီးလုံးကို အလျင်စလို မတီးသေးတာက ပိုကောင်းပါလိမ့်မယ်။ တော်လှန်ရေးဘက်ကိုရော စစ်တပ်ဘက်ကိုရော နှစ်ဖက်စလုံးက အားသာချက်နဲ့ အားနည်းချက်တွေကို ပီပီပြင်ပြင် အတိအကျ သုံးသပ်ကြတာက ပိုပြီးသင့်တော်ပါတယ်။
တော်လှန်အင်အားစုတွေရဲ့ စိတ်ဓာတ်ခွန်အား တက်အောင်၊ ရန်ပုံငွေနဲ့ ပစ္စည်းအင်အား၊ လူအင်အားပံ့ပိုးမှုတွေ ရအောင် ဆောင်ရွက်နေပုံကိုရော စစ်တပ်ဘက်မှာ ရှိနေသေးတဲ့ အင်အားကိုရော အစိတ်အပိုင်း တခုချင်း ချက်ကျလက်ကျ သုံးသပ်နိုင်ကြဖို့ပါ။ ဒီလိုလုပ်မှသာ ရလဒ်က ပိုပြီး မြင်သာမှာဖြစ်ပြီး မတတ်နိုင်တော့ဘူး၊ အရှုံးပေးလိုက်ကြစို့ ဆိုတဲ့ ဇာတ်ကြောင်းမျိုး ဖြန့်နေတာက ရပ်သွားမှာပါ။
ဗမာပြည်အက်ဥပဒေ (The Burma Act)
လူတော်တော်များများ မျှော်လင့်ခဲ့ကြသလို၊ တောင့်တခဲ့ကြသလို ဗမာပြည်အက်ဥပဒေဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့ဘူးဆိုတာ မှန်ပါတယ်။ ဘိုင်ဒင်အစိုးရက ဒါကို စိတ်မပါလက်မပါနဲ့ မစို့မပို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီဥပဒေရဲ့ သက်ရောက်မှုကလည်း အဖြစ် အရေးယူပြတယ်ဆိုရုံလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ခုချိန်ထိ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးကို ထိထိရောက်ရောက်ကူနေတဲ့ အပြင်နိုင်ငံတကာ အင်အားဆိုတာ ပြောပြလောက်အောင် မရှိပါဘူး။ ဒါတောင်မှပဲ အားမရှိတရှိ အခြေအနေကနေ အားကောင်းလာတဲ့ဆီကို ရောက်လာခဲ့ပြီးကြပါပြီ။ (ဘာမှမရှိတဲ့ သုညအခြေအနေကနေ အချိန်နဲ့အမျှ ကြီးထွားလာတဲ့ အင်အားစုကြီးတခု ဖြစ်လာခဲ့ကြပါပြီ။)
ဒါ့ကြောင့် အပြင်က အကူအညီမပါရင် ဒီလူသတ်သမား၊ လူရမ်းကား စစ်တပ်ရဲ့ရန်ကနေ လွတ်မြောက်အောင် ခုချိန်ထိ လုပ်နေတဲ့ ပြည်သူတွေရဲ့ ကိုယ့်အားကိုယ်ကိုး တော်လှန်ရေးလမ်းကြောင်းက ဘာလို့ အားပျော့သွားမယ်လို့ ယူဆရတာပါလဲ။ လက်ရှိလူထုရဲ့ ထောက်ခံမှုနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ အင်အားရယ်၊ ခုချိန်ထိ မကျသွားသေးတဲ့ တော်လှန်ရေး စိတ်ဓာတ်ရယ်၊ တော်လှန်မှ ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုရယ် ရှိနေလျက်သားနဲ့ ဆက်ပြီး မတော်လှန်နိုင်တော့ဘဲ အားပျော့သွားမယ်လို့ ဘာ့ကြောင့်များ ထင်ရတာပါလဲ။
လက်ရှိလူထုရဲ့ ထောက်ခံမှုနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ အင်အားရယ်၊ ခုချိန်ထိ မကျသွားသေးတဲ့ တော်လှန်ရေး စိတ်ဓာတ်ရယ်၊ တော်လှန်မှ ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုရယ် ရှိနေလျက်သားနဲ့ ဆက်ပြီး မတော်လှန်နိုင်တော့ဘဲ အားပျော့သွားမယ်လို့ ဘာ့ကြောင့်များ ထင်ရတာပါလဲ။
တော်လှန်ရေးဟာ အပြင်ကနေ ပေးလာမယ့် ထောက်ခံမှုတွေမပါရင် ကျရှုံးသွားမှာပဲလို့ ဘာလို့ တလွဲကောက်ယူရတာပါလဲ။ အပြင်က လာတဲ့အကူအညီတွေဟာ စစ်တပ်ကို တော်လှန်တဲ့နေရာမှာ တစုံတရာ အတိုင်းအတာအထိ အရှိန်ရအောင် ကူညီနိုင်လိမ့်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒီလိုအကူအညီတွေရလာအောင် လုပ်နေတဲ့ အားထုတ်မှုတွေဟာလည်း မရပ်သွားသေးပါဘူး။
ဒီအကူအညီတွေ မရောက်လာသေးဘူးဆိုတာနဲ့ တော်လှန်ရေးက ကျရှုံးပြီလို့ ကောက်ယူလို့ မရပါဘူး။ ကျရှုံးစရာလည်း မရှိပါဘူး။ အခုဆိုရင် တော်လှန်ရေးက ပိုပြီးတော့တောင် အရှိန်ရနေပါသေးတယ်။ ကျရှုံးတော့မယ်ဆိုတဲ့ စမှတ်တခုဆီကိုလည်း ရောက်မနေပါဘူး။ စစ်တပ်ဘက်ကို ကြည့်ရင်သာ သူတို့ဘက်က ဒေါင်ချာစိုင်း ဆင်းလာနေတဲ့ အကျကို မြင်နေရတာပါ။
အာဏာလေဟာနယ်၊ မတည်ငြိမ်မှုနဲ့ ပိုဆိုးလာတဲ့ စားဝတ်နေရေးဒုက္ခများ
ဒါကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သံတမန်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေကြားမှာ စပြီး အပြောအဆိုများလာတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရှိတရားတွေရဲ့ အလယ်မှာ ကိုယ်သန်ရာသန်ရာ အစုတွေထဲ သူတို့ဘာသာ နေနေကြပြီး မြန်မာနိုင်ငံအရေးကို သုံးသပ်နေကြတဲ့ နိုင်ငံခြားသားတွေမှာ တွေ့ရတတ်တဲ့ ပြဿနာပါ။
အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်တပ်က တဖက်၊ တော်လှန်ရေး အင်အားစုတွေက တဖက်၊ နှစ်ဖက် တိုက်ကြတဲ့ ပဋိပက္ခကြောင့် မတည်ငြိမ်မှုတွေ၊ ပြည်သူတွေ စားဝတ်နေရေး အတိဒုက္ခရောက်ရတာတွေ ဖြစ်နေရတယ်ဆိုတဲ့ အဆိုက အတော့်ကို လွဲပါတယ်။ ဒီအတိဒုက္ခတွေကို တကယ်ဖန်တီးနေတာက တဖက်တည်းပါ။ စစ်တပ်ပါ။
စစ်တပ်ကြောင့် မတည်ငြိမ်မှုတွေနဲ့ ပြည်သူတွေ စားဝတ်နေရေး အသက်ရှင်နေထိုင်နိုင်ရေး အကျပ်အတည်းတွေကို အုံနဲ့ကျင်းနဲ့ တမင်ဖြစ်နေအောင် ဖန်တီးနေတာက စစ်တပ်ရဲ့ တိုက်ပွဲ ဗျူဟာပါ။ ဒီဟာက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းက ပကတိပြယုဂ်ပါ။ စစ်တပ်ဘက်က အားကောင်းနေသမျှ၊ မင်းအောင်လှိုင် လက်ထဲမှာ အာဏာရှိနေသမျှ ဒီအခြေအနေက ပြောင်းသွားမှာ မဟုတ်ပါဘူး။
မင်းအောင်လှိုင် အတွက်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်တပ်က နိုင်ချင်တာပါ။ ဘယ်သူ့အသက်တွေပဲ ပေးလိုက်ရ ပေးလိုက်ရ၊ ဘယ်လောက်ပဲ ပေးဆပ်မှုတွေများများ သူနိုင်ချင်တာပါ။ လက်ရှိဖြစ်နေတဲ့ အဆိုးအပျက်တွေနဲ့ နိုင်ငံအခြေအနေကို ပြောင်းပြန်လှန်ဖို့ ဆိုရင်၊ ပိုပိုဆိုးလာတဲ့ နိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရချင်တယ်ဆိုရင် သူ့ကို ဖြုတ်ပစ်မှ ဖြစ်ပါမှာ။
လက်ရှိဖြစ်နေတဲ့ အဆိုးအပျက်တွေနဲ့ နိုင်ငံအခြေအနေကို ပြောင်းပြန်လှန်ဖို့ ဆိုရင်၊ ပိုပိုဆိုးလာတဲ့ နိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရချင်တယ်ဆိုရင် မင်းအောင်လှိုင်ကို ဖြုတ်ပစ်မှ ဖြစ်ပါမှာ။
တော်လှန်ရေး ဘက်တော်သားတွေဟာ အရပ်ဘက်လူထုကို တတ်နိုင်တဲ့နည်းနဲ့ အကူအညီ အကာအကွယ် ပေးနေကြပါတယ်။ သူတို့ကိုလည်း အရပ်ဘက်ပြည်သူတွေက ထောက်ခံကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းထဲက လူတွေဟာ ဒီစစ်အုပ်စုဆန့်ကျင်ရေးသမားတွေ လက်ထဲကို ပိုပြီး အထောက်အပံ့တွေ ပေးမှသာ လူတွေရဲ့ ဒုက္ခလျော့ပါးလာမှာပါ။

လူတွေကို ကူညီပေးဖို့ လမ်းကြောင်းကို စစ်တပ်က ဖွင့်ပေးပါလို့ ဆက်ပြီး တောင်းပန်နေရသရွေ့တော့ စစ်တပ်ဟာ ဒီအကူအညီတွေကို လက်နက်အဖြစ် အသုံးချနေမှာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းထဲက လူတွေဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ အပစ်အခတ်ရပ်စဲရေး ဆိုတာကို စောင့်နေရပြီး ဒါကိုရမှပဲ အကူအညီတွေ ပေးပို့နိုင်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အတိဒုက္ခဟာ ပိုပြီးသက်ဆိုးရှည်လာ၊ ပိုပြီးနက်ရှိုင်းလာရုံပဲ ရှိပါတယ်။
ဒါ့ကြောင့် ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ သူ့လူတွေကို ဖယ်ရှားပြီး စစ်အုပ်စု ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကို ကူညီခြင်းကသာ တခုတည်းသော နည်းလမ်းပါ။
ဒါကြောင့်မို့လည်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ သောင်မတင်ရေမကျ သူမနိုင်ကိုယ်မနိုင် ဖြစ်နေတဲ့ အနေအထားက လူတွေပိုပြီး အတိဒုက္ခရောက်နိုင်တယ်၊ ဒါကြောင့်မို့လို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနိုင်အောင် စစ်တပ်နဲ့ တော်လှန်ရေးသမားတွေကြား အပစ်အခတ်ရပ်စဲဖို့ အရေးဆိုကြဖို့ လိုတယ်ဆိုတဲ့ လက်ရှိမြေပြင် အခြေအနေတွေနဲ့ ပတ်သက်ပြီး တလွဲကောက်ယူနေတဲ့ သုံးသပ်ချက်တွေကို ငြင်းပယ်ပစ်ကြဖို့ လိုပါတယ်။
လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနိုင်အောင် စစ်တပ်နဲ့ တော်လှန်ရေးသမားတွေကြား အပစ်အခတ်ရပ်စဲဖို့ အရေးဆိုကြဖို့ လိုတယ်ဆိုတဲ့ လက်ရှိမြေပြင် အခြေအနေတွေနဲ့ ပတ်သက်ပြီး တလွဲကောက်ယူနေတဲ့ သုံးသပ်ချက်တွေကို ငြင်းပယ်ပစ်ကြဖို့ လိုပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် တော်လှန်ရေး အင်အားစုတွေကို သပ်လျှိုသွေးခွဲဖို့ မပြတ်အားထုတ်နေတဲ့ စစ်တပ်ကို ကူညီရာ ရောက်ပါလိမ့်မယ်။ လက်ရှိ အခြေအနေအရ စစ်တပ်က ဒီလို သွေးခွဲဖြိုချရင်တောင် ရနိုင်စရာ မရှိပါဘူး။
ပိုပြီးတိကျတဲ့ အခြေအနေ သုံးသပ်ချက်ကတော့ ဒါမျိုးဖြစ်ပါလိမ့်မယ်။ “ထွက်ပေါက်မဲ့ပြီး ချည့်နဲ့လာတဲ့ စစ်တပ်ဟာ ပြည်သူတွေအပေါ် စစ်ဆင်နွှဲရာမှာ တစစကျယ်ပြန့်လာတဲ့၊ ပြတ်သားပြီး စိတ်ဓာတ်ခိုင်မာတဲ့ တော်လှန်ရေးသမားတွေကိုတော့ မဖြိုချနိုင်ဘဲ အရပ်သားတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဖျက်ဆီးခြိမ်းခြောက်တာတွေကို ဆက်ပြီး လုပ်နေပါဦးမယ်။”
အာဏာဆက်ပြီး မြဲနေအောင် လုပ်နေတဲ့ ဒီစစ်အာဏာရှင်တွေရဲ့ အချည်းနှီးလုပ်ရပ်ကပဲ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုတွေ ပိုဆိုးလာပြီး ပြည်သူတွေ အသက်ရှင်နေထိုင်မှု ခက်ခဲလာအောင်၊ စစ်မီးတောက်လောင်ပြီး တိုင်းပြည်စီးပွားရေး ချောက်ထဲကျသွားအောင်၊ တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲပြီး လက်နက်ကိုင်ဒေသအသီးသီး ခွဲထွက်ကြတဲ့ နိုင်ငံအပျက်တခုဆီ ရောက်သွားအောင် တွန်းပို့နေဦးမှာပါ။
ခုသွားနေတဲ့လမ်းကို ပြောင်းပြန်လှန်ချင်ရင်တော့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေကို ကူညီထောက်ပံ့တာပါ။
(အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
မြန်မာ့တော်လှန်ရေးကို အကဲဖြတ် အမှတ်ပေးခြင်း
ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား
စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား
ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း