ဧည့်သည် တယောက်စ နှစ်ယောက်စနဲ့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ဆင်စခန်းထဲမှာ ဆင်ထိန်းတချို့က ဆင်ပေါ်မှာဘဲ ဧည့်သည်စောင့်ရင်း ငိုက်မြည်းနေကြပုံပါ။ အရင်က အပတ်စဉ် တနင်္ဂနွေနေ့ ဆင်ရှိူးပွဲဆို ပွဲကြည့်စင်ပေါ်မှာ လူတွေ ပြည့်နှက်နေပေမယ့် အခုမြင်ကွင်းကတော့ မိသားစု တစု၊ နှစ်စုကိုသာ ဧည့်ခံနေပါတယ်။
ဒါကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ဇင်းမယ် လို့ခေါ်တဲ့ ချင်းမိုင်မြို့ပြင်က Maetaeng Elephant Park and Clinic ဆိုတဲ့ မယ့်တန်ဆင်စခန်း ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအတွက် နာမည်ကြီး ဆင်စခန်းတခုဖြစ်ခဲ့တဲ့ မယ့်တန် ဆင်စခန်းဟာ ကိုဗစ်ကာလမှာ ပိတ်ထားခဲ့ရပြီး ဒီသြဂုတ်လမှာ ပြန်ဖွင့်ခဲ့တာပါ။
“အရင်တုန်းကတော့ အဆင်ပြေပါတယ်။ အခုဧည့်သည်လည်းမလာတော့ ဆင်တွေလည်းငတ်၊ လူတွေလည်း ငတ်ပေါ့” လို့ လက်ရှိကာလမှာ ကြုံတွေ့နေရတဲ့အခြေအနေကို ပြောလာသူကတော့ မယ့်တန် ဆင်စခန်းက ပန်းခြံမှာ လုပ်နေတဲ့အိုင်စော ဖြစ်ပါတယ်။
အရင်က ဆင်စခန်းက ပုံမှန်ကျွေးတဲ့ အစားအစာတွေအပြင် ဧည့်သည်တွေများရင် များသလို အလျှံပယ် စားရတဲ့ ဘူဖေးပမာ အစားစာတွေဟာ အခုချိန်မှာတော့ အိပ်မက်တခုလိုဖြစ်နေရပါပြီ။ ကိုဗစ်ကာလ အတွင်းမှာတော့ ဧည့်သည်ကျွေးတဲ့ အစားအစာများမဆိုထားနဲ့ ပုံမှန် ဆင်စခန်းက ကျွေးတဲ့ ပြောင်းပင်တောင် လျှော့ပြီး စားနေရပါတယ်။
ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်ပြီး အနားရကြပေမယ့် ဝမ်းရေး အတွက်တော့ ဝဝလင်လင် မစားကြရဘဲ ဖြစ်နေကြရပါတယ်။ အရင်က ဆင်တကောင်ကို တရက်လုံးအတွက် ပြောင်းပင် လက်တပိုက်စာ အစီး ၁၅ စီး နှုန်းနဲ့ ၃ ကြိမ်ကျွေးရပြီး အခုကာလမှာတော့ တကောင်ကို ၈ စီးဝန်းကျင်ခန့်နဲ့ နှစ်ကြိမ်ကျွေးရတယ်လို့ ဆင်ထိန်း တဦးက ပြောပါတယ်။
ဆင်စခန်းတွေဟာ ထိုင်းနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးသော ထိပ်တန်း လည်ပတ်စရာ နေရာတွေ ထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆင်စခန်းပေါင်း ၇၀ ကျော်ရှိပြီး အဲဒီထဲကမှ ဆင်စခန်းပေါင်း ၃၀ ကျော်ခန့်က ဆင်စခန်း၊ ဆင်ခြံ၊ ဆင်ဘေးမဲ့တော စတဲ့ နာမည်အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာရှိပါတယ်။
မယ့်တန် ဆင်စခန်းမှာတော့ ပန်းချီဆွဲခြင်း၊ ဘောလုံးကန်ခြင်း စတဲ့ ဆင်တွေရဲ့ လှုပ်ရှားမှုကို ပြသတဲ့ ဆင်ရှိုးတွေ၊ ဆင်တွေကို ကိုယ်တိုင်အစာကျွေးပြီး ဆင်တွေနဲ့ ပွေ့ဖက် ဓါတ်ပုံရိုက်နိုင် သလို ဆင်စီးပြီး တောတောင်ထဲ ခရီးတိုလည်ပတ်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆင်ဆွဲတဲ့ ပန်းချီများ၊ ဆင်ပုံကလေးတွေနဲ့ အမှတ်တရပစ္စည်းများကိုလည်း ဝယ်ယူနိုင်ပါတယ်။
ဆင်တွေဟာ ဧည့်သည်တွေကို သူတို့ တတ်ကျွမ်းမှုတွေကို ပြသဖျော်ဖြေရင်း၊ ဧည့်သည်တွေကို တောတောင် ထဲ လည်ပတ်ဖို့ လမ်းညွှန်ခေါ်ဆောင်ရင်း သူတို့ နေထိုင်စားသောက်ဖို့အတွက် တာဝန်ကိုယ်စီနဲ့ အလုပ်လုပ်ကြရ ပါတယ်။ ချင်းမိုင်မြို့အတွက်တော့ ဆင်တွေဟာ Tourism အတွက် အမှတ်အသားတခုပါ။
ဒါပေမယ့် ဒီအရာတွေအားလုံးဟာ အခုတော့ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက် အရင်က ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ဆင်စခန်းတွေဟာ ခြောက်ကပ်သွားပါတယ်။
ဆင်စခန်းထဲက မင်းသား၊ မင်းသမီးတွေလို့ အရင်က အလေးထားခံခဲ့ရတဲ့ ဆင်တွေဟာ အခုတော့ ပုံမှန်ထက် လျှော့စားနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ဆင်စခန်းမှာ ဆင်တွေကို မီခိုနေကြရတဲ့ ဆင်ထိန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာလည်း ဆင်တွေနဲ့ ဘဝတူတွေဖြစ်ကုန်ကြပါတယ်။
“အရင်က ဧည့်သည်လာရင် အင်္ဂလိပ်တွေက မုန့်ဖိုးတွေပေးတယ်။ တရက်ကို သုံး လေးရာလောက်ရတယ်။ လခက (ဘတ်) ၈၀၀၀ (ကျပ် ၃ သိန်းကျော်) လောက်ရတယ်။ အခုတော့ အလုပ်သွားတဲ့ရက်မှ ပိုက်ဆံရတယ်။ တရက်သွားရင် ၁၀၀ ရတယ်။ အလုပ်မဆင်းရတဲ့ ရက်ဆို မရဘူး” လို့ အိုင်စော က ပြောပါတယ်။
ဆင်စခန်းမှာနေတဲ့အမျိုးသမီးအများစုက အရင်လုပ်နေတဲ့ လက်မှု ပစ္စည်းရောင်း၊ စားစရာရောင်းတဲ့ အလုပ်တွေကိုလည်း ဧည့်သည်မရှိလို့ ရပ်လိုက်ရပြီး အချို့က သူတို့အမျိုးသား ဆင်ထိန်းလစာနဲ့ ဖြစ်သလိုစားနေရတဲ့သူရှိပြီး အချို့က အသီးခူး၊ သန့်ရှင်းရေး စတဲ့ အပြင်အလုပ်တွေကို အမျိုးသားတွေ နည်းတူ နေ့စားပုံစံနဲ့ သွားရောက်လုပ်ကိုင်နေကြရပါတယ်။
ကိုဗစ်ကာလကြောင့် အလုပ်လက်မဲ့အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆင်ထိန်းမိသားစုတွေဟာ ဆန်၊ ဆီ၊ ဆား လာကူမှုအချို့ကြောင့် ခံသာနေရပေမယ့် သူတို့ရဲ့ အနာဂတ်အတွက်တော့ ပူပန်မှုတွေ အပြည့်နဲ့ပါ။
အသက် ၂၀ ကျော်အရွယ် ဆင်ထိန်း ညေးရယ် က “အရင်ကနဲ့ အခုတော်တော်ကွာတယ်။ အရင်ကဆိုရင် မနက်ကြက်သားဟင်းဆို၊ နေ့ လည်ကြက်ဥဖြစ်ဖြစ်၊ ညနေဆို ငါးသေတ္တာဖြစ်ဖြစ် စားနိုင်တယ်။ အခုကျတော့ ဆန်နဲ့ ဟင်းချိုမှုန့်၊ ဆားရှိဖို့က အဓိကဖြစ်နေတယ်။ ဟင်းကတော့ အရွက်တွေ တောင်ပေါ်မှာ လိုက်ခူးပြီး ချက်စားပေါ့” လို့ ဆိုပါတယ်။
မြန်မာပြည်ပြန်ဖို့ကလည်း လက်တလော လမ်းပိတ်ထားပြီး အကယ်၍ လမ်းပြန်ဖွင့်ခဲ့ရင်တောင် အလုပ်အကိုင် အခွင့်လမ်းနည်းတဲ့အတွက် ပြန်ဖို့ စဉ်းစားနေရတယ်လို့ ဆင်စခန်းမှာ ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အသက် ၃၅ နှစ်ခန့်အရွယ် မနဲနယ်က ပြောပါတယ်။
သူမအနေနဲ့ လက်ရှိနေ့စားလုပ်နေတဲ့ လန်း(မ်)ရိုင်း သီးတွေက ကုန်ချိန်ရောက်တော့မှာမို့ အခြား နေ့စား အလုပ်ကို ကြိုးစားရှာဖို့ ကြိုတင်စဉ်းစားနေပါတယ်။
ဧည့်သည်တွေအရင်လိုပြန်လာဖို့ဆိုတဲ့ မျှော်လင့်ချက်က ဆင်စခန်းမှာအလုပ်လုပ်တဲ့လူတွေတင်မကပါဘူး။ အကယ်၍များ ဆင်တွေသာ စကားပြောတတ်ခဲ့မယ်ဆိုရင် ကပ်ရောဂါ ပြီးဆုံးပြီး အရင်လို ဧည့်သည်တွေ များများနဲ့ အစာ၀၀ စားရတဲ့ဘဝကို ပြန်လိုချင်တယ်လို့ တမ်းတနေကြမလားပဲ။
You may also like these stories:
အကျဉ်းထောင်ထဲမှာ အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ပြုတဲ့ အင်ဒီယားနားပြည်နယ်
ဆင်တွေအကြောင်း ဗဟုသုတလည်းရ စိတ်အပန်းလည်းပြေစေမယ့် ဝင်္ဂဘောဆင်စခန်း
အောက်တိုဘာလကစပြီး နိုင်ငံခြားခရီးသွားများကို ထိုင်းသို့ ဝင်ရောက်ခွင့်ပြုမည်