စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီမိုကရေစီရေး အားထုတ်မှုများနှင့် စစ်ကောင်စီကို ဖြုတ်ချရေးအတွက် အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော် (ဒေါ်လာ ၁၃၁ ဒသမ ၈၇ သန်း) ရန်ပုံငွေ ရှာထားကြောင်း ပြောကြားလိုက်သည်။
ရန်ပုံငွေ၏ ၄၅ ရာခိုင်နှုန်းကို နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချရာမှ ရရှိကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။ ထိုငွေတိုက်စာချုပ်များအတွက် အတိုးမပေးဘဲ ငွေရင်းကို ဒီမိုကရေစီတိုက်ပွဲ အောင်မြင်မှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။
စစ်တပ်နှင့်ပတ်သက်သည့် အိမ်ခြံမြေများကို လေလံတင် ရောင်းချခြင်းဖြင့်လည်း ရန်ပုံငွေများ ရှာဖွေခဲ့သည်။ ထိုအိမ်ခြံမြေများကို ဝယ်ယူသူများသည် လတ်တလော ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ စစ်ကောင်စီ ကျရှုံးသွားပြီးမှသာ ပိုင်ဆိုင်ခွင့်ပေးမည်ဖြစ်ကြောင်း NUG က ကတိပြုထားသည်။
ထိုသို့ရောင်းချသည့် အိမ်ခြံမြေများတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် အိမ်ကြီး နှစ်လုံးနှင့် စစ်တပ်က သိမ်းပိုက်ထားသည့် အိမ်ခြံမြေများ ပါဝင်ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
ဒီမိုကရေစီတိုက်ပွဲအတွက် ရလဒ်ကောင်းများရရှိစေရန် ထိုရန်ပုံငွေများကို ကဏ္ဍအများအပြားတွင် တနှစ်ခန့်အတွင်း ထိထိရောက်ရောက် သုံးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
NUG သည် ၎င်းတို့၏ ဘဏ္ဍာရေးအစီအစဉ် ဗဟိုချက်ဖြစ်လာမည့် ခရစ်ပတိုငွေကြေးများအတွက် Initial Coin Offering ကို မကြာမီ တရားဝင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မကြာမီထူထောင်မည့် ဘဏ်တခုတွင် ငွေလွှဲပြောင်းမှုနှင့် ခရစ်ပတိုငွေကြေး စုဆောင်းမှုပုံစံဖြင့် ပုံသေအပ်ငွေများကို လက်ခံမည်ဖြစ်ကြောင်းလည်း သူကပြောသည်။
“တနှစ်အတွင်း တော်လှန်ရေး အသီးအပွင့် အောင်မြင်စေဖို့ လာမယ့်လကုန်မှာ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ထူထောင်ဖို့ blockchain (ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းမှု ကွင်းဆက်) နဲ့ ခရစ်ပတိုငွေကြေးတွေကို ကျနော်တို့ အသုံးပြုသွားမယ်” ဟုလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
NUG ကို ငွေကြေးထောက်ပံ့လိုသော မည်သူမဆိုအနေဖြင့် ထိုဘဏ်လုပ်ငန်းကို အသုံးပြုရန် အားပေးကြောင်း၊ ထိုငွေကြေးဝန်ဆောင်မှုများကို ယခုနှစ် ပထမ ၃ လပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချလိုက်စဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ပြီး အမေရိကန် ပြည်ထောင်စုက သိမ်းဆည်းထားလိုက်သော အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို အသုံးပြုခွင့်ရရန် NUG သည် ယခင်က ကြိုးစားခဲ့သည်။
ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်များဖြင့် စင်ပြိုင်အစိုးရကို ဖွဲ့စည်းထားပြီး တနိုင်ငံလုံးကို မကြာမီ ပြန်လည်ထိန်းချုပ်နိုင်မည်ဟု NUG အစိုးရက ယုံကြည်နေသည်။
အသက် ၇၇ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုနှင့် စစ်တပ်ဆန့်ကျင်သူများကို လှုံ့ဆော်မှုများအပါအဝင် အမှုပေါင်းများစွာအတွက် ထောင် ၃၃ နှစ် ချမှတ်ခံထားရသည်။
NUG သည် မြန်မာရှိ မြို့နယ်ပေါင်း ၃၃၀ အနက် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ၃၈ မြို့နယ်မှ အခွန်ကောက်သောကြောင့် ကျပ်ငွေ ၃ ဘီလီယံရရှိခဲ့သည်။
သယံဇာတနှင့် သတ္တုတူးဖော်ရေးကဏ္ဍမှ အကျိုးအမြတ်များဖြင့် လူထုရန်ပုံငွေရှာရန်အတွက် အစီအစဉ်တခုကိုလည်း အကောင်အထည်ဖော်မည်ဟု ဦးတင်ထွန်းနိုင်ပြောသည်။
“တော်လှန်ရေးအောင်မြင်မှသာ အကျိုးကျေးဇူး ခံစားရမယ်ဆိုတာကို ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် သူတို့က သူတို့ယုံကြည်မှုအတွက် ကျနော်တို့ရဲ့ စီမံကိန်းတွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံနေကြတယ်” ဟု သူကပြောသည်။ အမည်မဖော်လိုသူတဦးတည်းက NUG အစိုးရအတွက် ဒေါ်လာ ၆ သန်း လှူခဲ့ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
ကိုးကား ။ ။ Bloomberg သတင်း Myanmar shadow government raises $131m to oppose junta
You may also like these stories :
ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး
အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း
စစ်ကောင်စီ သိမ်းမြေများ လေလံမှ NUG ဒေါ်လာ ၉ သန်း ရ
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်