စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာ အထက်တွင် ရဟတ်ယာဉ်ပျံဝဲနေသည်ကို တွေ့တိုင်း အသက် ၁၀ နှစ်အရွယ် မအေးချမ်းမိုး ကြောက်ရွံ့တုန်လှုပ်နေပြီး သူ၏ သူငယ်ချင်းများကဲ့သို့ အသတ်ခံရမည်ကို ကြောက်လန့်နေသည်။
ဒုတိယတန်းကျောင်းသူ မအေးချမ်းမိုးသည် မကြာသေးမီကအထိ ကောင်းကင်တွင် ရဟတ်ယာဉ်ပျံသန်း နေသည်ကို တွေ့ပါက စိတ်လှုပ်ရှားနေတတ်သူ ဖြစ်သည်။ လေယာဉ်များကို တခါတရံမှသာ မြင်ရသည့် ဝေးကွာသော ကျေးလက်ဒေသမှ အခြားကလေးများကဲ့သို့ပင် အိမ်အပြင်သို့ ထွက်ပြေးပြီး ကောင်းကင်တွင် ပျံသန်းနေသည့် ရဟတ်ယာဉ်ကို ကြည့်ရှုတတ်သူဖြစ်သည်။
ယခုအခါ သူသည် ရဟတ်ယာဉ်သံကြားလျှင်ပင် လွန်စွာကြောက်လန့်နေပြီ ဖြစ်သည်။ သူသည် မကြာသေးမီက စာသင်ကျောင်းကို စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်စဉ် ကံကောင်းသောကြောင့် ကျန်ရစ်ခဲ့သူဖြစ်သည်။
သို့သော် ယခုအခါ သူသည် ရဟတ်ယာဉ်သံကြားလျှင်ပင် လွန်စွာကြောက်လန့်နေပြီ ဖြစ်သည်။ သူသည် မကြာသေးမီက စာသင်ကျောင်းကို စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်စဉ် ကံကောင်းသောကြောင့် ကျန်ရစ်ခဲ့သူဖြစ်သည်။ စစ်မြေပြင်မှ ရက်စက်ကြမ်းကြုတ်မှုကို ကြုံတွေ့လိုက်ရသည့် ကလေးငယ်တဦးအဖြစ် မဖော်ပြနိုင်လောက်အောင် ကြီးမားသည့် ပြင်းထန်သော စိတ်ဒဏ်ရာ ရရှိသွားသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးသည်။
သေခြင်းတရားကို အနီးကပ်ကြုံ
နေသာသော ထိုနေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှ ၂ ကီလိုမီတာဝေးသည့် လက်ယက်ကုန်းကျေးရွာမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသား ၂၀၀ ကျော် တက်ရောက်နေသည့် ကျောင်းဝင်းအတွင်း မအေးချမ်းမိုးနှင့် သူငယ်ချင်းများ ဆော့ကစားနေသည်။ ထိုစဉ် ရုရှားလုပ် Mi-35 စစ်ရဟတ်ယာဉ် ၂ စင်း ထိုးဆင်းလာပြီး ကျောင်းနှင့် ကျောင်းဝင်းကို ပစ်ခတ်သည်။
ကလေးများ ဆော့ကစားနေ၊ ပညာသင်ကြားနေချိန် စစ်ရဟတ်ယာဉ်များက ကျောင်းကို စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ မအေးချမ်းမိုး အပါအဝင် ကလေးအများအပြားသည် ပုန်းအောင်းရန်အတွက် စာသင်ခန်းအနီးမှ လွန်စွာကြီးမားသည့် မန်ကျည်းပင်အောက်သို့ ပြေးကြသည်။
ကြီးမားသော ပေါက်ကွဲသံများအကြား တတိယတန်းမှ အသက် ၁၁ နှစ်အရွယ်ကျောင်းသူ မဝင်းဝင်းခိုင်၏ ကျောကို ထိမှန်ပြီး မှောက်လျက်သား လဲကျသွားသည်ကို သူ တွေ့ရသည်။
“ဝင်းဝင်းခိုင်က ပြေးနေတုန်း ကျည်ထိသွားတာ။ သူအော်တာ သမီးကြားတယ်။ ဆရာမ ကယ်ပါဦးလို့ သူအော်တယ်” ဟု မအေးချမ်းမိုးက ပြန်ပြောပြသည်။ သို့သော် စစ်ရဟတ်ယာဉ်များသည် ခေါင်းပေါ်တွင် ပျံဝဲပစ်ခတ်နေသောကြောင့် မည်သူမျှ သူ့ကို မကူညီနိုင်ပေ။ မိနစ်အနည်းငယ်ကြာသောအခါ မဝင်းဝင်းခိုင်သည် သူလဲကျနေသော နေရာတွင် သေဆုံးသွားသည်။
မအေးချမ်းမိုးနှင့် အခြားကလေးများ မန်ကျည်းပင်တဝိုက်တွင် ပုန်းအောင်းနေစဉ် အသက် ၁၂ နှစ်အရွယ် မချောချောသည် မအေးချမ်းမိုးထံသို့ ထော့နဲ့ထော့နဲ့နှင့် ပြေးလာသည်။ မချောချော၏ ခြေထောက် တဘက်သည် စာသင်ခန်းအတွင်း ဗုံးကျပေါက်ကွဲသောကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်ကို မအေးချမ်းမိုး တွေ့လိုက်ရသည်။
“သူ့ခြေထောက်က ကြေမွနေပြီး ဘာမှမရှိတော့သလောက် အရိုးတွေပဲကျန်တယ်” ဟု မအေးချမ်းမိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“သူ့ခြေထောက်က ကြေမွနေပြီး ဘာမှမရှိတော့သလောက် အရိုးတွေပဲကျန်တယ်” ဟု မအေးချမ်းမိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
မချောချောသည် နာကျင်သောကြောင့် ငိုကြွေးနေသည်။ သူ၏မျက်လုံးများကိုလည်း ထိမှန်ထားသည်။ အခြားကျောင်းသားများ၏ အသားစများ သူ၏ ဦးခေါင်းတွင် ကပ်ငြိနေသည်ကိုလည်း မအေးချမ်းမိုး တွေ့ရသည်။
“ငါ့ကို ဘယ်သူဆေးကုပေးမှာလဲ။ ကယ်ပါဦးလို့ သူက သမီးကိုပြောတယ်” ဟု မအေးချမ်းမိုးက ပြောပြသည်။ “လေယာဉ်တွေမရှိတော့ရင် ဆရာ ဆရာမတွေက နင့်ကိုဆေးကုပေးမှာ။ မကြောက်နဲ့ မမလို့ သူ့ကို ပြောရတယ်” ဟု သူကပြောသည်။
တနာရီမျှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ခြေလျင်စစ်သားများ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ပုန်းနေသူများထွက်လာရန် အော်ဟစ်ကာ ထွက်မလာပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ မအေးချမ်းမိုးက ဒဏ်ရာရထားသော မချောချော လမ်းလျှောက်နိုင်ရန် ကူညီပေးစဉ် အခြားကလေးများလည်း ပုန်းအောင်းနေသောနေရာမှ ထွက်လာကြသည်။
၎င်းတို့၏ စာသင်ခန်းများရှိရာ အနီးရှိ ဘုန်းကြီးကျောင်းမှ လှေခါးအနီးတွင် သူတို့အားလုံး စုဝေးမိသောအခါ ၅ တန်းနှင့် ၆ တန်းမှ ကျောင်းသားအများအပြား ဒဏ်ရာရထားသည်ကို မအေးချမ်းမိုး တွေ့လိုက်ရသည်။ ၎င်းတို့အနက် တဦးမှာ အသက် ၇ နှစ်သာရှိသေးသော သူငယ်တန်းကျောင်းသား မောင်ဘုန်းတေဇဖြစ်သည်။ သူသည်သွေးအိုင်ထဲတွင် လဲနေပြီး သူ၏ခန္ခာကိုယ်အောက်ပိုင်းတွင် ဒဏ်ရာ ပြင်းထန်စွာရထားသည်။
“သူတို့အတွက် သမီး ဝမ်းနည်းတယ်။ အရမ်း ဝမ်းနည်းတယ်” ဟု မအေးချမ်းမိုးပြောရင်း အသံတိမ်သွားသည်။
ကျောင်းလွယ်အိတ် ပြန်ယူရင်း သေဆုံးရသော ကလေးငယ်
စစ်ကောင်စီ၏ Mi-35 စစ်ရဟတ်ယာဉ်များက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရသည့် ကလေးငယ်များတွင် မောင်ဘုန်းတေဇ ပါဝင်သည်။ သူ၏လိမ္မော်ရောင် ကျောင်းလွယ်အိတ်နှင့် သွေးစွန်းနေသော စာအုပ်များကို စာသင်ခန်းအပေါက်ဝတွင် တွေ့ရသည်။
သူနှင့်အတူ သူငယ်တန်းတက်နေသည့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်လင်းလင်းက မောင်ဘုန်းတေဇသည် ရဟတ်ယာဉ်များက လက်နက်ကြီးများ ဆက်လက် ပစ်ခတ်နေစဉ် မန်ကျည်းပင်အောက်တွင် ပုန်းနေရာမှ စာသင်ခန်းအတွင်း ကျန်ရစ်သည့် သူ၏ ကျောင်းလွယ်အိတ်ကို ပြန်ယူချင်ကြောင်း ပြောပြသည်။
အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇသည် ကျောင်းလွယ်အိတ် နေရာသို့ရောက်သွားပြီးနောက် စာသင်ခန်းမှ ပြန်လည်ပြေးထွက်လာစဉ် သူ၏အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မောင်လင်းလင်း အသေးစိတ်မြင်လိုက်ရသည်။
အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇသည် ကျောင်းလွယ်အိတ် နေရာသို့ရောက်သွားပြီးနောက် စာသင်ခန်းမှ ပြန်လည်ပြေးထွက်လာစဉ် သူ၏အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မောင်လင်းလင်း အသေးစိတ်မြင်လိုက်ရသည်။
“သူက သူလဲကျနေတဲ့ သွေးအိုင်ထဲကနေ ကျနော့်ကို လှမ်းပြောတယ်။ ကိုကို ကျနော်နာတယ်။ ကျနော့်ကို လာခေါ်ပါလို့ပြောတယ်” ဟု မောင်လင်းလင်း ပြောပြရင်း အသံများတုန်ကာ အက်ကွဲကုန်သည်။
“ကျနော့်ညီ သွေးအိုင်ထဲ လဲနေတာတွေ့တော့ ကျနော်ငိုတယ်။ အိတ်ကို ပြန်မယူဖို့ ကျနော်သူ့ကို မတားလိုက်မိဘူး” ဟု မောင်လင်းလင်းက ပြန်ပြောရင်း ငိုသည်။
မောင်ဘုန်းတေဇသည် လေကြောင်းတိုက်ခိုက်မှု ခံရသည့် နေရာတွင်ပင် သေဆုံးသည်။ သူကဲ့သို့ပင် အသက် ၇ နှစ်အရွယ် မစုရတီလှိုင်သည်လည်း ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်ခံရသည်။ မောင်လင်းလင်းသည် သူ့ သူငယ်ချင်းတဦး၏ နဖူးကို ကျည်ထိမှန်ပြီး နောက်ထပ် လက်နက်ကြီးကျည်တခုက မစုရတီလှိုင်ကို အပြင်းအထန် ဒဏ်ရာရစေသည်ကိုလည်း တွေ့လိုက်ရသည်။
“စုရတီလှိုင်ရဲ့ ခြေတွေလက်တွေ လက်နက်မှန်ပြီး ပြတ်တောက်ကုန်တယ်။ ရင်ဘတ်မှာလည်း အပေါက်ကြီးဖြစ်သွားတယ်” ဟု မောင်လင်းလင်းက ပြောသည်။ “တခြားကျောင်းသားတွေလည်း အူတွေထွက်ပြီး ရင်ဘတ်တွေ ကြေမွနေတယ်” ဟုလည်း သူကပြောသည်။
မောင်ဘုန်းတေဇ၊ မစုရတီလှိုင်၊ အသက် ၁၁ နှစ်အရွယ် မဝင်းဝင်းခိုင်၊ အသက် ၉ နှစ်အရွယ် မဇင်နွယ်ဖြိုးနှင့် အခြား ၃ ဦးတို့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသည်။ စစ်ကောင်စီကမူ ထိုလေကြောင်း တိုက်ခိုက်မှုသည် စာသင်ကျောင်းအတွင်း ပုန်းအောင်းနေသည်ဆိုသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
လေကြောင်း တိုက်ခိုက်မှုအပြီး ဒဏ်ရာရနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အပါအဝင် လူပေါင်း ၂၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။ ပြင်းထန်သော ဒဏ်ရာရသူ ၂ ဦးမှအပ မည်သူကိုမျှ ပြန်မလွှတ်ပေးပေ။
လေကြောင်း တိုက်ခိုက်မှုအပြီး ဒဏ်ရာရနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အပါအဝင် လူပေါင်း ၂၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။ ပြင်းထန်သော ဒဏ်ရာရသူ ၂ ဦးမှအပ မည်သူကိုမျှ ပြန်မလွှတ်ပေးပေ။
ကလေးငယ် ရာပေါင်းများစွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ခံနေရ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် လွန်ခဲ့သောလပေါင်း ၂၀ အတွင်း စစ်ကောင်စီသည် အပြစ်ကင်းသည့် ကလေးများအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သည့် အတိုက်အခံများနှင့် တော်လှန်ရေးအင်အားစုများ အားလုံးကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်။
လက်ယက်ကုန်းကျေးရွာ တည်ရှိသည့် စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်သောနေရာများအနက် တခုသာ ဖြစ်သည်။
အလားတူစွာပင် စစ်ကောင်စီသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ အနောက်ပိုင်း ချင်းပြည်နယ်၊ အနောက်တောင်ပိုင်းမှ တနင်္သာရီနှင့် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းမှ ကရင်ပြည်နယ်၊ အရှေ့ပိုင်း ကယားပြည်နယ်နှင့် မြောက်ပိုင်း ကချင်ပြည်နယ်တို့မှ ခုခံတော်လှန်ရေး အင်အားစုများကို ချေမှုန်းရန် စစ်လေယာဉ်များနှင့် ခြေလျင်တပ်များကို အလွန်အကျွံ အသုံးပြုနေသည်။
စစ်ကောင်စီတပ်များသည် တော်လှန်ရေးအင်အားစုများရှိသော နေရာများကိုသာမက မြို့များ၊ ရွာများမှ လူနေရပ်ကွက်များ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများကိုလည်း တိုက်ခိုက်နေသည်။
အာဏာသိမ်းမှုနောက်ပိုင်း ကယားပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ်လုပ်ကြောင်း ကယားပြည်နယ်အခြေစိုက် တိုးတက်သော ကရင်နီ ပြည်သူ့တပ်မတော်က ပြောသည်။ ထိုဒေသမှ ကလေးငယ်များ အပါအဝင် အရပ်သား ၃၀၀ ကျော် စစ်ကောင်စီတပ်များလက်ချက်ဖြင့် သေဆုံးကြောင်း ထိုတပ်ဖွဲ့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှ စစ်ကောင်စီတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ်အနည်းဆုံး ၂၃၄ ဦးသေဆုံးကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှ စစ်ကောင်စီတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ်အနည်းဆုံး ၂၃၄ ဦးသေဆုံးကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာရသူ တသန်းကျော်အနက် ကလေးအများအပြားသည် ၎င်းတို့ မိသားစုများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများနှင့် စီးနင်းတိုက်ခိုက်မှုများကြောင့် ဒုက္ခခံစားနေရသည်။
အသက် ၁၁ နှစ်အရွယ် ကရင်တိုင်းရင်းသား စောဒိုးဒိုးသည် ကရင်ပြည်နယ်တွင် စစ်ကောင်စီက ဝင်ရောက် တိုက်ခိုက်သောအခါ မိသားစုနှင့်အတူ ရွာမှထွက်ပြေးရသောကြောင့် ချန်ထားခဲ့ရသည့် ခွေးနှစ်ကောင် ဆုံးရှုံးသည်။ ထိုင်း-မြန်မာနယ်စပ် လေးကေကော်မြို့နယ်မှ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသော်လည်း စစ်လေယာဉ်များ ပျံဝဲလာတိုင်း တောတွင်းသို့ ဝင်ရောက်ပုန်းအောင်းရန် ပြေးလွှားရသည်။
“လေယာဉ်လာပြီ၊ ပြေးကြ၊ ပြေးကြလို့ လူတွေက အော်ဟစ်ကြတယ်” ဟု သူကပြောပြသည်။ “နေ့လယ်စာ စားနေရင်း လေယာဉ်သံကြားတယ်။ ကျနော်နဲ့ ကျနော့်ညီမက လက်တောင်မဆေးဘဲ ထွက်ပြေးရတယ်။ ကျနော်တို့စားနေတဲ့ ထမင်းပန်းကန်တွေလဲ မှောက်ကုန်တယ်” ဟု သူကပြောသည်။
“ရွာမှာ နေလို့မရတော့လို့ တောထဲကို ထွက်ပြေးလာကြတာ” ဟု စောဒိုးဒိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
စောဒိုးဒိုးကဲ့သို့ပင် အသက် ၁၂ နှစ်အရွယ် ကရင်တိုင်းရင်းသူ နော်ခူးလာသည် စစ်ကောင်စီတပ်က သူ၏ ကျေးရွာကို တိုက်ခိုက်သောကြောင့် မိသားစုနှင့်အတူ ထွက်ပြေးလာရသည့် ကလေးအများအပြားအနက် တဦးဖြစ်သည်။ တောတွင်းမှ ယာယီစခန်းသို့ ပြေးနေစဉ် ကွင်းပြင်ကို ဖြတ်သန်းရချိန်တွင် လေယာဉ်သံများကြားရသည်။ သူတို့ တောတွင်းသို့ ရောက်သောအခါ ထိုဂျက်တိုက်လေယာဉ်များသည် သူတို့ ဦးခေါင်းထက်တွင် ရစ်ဝဲနေသည်။ လေယာဉ်တစီးကို အထင်အရှား တွေ့ရပြီး သူတို့ကို မပစ်ပါစေနှင့်ဟု ဆုတောင်းနေရကြောင်း သူကပြောသည်။
“လေယာဉ်တွေ ခေါင်းပေါ်မှ ပျံဝဲနေတော့ ခြုံပုတ်ထဲမှာ ဝင်ပုန်းနေရတယ်။ ကျွတ်တွေ၊ မျှော့တွေ အများကြီးပဲ။ ကျမက သူတို့ကို အရမ်းကြောက်ပြီး ရွံတယ်။ ဒါပေမယ့် မလှုပ်ရဲဘူး။ လေယာဉ်တွေက ကျမတို့ကိုမြင်ရင် ပစ်မှာ”
“လေယာဉ်တွေ ခေါင်းပေါ်မှ ပျံဝဲနေတော့ ခြုံပုတ်ထဲမှာ ဝင်ပုန်းနေရတယ်။ ကျွတ်တွေ၊ မျှော့တွေ အများကြီးပဲ။ ကျမက သူတို့ကို အရမ်းကြောက်ပြီး ရွံတယ်။ ဒါပေမယ့် မလှုပ်ရဲဘူး။ လေယာဉ်တွေက ကျမတို့ကိုမြင်ရင် ပစ်မှာ” ဟု နော်ခူးလာက လေကြောင်း တိုက်ခိုက်မှုမှ ပုန်းအောင်းရသည့် အတွေ့အကြုံများကို ပြန်ပြောပြသည်။
စစ်ကောင်စီက ၎င်းတို့ရွာကို စီးနင်းတိုက်ခိုက်သောကြောင့် အခြားကလေးများကဲ့သို့ပင် သူလည်း ကျောင်းမတက်နိုင်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၁၇ ကြိမ်အတွင်း အရပ်သား ၁၃၁ ဦးသေဆုံးပြီး ၂၉၄ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။ ထိုစာရင်းသည် ၎င်းတို့ ထိန်းချုပ်ထားသော ဒေသများအတွင်း ဖြစ်ပွားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူများကိုသာ တွက်ချက်ခြင်းဖြစ်ကြောင်းလည်း KNU က ပြောသည်။
မောင်စောမင်းလွင်သည် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ပေါင်တွင် ကျည်ဆံထိမှန်ဒဏ်ရာရသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်ဖြစ်သည်။ သူသည် နာကျင်နေသော်လည်း သူ့စခန်းအထက်တွင် စစ်လေယာဉ်များ ပျံဝဲနေသောအခါ ထွက်ပြေးရသည်။
“လေယာဉ်သံ သေနတ်သံတွေကြားတိုင်း ပြေးပြီးပုန်းနေရတယ်။ အခုတော့ ခြေထောက်က ဒဏ်ရာက ပျောက်ကင်းသလောက် ဖြစ်လာပြီး အိမ်ပြန်ချင်တယ်” ဟု သူကပြောသည်။
ကလေးငယ်များ၏ ဆန္ဒများ
လက်ယက်ကုန်းကျေးရွာမှ သူငယ်ချင်းများ ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီး ကံကောင်းသောကြောင့် ဆက်လက်ရှင်သန်ခွင့်ရသော ကလေးအများအပြားကဲ့သို့ပင် အသက် ၁၀ နှစ်အရွယ် မအေးချမ်းမိုးနှင့် အသက် ၈ နှစ်အရွယ် မောင်လင်းလင်းတို့သည် လေယာဉ်ကို အမြဲတမ်းကြောက်နေသည့် စိတ်ဝေဒနာ ခံစားနေရသည်။
“ဒီတကြိမ်မှာတော့ ကံကောင်းလို့ အသက်မသေဘဲ လေကြောင်း တိုက်ခိုက်မှုက လွတ်မြောက်ခဲ့တယ်။ နောက်တကြိမ်ဆိုရင် လွတ်ချင်မှ လွတ်မယ်။ ကျမသေရမှာ ကြောက်တယ်” ဟု မအေးချမ်းမိုးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုကြေကွဲစရာဖြစ်ရပ်အပြီး မောင်လင်းလင်းသည် ၅ ရက်ခန့် အိပ်မက်ဆိုးများမက်သည်။ သူ၏ အိပ်မက်များအတွင်း သူသည် ကျောင်းသို့ရောက်နေပြီး ကျောင်းသားများ သေဆုံးနေသည်ကို မြင်နေရသည်။
ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းအပြီးတွင် မောင်လင်းလင်းက တောင်းဆိုမှုတခု ပြုလုပ်ခဲ့သည်။ “အဲဒီစစ်ခွေးတွေကို အမြန်ဖမ်းပေးပါ။ ကျနော် ကျောင်းပြန်တက်ချင်တယ်။ စာသင်ချင်တယ်” ဟု သူက တောင်းဆိုသည်။
ကရင်ပြည်နယ်မှ ကလေးများကလည်း အမြန်ဆုံး အိမ်ပြန်လိုကြောင်း ပြောကြသည်။
“စစ်သားတွေ ကျနော်တို့နေရာကို မလာဖို့ ကျနော်ပြောချင်တယ်။ ဒီစခန်းမှာ နေရတာ မပျော်ဘူး။ အိမ်ကို သတိရတယ်” ဟု မောင်စောမင်းလွင်က ပြောသည်။
အသက် ၁၂ နှစ်အရွယ် နော်ခူးလာကလည်း လေယာဉ်များက သူတို့မပစ်ခတ်ရန်နှင့် အိမ်ပြန်နိုင်ရန် အမြဲဆုတောင်းကြောင်း ပြောသည်။
“ကျမ ကျောင်းတက်ချင်တယ်။ စားစရာ ဝဝလင်လင်စားချင်တယ်။ သေနတ်သံတွေ၊ အမြောက်သံတွေ မကြားချင်တော့ဘူး” ဟု သူကပြောသည်။
“ကျနော် အသက်ကြီးလာရင် အဲဒီဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေးခွ လုပ်မယ်”
လေးကေကော်မှ ရဲရင့်သော ကလေးငယ်ဖြစ်သည့် စောဒိုးဒိုးက သူ၏ ခွေးကလေး နှစ်ကောင်ဖြစ်သော ပါလာ၊ မက်ဂီတို့နှင့် ပြန်လည်ဆုံတွေ့လိုကြောင်း ပြောသည်။ ရွာမှထွက်ခွာစဉ် ထိုခွေးများကို ရှာမတွေ့သောကြောင့် ကျန်နေရစ်ကြောင်း၊ ခွေးကလေးများ အစာငတ်နေမည်ကို စိုးရိမ်ကြောင်း ပြောသည်။
အခြားတဘက်တွင်လည်း ထို အသက် ၁၁ နှစ်အရွယ်ကလေးငယ်သည် သူအရွယ်ရောက်လာသောအခါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်တိုက်ခိုက်ရန် စဉ်းစားနေသည်။
“ကျနော် အသက်ကြီးလာရင် အဲဒီဂျက်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေးခွ လုပ်မယ်” ဟု သူကပြောသည်။
(လုံခြုံရေးအတွက် အမည်များကို ပြောင်းလဲထားပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yuzana ၏ Child Victims of Myanmar Junta Air Strikes Recall Their Deadly Ordeal ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ
လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို
လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ
မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု