ယနေ့ မနက် ၈နာရီခန့်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ ပြုလုပ်သည့် လူ ၁၅၀ခန့် တက်ရောက်သော ပြည်သူ့အုပ်ချုပ်ရေး ရုံးသစ်ဖွင့် ပွဲကို စစ်ကောင်စီက တိုက်လေယာဉ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် လူစုလူဝေးအတွင်း ဗုံးကြဲတိုက်ခိုက်သဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အပါ အဝင် အရပ်သား ၁၀၀ခန့် သေဆုံးနိုင်သည်ဟု ခန့်မှန်းကြပြီး၊ ပြန့်ကျဲနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရှု့မြင် မကောင်းလောက်အောင်ပင် တွေ့မြင်နေရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် အသက်ဘေးမှ လက်မတင်လွတ်မြောက်လာသည့် ကိုယ်တွေ့ကြုံသူ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဗုံးကြဲတဲ့အချိန် အခင်းဖြစ်တဲ့နေရာမှာ ကိုယ်တိုင်ရှိနေပါသလား၊ ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူ ဘယ်နှဦးလောက်ရှိနိုင်ပါသလဲ။
ဖြေ ။ ။ ရှိနေပါတယ် ကံကောင်းလို့ လွတ်တာပါ။ လူ ၁၅၀ ကျော်လောက် ရှိတဲ့အထဲကို ဗုံးတလုံး တည့်တည့်ကြီး ပစ်ချ လိုက်တာ၊ ဝပ်နေပြီး ပြန်ကြည့်လိုက်တဲ့အချိန် ကလေးပေါက်စတွေကအစ ၃ နှစ် ၅ နှစ် ၇ နှစ် အရွယ်တွေလည်း ပါတယ်။ ဒဏ်ရာရတဲ့သူက ၃၀ကျော်လောက်ရှိတယ်။ လွတ်တဲ့လူက ၁၄ ၁၅ ယောက် ရှိတယ်ဗျာ။ အဲဒီတော့ အသေအပျောက်က အယောက် ၁၀၀ လောက်ခန့်မှန်းထားတာ။ ကလေးကတော့ ၂၀ ကျော်တော့ ရှိမယ်။
ကလေးတွေက ၃ နှစ် ၅ နှစ်အရွယ်တွေဆိုတော့ အမေတွေနဲ့ လိုက်လာတာ၊ ကလေးတွေဆို တပိုင်းစီပြတ်နေတာ။ ခေါင်း တခြား၊ ကိုယ်တခြား၊ လက်တခြား တပိုင်းတစတွေ၊ တချို့ကလေးတွေဆို သောက်ရေအိုးစင်မှာတောင် သွားချိတ်နေတာ၊ တပိုင်းက လမ်းမမှာ။ သေတာက မိန်းမသားတွေများတယ်။ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ တအား အရင့်အမာကြီး တွေတော့ မဟုတ်ဘူး၊ ၃လ ၅လ လောက် သွားသွားလာလာတွေပေါ့၊ ၁၀ ယောက်လောက်ပါမယ်၊ ဒဏ်ရာရတဲ့လူအပြင် လွတ်တဲ့လူတွေလည်း ရှိတယ်။ နည်းနည်းပါးပါးတော့ ထိကြတာပေါ့။ လွတ်တဲ့လူက ၁၀ ယောက်ကျော်လောက်ပဲရှိမယ်။ ကျန်တဲ့လူက အကုန်လုံးကို သေတာ။
မေး ။ ။ သေဆုံးသူအရေအတွက်က အလောင်းကောက်လို့ရတဲ့ အရေအတွက်လား၊ ဒါမှမဟုတ် ခန္ဓာကိုယ် အပိုင်း အစတွေကို ထွက်တာလား။
ဖြေ ။ ။ ရုပ်အလောင်းက ပီကိုမပီတော့တာ။ ခေါင်းပြတ်တဲ့သူနဲ့၊ ခြေပြတ်တဲ့သူနဲ့ ဘယ်သူဘယ်ဝါကို ခွဲမရဘူး။ အဲဒါတွေ အကုန်လုံးပုံပြီးတော့မှ ကျနော်တို့က မီးရှို့ လိုက်တာ။
မေး။ ။ အဲဒါက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲလို့ သိထားပါတယ်။ အဲဒီနေရာကို ရောက်နေတဲ့သူတွေက ပဇီကြီးရွာခံတွေပဲလား။ တခြားဘယ်ရွာတွေ ပါသေးလဲ။
ဖြေ။ ။ ဟုတ်ပါတယ် ပဇီကြီးရွာခံတွေများတယ်၊ ဘေးရွာကတော့ ပါတော့ပါတယ်။ နည်းသေးတယ်။စောသေးလို့ မလာသေးဘူး။ ရွာခံတွေပဲများတာ။
မေး ။ ။ အဲဒီနေရာမှာ ကိုယ်တိုင် ရှိနေတာဆိုတော့ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ အခြေအနေကို ပြန်ပြောပြလို့ ရမလား။
ဖြေ ။ ။ ဂျက်ဖိုက်တာ တက်တယ်လို့ အနောက်ဘက်က ကျနော်တို့ အင်အားစုတွေထဲက လှမ်းပြောတယ်။ ပြောတဲ့အချိန် မှာ ဖုန်းလိုင်းက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတော့ မကြားရလို့ လူကြားထဲက အပြင်ထွက်လိုက်တာ၊ အဲဒီအချိန် ဂျက် ဖိုက်တာက ခေါင်းပေါ်ရောက်နေပြီ။ ကျန်တဲ့သူတွေလည်း အကုန်မြင်သွားတယ်၊ အခုသေတဲ့သူတွေလည်း ပြေးချိန်မရ လိုက်တာပေါ့ဗျာ။
တော်တော်များများက ဂျက်ဖိုက်တာ လာတယ်ဆိုတော့ မော့ကြည့်ရင်းနဲ့ ပါသွားကြတာပါပဲ။ ကျနော်ကတော့ ကတ္တရာ လမ်းဘေးက မြောင်းထဲထိုးချလိုက်တာ လွတ်သွားတာပေါ့ဗျာ။ ကတ္တရာလမ်းဘေးဆိုတော့ ရေဆိုးမြောင်းလုပ် ထားတာ လေ။
မေး ။ ။ ဗုံးက ဘယ်နှစ်လုံးလောက် ကြဲလဲ။ အသံဘယ်လိုကြားရလဲ။
ဖြေ ။ ။ ဖုန်းထွက်ပြောတာနဲ့ ဗုံးကြဲတဲ့အချိန်က ဘယ်လောက်မှ မကြာဘူး။ ဂျက်ဖိုက်တာက ချလိုက်တယ်။ အုန်းဆိုက တည်းက မီးခိုးလုံးကြီး ဖြစ်သွားတယ်၊ မီးခိုးရှင်းတဲ့အချိန် နောက်ထပ်လည်း အသံမကြားတော့ဘူးဆိုတော့ မြောင်းထဲကနေ ထကြည့်လိုက်တဲ့ အချိန်မှာ အကုန်လုံး အတုံးအရုံးပဲ။
ကျနော် ပုန်းတဲ့နေရာနဲ့ ပစ်ချလိုက်တဲ့ နေရာက ခြေလှမ်း ၂၀ လောက်ရှိမယ်။ မြောင်းဘေးမှာ ကတ္တရာလမ်းတန်းရောက် တာကိုး။ ဒဏ်ရာရတဲ့ လူတွေကတော့ ပေ ၅၀ လောက်ဝေးနေတော့ ဒဏ်ရာရတာပေါ့။ ဒဏ်ရာရတဲ့ လူတွေအတွက် ဆိုင်ကယ်တို့ ကားတို့ စီစဉ်၊ ရှင်တဲ့သူ ရှိဦးမလား အရင်ဆုံးကယ်ရမယ် ဆိုပြီး ရှင်တဲ့လူတွေကို အရင်ဆုံး လိုက်ခေါ်တာ ပေါ့။
သေတဲ့သူတွေကလည်း ဘယ်သူဘယ်ဝါမှန်း မသိတော့ဘူး၊ ကိုယ်တခြား၊ ခေါင်းတခြားတွေရော။ ကလေးတွေဆို ခြေ ပြတ် လက်ပြတ်ပေါ့နော်။ အသားဖတ်တွေကို လက် ၁ ဆစ် ၂ ဆစ်လောက်၊ ၂ လက်မ ၃ လက်မလောက် အဲဒီ အသား ဖတ်တွေကို လမ်းပေါ်တွေရော ဘာတွေရော ပွစာတက်နေတာ။ ကျနော်တို့က အသက်ရှင်တဲ့လူတွေ ရှိသေးလား ဆိုပြီး လိုက်ပြီး လှန်လှောကြည့်သေးတယ်။ အကုန်သေနေပြီ။ နောက်ထပ် လေယာဉ်လာဦးမယ်ဆိုပြီး ဒဏ်ရာရတဲ့လူတွေကို ဆေးခန်းပို့ဖို့ လုပ်နေတာ။ သေတဲ့လူတော့ မတတ်နိုင်ဘူး ရှင်တဲ့လူတော့ ကယ်ဖို့ လုပ်ရမှာပဲ ဆိုပြီး လိုက်ပို့ကြတာ။
ဂျက်ဖိုက်တာက ၁ ကြိမ်ပဲ မနက် ၈ နာရီလောက်မှာ ကြဲတာ။ Mi 35 က လိုက်ပစ်တာကလည်း မကြာဘူး ဗုံးကျပြီးတော့ နာရီဝက်နေတော့ တန်းရောက်လာတာပဲ။ နာရီဝက်လောက် ရွာပတ်ပတ်လည်မှာ ပြေးနေတဲ့ ပြည်သူတွေကို လာပစ်တာ။ ချောင်းတွေထဲ ပြေးနေတဲ့ ပြည်သူတွေကတော့ တယောက်မှ မသေဘူး။ ဗုံးချသွားတဲ့ လူတွေပဲ သေတာ။ ချောင်းတွေထဲ ပြေးပုန်းနေကြတာပေါ့။
မေး ။ ။ အဲဒီနေရာဝန်းကျင်မှာ ဒီရုံးအသစ်တခုပဲ ရှိတာလား။
ဖြေ ။ ။ ဒီအုပ်ချုပ်ရေးရုံးက ရွာအပြင်မှာပေါ့။ ရွာလုံခြုံရေးလည်း ဖြစ်တာဆိုတော့ ရွာအပြင်မှာ ထွက်ဆောက်လိုက်တာ။ အဆောက်အဦလည်း အကုန်ပျက်စီးသွားတာ။ ဗုံး ၁ လုံးတည်းနဲ့ကို အဆောက်အဦပါ ပျောက်ထွက်သွားတာ။ ဗုံးချတော့ အော်တာဟစ်တာတွေ မကြားရဘူး။ ဘာမှကို ပြောသံမကြားဘဲ တခါတည်းကို တုံးလုံးပဲ။ ဒီနောက် တအုန်းအုန်းနဲ့ ပေါက် တာက နောက်နားလေးမှာ မိုင်းတွေ လက်နက်ကြီးကျည်တွေက မီးလောင်ပြီးတော့ အုန်းအုန်းနဲ့ တောက်လျှောက် ပေါက် တာ။ အလုံး ၃၀ လောက်ရှိတော့ မီးလောင်ပြီး မိုင်းတွေ ထပေါက်တာ ၁ နာရီလောက် အထိ ကြာတယ်။
မေး ။ ။ ကြွင်းကျန်တဲ့ ရုပ်အလောင်းတွေကို မီးရှို့ပြီးတာလား။ မိသားစုဝင်တွေကိုရော ဆက်သွယ်လို့ ရပါသလား။
ဖြေ ။ ။ အကုန်လုံးကို စုပုံပြီးတော့၊ အသားဖတ်တွေ ဆိုရင် တံမြက်စည်းနဲ့တောင် လှဲပြီးတော့ ရှင်းရတာ။ ရှင်းပြီးတော့ ကျနော်တို့က မီးရှို့တာတွေကတော့ ရှို့ပြီးပြီပေါ့။ အကုန်လုံးတော့ မသိမ်းရသေးဘူး။ ဂျက်ဖိုက်တာ တက်လာတယ်ဆိုတော့ ခဏ နားနေကြတာ။ ဘယ်သူဘယ်ဝါ ခွဲခြားလို့ မရတာတော့ အကုန်လုံးပုံပြီး မီးရှို့လိုက်တာပဲ။ မနက် ၁၁ နာရီလောက်မှာ ရှို့လိုက်တာပဲ။ သူတို့ မိသားစုဝင်တွေက အကုန်ပြေးနေကြတယ်။ ဘယ်သူ့ကို အဆက်အသွယ်မရ ဘူးဆိုပြီး မိသားစု တွေက ပြောမှ ဘယ်သူဘယ်ဝါသေတယ် ဆိုတာကို ကောင်းကောင်းသိမှာ။ အခုချိန်ကတော့ ပြေးလွှားနေရတာ ဆိုတော့ အတိအကျ မပြောနိုင်တာ။
မေး ။ ။ သေဆုံးတဲ့ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရော ပါသေးလား။
ဖြေ ။ ။ ဒီနားက ခေါင်းဆောင်တွေ ပါသွားတာ။ ကျနော်တောင် ဖုန်းထွက်ပြောလိုက်လို့ လွတ်သွားတာ။ ခေါင်းဆောင် အကြီးပိုင်းရော၊ အငယ်ရောဆို အယောက် ၂၀ ဝန်းကျင်လောက်ရှိမယ်။ ကာကွယ်ရေးအဖွဲ့တွေက ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုသွားဒီသွား၊ ရေလိုတဲ့လူက ရေခပ် ထမင်းချက်တဲ့လူက ထမင်းချက်ဆိုတော့ အဲဒီတော့ ကာကွယ်ရေးအဖွဲ့တွေက အများကြီး မပါတာ။ ပြည်သူတွေက များတာ။
မေး ။ ။ ဒီအခြေအနေပေါ်မှာ ဘာပြောချင်တာရှိလဲ။ တိုက်ခိုက်မှုပြီးတဲ့နောက် ဒေသခံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။
ဖြေ ။ ။ တော်တော့်ကို ယုတ်မာတယ်လို့ ပြောရမှာပဲ။ ဒီနားမှာ တိုက်ပွဲတွေဘာတွေ ဖြစ်တယ်ဆိုတာလည်း ဒီလောက်ကြီး မရှိသေးဘူး။ တိုက်ပွဲဖြစ်လို့ ပစ်ဆိုရင် လက်သင့်ခံပါတယ်။ သူပစ်ကိုယ်ပစ် ဆိုတော့ အခုကတော့ တဖက်သတ်ကြီး။ ဒေသခံကတွေကတော့ ရွာနဲ့ဝေးတဲ့နေရာ တောတွေ၊ တောစပ်တွေကို အကုန်လုံး ပို့ထားရတာပေါ့။ ရွာထဲလည်း ယောက်ျားသားတွေလောက်ပဲ ပြန်ဝင်တာ မိန်းမသားတွေ ၊ လူကြီးပိုင်းတွေကတော့ အကုန်လုံးရွာနဲ့ ဝေးရာကို ပို့ထားရတာပေါ့။ ကျနော်ဆို အခုထိ နားတွေကို အူထူပြီးတော့ မျက်စိထဲကို အတုံးလိုက် အတစ်လိုက်တွေ မြင်လိုက်ရတာပေါ့။
You may also like these stories:
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ