Trend

ဆပ်ကပ်ထဲက ဆင်တွေ အနားရဖို့ ဒေါ်လာ ၁ ဒဿမ ၆ သန်း အသုံးပြုခဲ့တဲ့ ဒိန်းမတ်အစိုးရ

တိရစ္ဆာန်တွေကို လေ့ကျင့် အသုံးပြုပြီး ဖျော်ဖြေကြတဲ့ ဆပ်ကပ်ပွဲတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဖျော်ဖြေရေးတခု အနေနဲ့ ရှိခဲ့တာပါ။

လေ့ကျင့်သင်ကြားထားခြင်းခံရတဲ့ ဆပ်ကပ်ထဲက တိရစ္ဆာန်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို လူသားတွေက စိတ်အပန်းဖြေစရာတခုအနေနဲ့ ကြည့်ရှုခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ လူသားချင်း စာနာစိတ်ရှိသူ အများစုဟာ တိရစ္ဆာန်တွေနဲ့ ဖျော်ဖြေတဲ့ ဆပ်ကပ်ပွဲတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါပြီ။

ဆပ်ကပ်ထဲက ဆင်၊ ကျား၊ ခြင်္သေ့နဲ့ မျောက် အစရှိတဲ့ တိရစ္ဆာန်တွေဟာ လူတွေကို ဖျော်ဖြေနိုင်ဖို့အတွက် နောက်ကွယ်မှာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ၊ အိုမင်းလာတဲ့အထိ ဖျော်ဖြေတင်ဆက်ရမှုတွေကို သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် တိရစ္ဆာန်တွေအပေါ် ရက်စက်ရာလည်း ရောက်သလို စာနာစိတ်ကင်းမဲ့ရာလည်း ရောက်နေပါတယ်။

နိုင်ငံတော်တော်များများမှာတော့ တိရစ္ဆာန် ဆပ်ကပ်ပွဲတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လာကြပြီး အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့မှာတော့ ၂၀၁၈ ခုနှစ်တည်းက စပြီး တိရစ္ဆာန်ဆပ်ကပ်ပွဲတွေကို တားမြစ်ပိတ်ပင်ခဲ့တာပါ။

အခုတခါမှာတော့ ဒိန်းမတ်အစိုးရဟာ တိရစ္ဆာန်တွေနဲ့ ပြသတဲ့ ဆပ်ကပ်အဖွဲ့တခုက အိုမင်းမစွမ်းဖြစ်နေပေမယ့် ခိုင်းစေပြသခြင်းခံနေရတဲ့ ဆင်ကြီး ၄ ကောင်ကို ဒေါ်လာ ၁ ဒဿမ ၆ သန်းနဲ့ ဝယ်ယူကာ အနားပေးခဲ့ပါတယ်။

ဒိန်းမတ်အစိုးရအနေနဲ့ တိရစ္ဆာန်တွေကို ရုံသွင်းပြသခိုင်းစေတဲ့ ဆပ်ကပ်အဖွဲ့တွေကို လတ်တလောမှာတော့ တားမြစ်ပိတ်ပင်နိုင်ခြင်း မရှိသေးပေမယ့် အခုလို ဆင်တွေကို ဝယ်ယူအနားပေးလိုက်တဲ့ အပြုအမူဟာ အကြိုလှုပ်ရှားမှုတခုလို့လည်း ပြောလို့ ရပါတယ်။

နိုင်ငံတွင်း လှည့်လည်ပြသနေတဲ့ တိရစ္ဆာန်ဆပ်ကပ် အဖွဲ့တွေကို Animal Protection Denmark အဖွဲ့အစည်းကနေ လေ့လာစောင့်ကြည့်နေပြီး သိပ်မကြာခင်ကာလမှာ တိရစ္ဆာန်တွေကို ခိုင်းစေအသုံးပြုတဲ့ ဆပ်ကပ်အဖွဲ့တွေကို တားမြစ်ပိတ်ပင်တော့မှာလို့လည်း သိရပါတယ်။

Animal Protection Denmark အဖွဲ့အနေနဲ့ နိုင်ငံတွင်းက တိရစ္ဆာန်ဆပ်ကပ်အဖွဲ့တွေကို တားမြစ်ပိတ်ပင်တော့မယ့် အစီအစဉ်အပြင် တခြားသော နိုင်ငံတွေအနေနဲ့လည်း တိရစ္ဆာန် ဆပ်ကပ်ပွဲတွေကို တားမြစ်ပိတ်ပင်ဖို့ တိုက်တွန်း နှိုးဆော်မှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

Ref. www.truththeory.com

Loading