မြန်မာမှ ဘက်ပေါင်းများစွာပါဝင်သော ပြည်တွင်းစစ် ရပ်ဆိုင်းမည့် အလားအလာ မတွေ့ရပေ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို နှိမ်နင်းရန် ပိုမို ပြင်းထန်သည့် အစွန်းရောက် အကြမ်းဖက်မှုများကို ဖြစ်စေသည်။ ပြည်သူ့ကာကွယ်ရေးတပ် အများအပြားသည် လွတ်လပ်သော အဖွဲ့အစည်းများ ပါဝင်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် တပ်ဖွဲ့များလည်း ပါဝင်သည်။
ထိုပဋိပက္ခသည် တဖက်နှင့်တဖက် မည်သူမှ အသာစီးမရသကဲ့သို့ ဖြစ်နေနိုင်သော်လည်း လက်နက်ကိုင် ခုခံတော်လှန်မှု အစိတ်အပိုင်းများက ပြသခဲ့သည့် အံ့သြစရာကောင်းသည့် ရပ်တည်နိုင်မှုနှင့် စွမ်းရည်မြင့်မားမှုများ ရှိနေသည်။ ထို့ကြောင့် အချို့သော ဝေဖန် သုံးသပ်သူများက မြန်မာစစ်တပ် ရှုံးနေပြီး မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည်ဆိုသည့် ပြောဆိုရေးသားမှုများ ဖြစ်လာသည်။ မကြာခဏ ကိုးကားပြောဆိုသော အထောက်အထားမှာ စစ်တပ်က အရပ်သားများကို ကျူးလွန်သည့် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှု အကြိမ်ရေ ပိုမိုများပြားလာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ စစ်တပ်က ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (လူ ၅ ဦးနှင့်အထက် တပြိုင်တည်းသတ်ဖြတ်မှု) ၁၄၄ မှုရှိကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက မကြာသေးမီက ပြောသည်။ စုစုပေါင်းအနေဖြင့် အရပ်သား ၁,၅၉၅ ဦးကို စစ်တပ်က သတ်ဖြတ်ထားသည်ဟု ဆိုသည်။ ထိုရက်စက်ကြမ်းကြုတ်မှု အများအပြားတွင် ခန္ဓာကိုယ် အစိတ်အပိုင်း ဖြတ်တောက်လှီးဖြတ်မှုများ ပါဝင်သည်။
အချို့သော ဝေဖန် သုံးသပ်သူများက မြန်မာစစ်တပ် ရှုံးနေပြီး မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည်ဆိုသည့် ပြောဆိုရေးသားမှုများ ဖြစ်လာသည်။
စစ်ရာဇဝတ်မှုများကို အနာဂတ်တွင် အရေးယူရန် အထောက်အထားစုဆောင်းရေး ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က နောက်ဆုံးထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများသည် ပိုမိုအကြိမ်ရေများပြီး ပိုမိုအတင့်ရဲလာကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလက စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွင် လူ ၁၆၅ ဦး သေဆုံးပြီး ထိခိုက်သေဆုံးမှု များပြားစေသည့် ခဲယမ်း၊ အပူချိန်နှင့်ဖိအားမြင့်မားပြီး လေထုထဲတွင် ပေါက်ကွဲသည့် လောင်စာ ဖောက်ခွဲပစ္စည်း (thermobaric fuel air explosive) ခေါ် လေထဲတွင် နှစ်ဆင့်ကွဲ အောက်ဆီဂျင်လေ လောင်စာသုံးဗုံးများ ပါဝင်ပုံရသည်။ ထို့နောက် ရုရှားက ထောက်ပံ့ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက အနိမ့်ပျံသန်းပြီး အရပ်သားနှင့် လက်နက်ကိုင် လုံးဝမခွဲဘဲ ပစ်ခတ်သည်။ ထိုတိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက်တွင် လူအသေအပျောက် အများဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ဖားကန့်ကျောက်စိမ်းတွင်းမြို့၊ အနန့်ပါဒေသကို ယခင် လေကြောင်းတိုက်ခိုက်မှုတွင် ဂီတပွဲတခု တက်ရောက်နေသည့် အရပ်သား ၈၀ နီးပါး သေဆုံးသည်။
ထိုတိုက်ခိုက်မှု နှစ်ခုလုံးသည် စစ်တပ်၏ မျှော်လင့်ချက်ကင်းမဲ့သော အစီအမံဖြစ်ပြီး စစ်တပ်တွင် မြေပြင်တပ်များချထားရန် တပ်အင်အားနည်းနေခြင်း သို့မဟုတ် ကုန်းလမ်းများတွင် ခြုံခိုတိုက်ခိုက်ခံရခြင်း မရှိဘဲ လမ်းများတွင် မသွားနိုင်တော့သောကြောင့် လေကြောင်းတိုက်ခိုက်မှုကို မှီခိုနေရကြောင်း ပြသသည်ဟု ဆိုသည်။

ပဇီကြီး လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်းတွင် စစ်တပ်များကို ချထားသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခြင်း မရှိပေ။ ထိုဒေသတွင် စစ်တပ်သည် အိမ်ပေါင်းများစွာကို မီးရှို့ပြီး အရပ်သားများကို လိုက်လံသတ်ဖြတ်နေသည်မှာ လေးလကြာပြီ ဖြစ်သည်။ ထိုသို့လုပ်ခြင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများဖြစ်ကြောင်း ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ရေ ပိုမိုများပြားစွာသုံးလာပြီး ကျေးရွာများကို ခြေလျင်တပ်များက ပြင်းထန်သော မီးရှို့တိုက်ခိုက်မှုများ ဆက်တိုက် အသုံးပြုခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းသည် မြန်မာစစ်တပ်အတွက် စံ လုပ်ထုံးလုပ်နည်းဖြစ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းသည် မြန်မာစစ်တပ်အတွက် စံ လုပ်ထုံးလုပ်နည်းဖြစ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ်ပေါင်း ၇၄,၈၇၄ လုံးကို စစ်တပ်နှင့် စစ်တပ်မဟာမိတ် ခါးပိုက်ဆောင်တပ်က ဖျက်ဆီးခဲ့ကြောင်း စစ်တပ်၏ မီးရှို့မှုများကို မှတ်တမ်းတင်နေသည့် Data for Myanmar ကဖော်ပြသည်။ ထိုသို့လုပ်ခြင်းသည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတို့ကို တိုက်ခိုက်သည့် ပုံစံ၊ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ခိုက်မှုအတွင်း ၂၀၁၈-၂၀၂၀ အတွင်းက ရခိုင်တိုင်းရင်းသား အရပ်သားများကို တိုက်ခိုက်သည့်ပုံစံနှင့် တနိုင်ငံလုံးမှ အရပ်သားများကို နှစ်ပေါင်းများစွာ တိုက်ခိုက်မှုအတွင်းက ပုံစံအတိုင်းသာ ဖြစ်သည်။
ခြေလျင်တပ် စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှုစွမ်းရည်နှင့် အနီးကပ် လေကြောင်း အထောက်အကူ ပူးတွဲစစ်ဆင်ရေးသည် တချိန်က မကျွမ်းကျင်သည့် နည်းလမ်းတခု ဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် အခြေခံအဆင့်သာ ရှိသေးသည်ဆိုသော်လည်း မြေပြင်နှင့်လေကြောင်းတပ်များ စစ်ဆင်ရေးကို ထိန်းသိမ်းထားနိုင်သည့် စွမ်းရည် ပိုမိုမြင့်မားလာပြီး အာဏာသိမ်းပြီးနောက် အဓိကအလေ့အထနှင့် ကျွမ်းကျင်မှု ဖြစ်လာသည်။
ကုန်လမ်းပို့ဆောင်ရေးကို ခုခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုကြောင့် စစ်တပ်သည် တပ်ဖွဲများရွှေ့ရန်၊ ထောက်ပံ့ပစ္စည်းများနှင့် အမြောက်များပို့ရန် မြစ်များကို သုံးလာရသည်ဟု အချို့သုတေသီများက ပြောသည်။ သို့သော် စစ်တပ်သည် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မကြာသေးမီကမှသုံးသည့် သယ်ယူပို့ဆောင်ရေး တီထွင်ဆန်းသစ်မှု မဟုတ်ပေ။
ကယားပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်အသုံးပြုခြင်း၊ အဓိကအားဖြင့် ကျောင်းများ၊ ဆေးခန်းများစသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ခြင်း၊ အမြောက်ကြီးများနှင့် ပစ်ခတ်ခြင်းနှင့် ပူးတွဲအသုံးပြုသည်။
မြေပြင်တပ်များသည် စစ်ဆင်ရေး လုပ်နိုင်ဆဲ ဖြစ်သော်လည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် (KNDF) ကို တိုက်ရန်အတွက် အင်အားတိုးချဲ့ရန် လိုအပ်နေသည်။ KNDF သည် ၎င်းတို့က သန္ဓေတည်စ အုပ်ချုပ်ရေးအတွက် နယ်မြေချဲ့ထွင်နိုင်သည့် အဖွဲ့ဖြစ်သည်။ ကျန်အခြားနေရာများတွင် ထိုမျှလောက် အခြေအနေ မကောင်းပေ။ စစ်တပ်သည် NUG နှင့် ယှဉ်လျှင် မြန်မာတွင် ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု ရှိသည့်နယ်မြေ ပိုမိုနည်းသည်ဆိုသည့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းက ပြောဆိုချက်များကို ယုံကြည်ရန် ခက်ခဲသည်။
KNDF သည် ၎င်းတို့က သန္ဓေတည်စ အုပ်ချုပ်ရေးအတွက် နယ်မြေချဲ့ထွင်နိုင်သည့် အဖွဲ့ဖြစ်သည်။ ကျန်အခြားနေရာများတွင် ထိုမျှလောက် အခြေအနေ မကောင်းပေ။
မကြာသေးမီက သတင်းထုတ်ပြန်ချက်တစောင်တွင် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမောင်မောင်ဆွေက ပူးပေါင်း ခုခံတော်လှန်ရေး အင်အားစုများသည် စစ်တပ်စခန်း ၃၀၊ ရဲနှင့် ခါးပိုက်ဆောင်တပ် စခန်း ၄၀ နီးပါးကို ၂၀၂၃ ခုနှစ် ပထမ ခြောက်လအတွင်း စီးနင်းတိုက်ခိုက်ကြောင်း ပြောသည်။ ထိုတပ်များသည် စစ်လေယာဉ်ကွင်း အများအပြားကိုလည်း တိုက်ခိုက်ကြောင်း သူက ပြောသော်လည်း မည်သည့် လေယာဉ်ထိခိုက်မှုကိုမှ ဖော်ပြနိုင်ခြင်း မရှိပေ။ ထိုတပ်များသည် မြန်မာ စစ်တပ်စစ်သား ၃,၀၁၂ ဦး သေဆုံးစေပြီး ၄,၀၂၁ ဦးကို ဒဏ်ရာရစေကြောင်းလည်း ထိုစဉ်က ဦးမောင်မောင်ဆွေက ပြောသည်။
ထိခိုက်သေဆုံးမှုစာရင်းကို သီးခြား အတည်ပြုနိုင်ခြင်းမရှိဘဲ အထူးသဖြင့် မြန်မာတွင် မပြည့်စုံသည့် စာရင်းသာ ဖြစ်သည်။ တိုက်ပွဲများ၊ ခြုံခိုတိုက်ခိုက်မှုများတွက် သေဆုံးသည့် ပုံမှန်ထွက်နေကျ သတင်းများသည် သေချာပေါက် ချဲ့ကားထားပြီး အထူးသဖြင့် NUG လိုလားသော မြန်မာဘာသာ မီဒီယာများတွင် ချဲ့ကားထားသည်။ သို့သော် ပိုမိုနည်းသော ခန့်မှန်းတွက်ချက်မှုဖြင့်ပင် စစ်တပ်၏ ဆုံးရှုံးမှုများသည် ကြီးမားကြောင်း ထင်ရှားသော်လည်း စစ်မျက်နှာ အများအပြားတွင် စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် စစ်တပ်၏ စွမ်းရည်ကို မထိခိုက်စေသေးပေ။
အကျဘက်ရောက်နေသည့် အဓိကလမ်းကြောင်း နှစ်ခုကြောင့် စစ်တပ်အတွက် မျှော်လင့်ချက် ကင်းမဲ့သည် ဆိုသည့် ပြောဆိုချက်သည် ပိုမို မခိုင်မမာ ဖြစ်စေသည်။ ဘက်ပြောင်းခြင်းနှင့် တပ်ပြေးခြင်းသည် အာဏာသိမ်းပြီးနှစ်အတွင်း တိုးလာပုံရသော်လည်း ယခုအခါ သိသိသာသာ လျော့ကျသွားပုံရသည်။ စစ်ဆင်ရေးများအရှိန်မြင့်လာပြီး မြေပြင်တပ်များ အကြီးအကျယ် ရှိသော်လည်း ပုန်ကန်မှုကြောင့် သို့မဟုတ် အရာရှိများနှင့် ဝါရင့်အကြပ်အရာရှိများကို လက်အောက်ငယ်သားများက ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အတွင်းပိုင်းညီညွတ်မှု ပြိုကွဲခြင်း သိသိသာသာဖြစ်မလာသေးပေ။
စိတ်ဖိစီးစရာ ကောက်ချက်မှာ စစ်ကောင်စီနှင့် ၎င်း၏တပ်များသည် စိတ်ဓာတ်ကျနေသည့် အနေအထားသို့ မရောက်သေးဟူသည့် ကောက်ချက်သာဖြစ်သည်။
စိတ်ဖိစီးစရာ ကောက်ချက်မှာ စစ်ကောင်စီနှင့် ၎င်း၏တပ်များသည် စိတ်ဓာတ်ကျနေသည့် အနေအထားသို့ မရောက်သေးဟူသည့် ကောက်ချက်သာဖြစ်သည်။ ၎င်းတို့သည် ပုန်ကန်မှု နှိမ်နင်းရာတွင် စည်းရုံးသိမ်းသွင်းသည့် နည်းထက် ရက်စက်ကြမ်းကြုတ်သည်နည်းကိုသာ အဓိက သဘောတရားအဖြစ် နှစ်သက်ကြသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ လုပ်နေကျ မီးရှို့သည့်နည်းဖြစ်စေ၊ အဆင့်မြင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စေ စစ်ကောင်စီ၏ နည်းလမ်းသည် ခြိမ်းခြောက်မှုဟု ယူဆသူ မည်သူတို့ကိုမဆို စုရုံးဒဏ်ခတ်ခြင်းဖြစ်သည်။
(Lowy Institute ၏ The Interpreter ပါ David Scott Mathieson ၏ The myth of military desperation in Myanmar ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။)
You may also like these stories:
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း
စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ
စစ်ကောင်စီ တဆစ်ချိုး ပြောင်းပြီလား