HIV/AIDS ကူးစက်ဝေဒနာရှင်များ ရောဂါသက်သာစေပြီး သက်တမ်းစေ့နေနိုင်ရေး နေ့စဉ် သောက်သုံးရသည့် ART ဆေး ကို ဩဂုတ် ၈ ရက်မှစ၍ ကျန်းမာရေးဌာနများတွင်သာ ထုတ်ယူနိုင်မည်ဟု စစ်ကော်မရှင်သစ်က ကန့်သတ်လိုက်သဖြင့် ဆေးသောက်နေရသူများ အခက်အခဲဖြစ်စေကြောင်း NGO၊ INGO များနှင့် ဒေသခံများက ဆိုသည်။
လက်ရှိ ART ဆေးထုတ်ပေးနေသည့် NGO၊ INGO အဖွဲ့များသည် သြဂုတ်လဆန်းမှစ၍ ဆေးဝါးသောက်သုံးသူများစာရင်း ကို စစ်ကော်မရှင်၏ မြို့နယ်ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးနေရပြီး လာရောက်ထုတ်ယူသူများအား တလစာ ထုတ် ပေး နေကြောင်း သိရသည်။
“ကျမတို့လို NGO အဖွဲ့တွေကနေ ဆေးထုတ်ပေးလို့မရတော့ဘူး၊ ကျန်းမာရေးဌာနကနေပဲ ထုတ်ပေးတော့မယ်ဆိုပြီး စာရင်းတွေ တောင်းလို့ ပေးလိုက်ရတာရှိတယ်။ ကျမတို့ဆီကလူနာတွေက မြို့နယ်ကျော်ထုတ်နေတဲ့သူမျိုးတွေရှိတယ်။ ဥပမာ စဉ့်ကိုင် မြို့နယ်ထဲမှာနေတယ်၊ ဆေးထုတ်တော့ ချမ်းမြသာစည်မြို့နယ်မှာ။ အဲဒီလိုလူနာတွေကို ကိုယ်နေထိုင်ရာဒေသက ကျန်းမာ ရေးဌာနမှာပဲ ထုတ်ရမယ်ဆိုတော့ ကျမတို့ဆီကလူနာတွေ မူလမြို့နယ်တွေမှာပဲ ထုတ်လို့ရအောင် ကူညီပေးနေရတာမျိုး တွေ ရှိတယ်” ဟု NGO တခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတဦးက ပြောသည်။
ယခင်က HIV/AIDS ဝေဒနာရှင်များ နေ့စဉ်မပျက်မကွက် ပုံမှန် သောက်သုံးရမည့် ART ဆေးကို သက်ဆိုင်ရာဌာနများနှင့် INGO၊ NGO များမှ အခမဲ့ထုတ်ပေးနေခဲ့သော်လည်း ယခုစစ်ကော်မရှင်၏ ကျန်းမာရေးဌာနများတွင်သာ ထုတ်ယူရမည်ဆို သဖြင့် တော်လှန်ရေးတပ်များ သိမ်းထားသည့် ဒေသတွင်နေသူများ၊ တိုက်ပွဲပဋိပက္ခများဖြစ်နေရာဒေသများမှ HIV/AIDS လူနာများအတွက် ဆေးရရှိမှု ပိုခက်ခဲသွားနိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှ NGO ဝန်ထမ်းတဦးက “HIV/AIDS ဝေဒနာရှင်တွေထဲမှာ တချို့ မိသားစုတောင် မသိတဲ့သူမျိုး တွေရှိတယ်။ မခွဲခြားဘူးလို့ ဘယ်လောက်ပြောပြော HIV/AIDS ဖြစ်နေပြီလို့သိတာနဲ့ ခွဲခြားဆက်ဆံခံရတာတွေ ကြုံတွေ့ လာနိုင်လို့ အချို့ဆိုရင် ဆေးသောက်နေရတယ်ဆိုတာကို အသိမခံတာတွေရှိတယ်။ အဲဒါကို လူနာကိုယ်တိုင် လာထုတ် မှတို့၊ ကိုယ်စားလှယ်ဆိုရင်လည်း မိသားစုဝင်မှတို့ ဆိုတာတော့ အရင်က ကိုယ်စားလှယ်လွှဲစာပါရင်ကို ဆေးထုတ်ပေး ခဲ့တာ။ CD4 စစ်မယ့်အချိန်လောက်ပဲ မဖြစ်မနေ လူနာကိုခေါ်တာ။ အဲဒီလိုမရရင်တောင် အဆင်ပြေအောင် လုပ်ပေးခဲ့တာ တွေရှိတယ်။ အခုက အဲဒီလိုလူနာမျိုးတွေ ဆေးထုတ်ဖို့ ခက်ခဲလာစေတယ်။ ဆေးမထုတ်နိုင်လို့ မသောက်နိုင်ကြတော့ ဘူးဆိုရင် သူတို့ အသက်တိုကြမှာပေါ့” ဟု ပြောသည်။
HIV/AIDS ကူးစက်ရောဂါ ဖြစ်ပွားသူများသည် Antiretroviral Therapy (ART) ဆေးသောက်သုံး ကုသနည်းဖြင့် HIV ဗိုင်း ရပ်စ်ပိုး ဆက်လက်မပျံ့ပွားအောင် ထိန်းချုပ်ထားနိုင်သော်လည်း ယင်းဗိုင်းရပ်စ်မှာ ဆေးယဉ်ပါးမှု အလွယ်တကူ ဖြစ်နိုင်၍ ဆေးပေါင်းစုံဖြင့် စုပေါင်းကုသရန် လိုအပ်သလို နေ့စဉ်မပျက်မကွက် ဆေးသောက်ရန်လိုအပ်ကြောင်း သိရသည်။
“ART ကို သေသေချာချာ သောက်မယ်ဆိုရင် ပုံမှန်လူလိုမဟုတ်ပေမယ့် ပုံမှန်လူနီးပါး၊ သက်တမ်းစေ့နီးပါး ကျန်းကျန်းမာမာ နဲ့ ကောင်းကောင်းမွန်မွန် နေသွားနိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။ ဒီဆေးမှ မသောက်ရဘူးဆိုရင်တော့ လူဖြစ်ရှုံးတယ် ဆိုတဲ့ အနေအထား ရောက်သွားမှာပေါ့။ ဒီလိုအခြေအနေမျိုးမှာ အရေးကြီးဆုံးက ကာကွယ်ခြင်းမှတပါး အခြားမရှိတော့ ဘူးလို့ ပြောရမှာပေါ့” ဟု စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် CDM ဆရာဝန်တဦးက ပြောသည်။

၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံတဝန်းလုံး ART Center ၇၈ ခုနှင့် Decentralized ART Sites (ART ဆေးပေး ဌာနခွဲ) ၉၅ ခု ကျော်ရှိခဲ့ပြီး ကချင်ပြည်နယ် (ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်)၊ ကရင်ပြည်နယ် (ဘားအံ၊ မြဝတီ မြို့နယ်)၊ ကယားပြည်နယ် (လွိုင်ကော်မြို့နယ်)၊ ချင်းပြည်နယ် (ဟားခါးမြို့နယ်)၊ မွန်ပြည်နယ် (မော်လမြိုင်၊ သထုံ၊ ရေးမြို့ နယ်)၊ ရခိုင်ပြည်နယ် (စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်)၊ ရှမ်းပြည်နယ် (တောင်ကြီး၊ လွယ်လင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ လာရှိုး၊ ကလောမြို့နယ်)၊ စစ်ကိုင်းတိုင်း (ဟုမ္မလင်း၊ ကလေး၊ ရွှေဘို၊ တမူး၊ မုံရွာ၊ စစ်ကိုင်း မြို့နယ်)၊ တနင်္သာရီတိုင်း (ထားဝယ်၊ ကော့သောင်း၊ မြိတ်မြို့နယ်)၊ နေပြည်တော်ကောင်စီနယ်မြေ (နေပြည်တော်၊ ပျဉ်းမနား မြို့နယ်)၊ ပဲခူးတိုင်း (ပဲခူး၊ ပြည်၊ တောင်ငူမြို့နယ်)၊ ဧရာဝတီတိုင်း (ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံမြို့နယ်)၊ မန္တလေးတိုင်း (ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံမြို့နယ်)နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ကျန်မားရေးဌာနများ၊ ဆေးရုံကြီးများ၊ ရန်ကုန်တိုင်း (မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သာကေတမြို့နယ်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ကျန်းမာရေးဌာနများတွင် ART Center များ ဖွင့်လှစ်ပေးထားကြောင်း ၂၀၁၈ က ထုတ်ပြန်ထားသည့် ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
အဆိုပါဌာနများတွင် NGO၊ INGO အဖွဲ့များလည်း ပါဝင်နေကာ ယခုလို စစ်ကော်မရှင်က NGO၊ INGO အဖွဲ့များအား ART ဆေးထုတ်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းသည် HIV တိုက်ဖျက်ရေးအတွက် ကြီးမားသည့်ဆုတ်ယုတ်မှုများ ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုသည်။
ထို့ပြင် စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက် ရှိနေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်များတွင် ဆေးပြတ် လပ်မှုများ ဖြစ်ပေါ်နေသလို ဆေးရရှိရေးအတွက် တင်ပြရမှု၊ မလိုအပ်ဘဲ လုပ်ဆောင်ထားသည့် စာရွက်စာတမ်းလုပ်ငန်းစဉ် များကြောင့် ဆေးပြတ်လပ်မှုများ ကြုံနေရကြောင်း Non CDM ဆရာဝန်တဦးက ဆိုသည်။
“လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတဲ့ အစွန်အဖျားရွာတွေက ဆေးထုတ်လူနာတွေဆို ရွာကနေ ခြေလျင်၊ ဆိုင်ကယ် ကားကြုံရှာ၊ လှေနဲ့ကူး။ အသွားအပြန် သုံးရက်လောက် အချိန်ပေးရတဲ့နေရာမျိုးတွေပေါ့။ မြို့ပေါ်ဆေးထုတ်ရမယ့်နေရာ ရောက်တော့ ဆေးပြတ်တာမျိုးနဲ့ကြုံရင် ထပ်စောင့်ပေးဦးတော့ပဲ။ ဆေးတခါထုတ်ရင် သူတို့အတွက် ကုန်ကျစရိတ်က တော်တော်များတယ်။ ဆေးပေးတော့ တလစာ၊ အဲဒီအတွက်ပဲ လုံးပမ်းနေကြရသလို ဖြစ်နေတယ်” ဟု NGO တခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တဦးက ပြောသည်။
လက်ရှိတော်လှန်ရေးအားကောင်းသည့် စစ်ကိုင်း၊ မကွေးတိုင်းအတွင်းရှိ ကလေး၊ တမူး၊ မော်လိုက်၊ ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ မင်းဘူး၊ မကွေး ခရိုင်တို့တွင် ပြီးခဲ့သည့်နှစ် ဩဂုတ်လခန့်မှစတင်ကာ ART ဆေးပြတ်လပ်မှု ကြုံနေရသူ သောင်းဂဏန်း အထက် ရှိနေပြီး ရောဂါပိုမိုဆိုးရွားလာမည့်အပေါ် စိုးရိမ်နေသလို အချို့ ART ဆေးသောက်နေရသူအချို့ ဆေးပြတ်လပ်မှု ကြောင့် အသက်သေဆုံးခြင်းများ ရှိလာကြောင်း သိရသည်။
အဆိုပါဒေသများတွင် စစ်ကော်မရှင်၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ဖြတ်တောက် ဖမ်းဆီးနေမှုနှင့်အတူ ဆက်သွယ် ရေးခက်ခဲမှု၊ စစ်ရေးအခြေအနေတို့ကြောင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဟု ကူညီပေးနေသူများက ဆိုသည်။
ပခုက္ကူခရိုင်မှ စစ်ရှောင်များအားကူညီပေးနေသူ ကိုဘိုဘိုသန့်စင်က “သူတို့ ထိန်းချုပ်လိုက်တဲ့အတွက် ကျနော်တို့ တော်လှန် နယ်မြေတွေမှာ ၉၅ ရာခိုင်နှုန်းလောက်ထိ ဆိုးကျိုးတွေ သက်ရောက်သွားမယ်လို့ ထင်ပါတယ်။ လက်ရှိမှာ ပခုက္ကူခရိုင်ကို ဖြတ်လေးဖြတ်နည်းသုံးနေပြီ။ ART ဆေးတွေဆိုရင် ပိုကျပ်သွားတာပေါ့။ အရပ်သားတွေအနေနဲ့ ART ဆေးပေးတဲ့ဌာနတွေ ကို သွားလို့ရနိုင်ပေမယ့် ကျနော်တို့ရဲဘော်တွေ၊ အရပ်သားယောက်ျားလေးတွေဆိုရင် သွားလို့ အဆင်မပြေဘူး၊ ဖမ်းဆီးတာတွေ ရှိနေတော့။ အဲဒီလိုအခြေအနေတွေကြောင့် ဒီဆေးရဖို့က လုံးဝ လမ်းဆုံးသွားပြီလို့ ပြောလို့ရတယ်” ဟု ပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားချိန် သွားလာရန်ခက်ခဲသလို လုံခြုံရေးအရ အသက်အန္တရာယ်စိုးရိမ်ရမှု၊ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ စစ်ရှောင်ချိန် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ ART ဆေး ထုတ်ယူ သော စာအုပ်၊ ဆေးကုသမှုမှတ်တမ်း စသည့် စာရွက်စာတမ်းများ ပျောက်ဆုံးခြင်း၊ မီးလောင်ပျက်စီးခြင်းတို့ကြောင့်လည်း ဆေး ထုတ်ယူနိုင်ခြင်း မရှိတော့သည့် ဖြစ်ရပ်များလည်း ရှိသည်။
ART ဆေးသောက်နေရသူများတွင် တော်လှန်ရေးအဖွဲ့များထဲမှ ရဲဘော်အချို့လည်း ပါဝင်နေရာ ပြင်ပမှ ART ဆေးများ ဝယ် ယူသောက်နေရကြောင်း၊ ထိုသို့ဝယ်ယူရာတွင် အိန္ဒိယထုတ် ART ဆေး တလစာပါ တဗူးလျှင် အနည်းဆုံး ကျပ် ၆ သောင်းမှ ၈ သောင်းဝန်းကျင်ထိ ပေးရကြောင်း၊ ဥရောပထုတ်ဆေးမှာ အနည်းဆုံး ကျပ် ၁ သိန်း ၃ သောင်းခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တပ်ရင်းတခုမှ တာဝန်ရှိသူတဦးက “ART ဆေးသောက်နေရတဲ့ ရဲဘော်တွေအတွက် Top Center၊ လမ်းပြကြယ်၊ ပြည်ကြီးခင်တို့လို NGO အဖွဲ့တွေဆီကနေတဆင့် ယူတယ်။ ခေတ်ပျက်ပြီး တနှစ်လောက်ထိ ဆက်သွယ်ပြီး ပေးသေးတယ်။ နောက်ပိုင်းကျ တော်လှန်ရေးနယ်မြေဖြစ်လာတော့ စိုးရိမ်ချက်တွေကြောင့် Cancel လုပ်ပစ်လိုက်တော့ ဝယ်သောက်ကြရတယ်” ဟု ပြောသည်။
အဆိုပါပြဿနာများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများအနေဖြင့် ထိထိရောက်ရောက် ကူညီပေးနိုင်ရန် ကြိုးစားလုပ်ဆောင်ပေးသင့်ကြောင်းလည်း တော်လှန်ရေးအင် အားစုများက ဆိုသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှအပ ကျန်ခရိုင်၊ မြို့နယ်များ၌ HIV ပိုး ရှိ/မရှိ သွေးစစ်ပေးခြင်း၊ Viral Load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို ပြုလုပ် ပေးနိုင်မှု မရှိတော့ကြောင်း သိရသည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ Life Style က တော်တော်လေးပြောင်းလဲလာတယ်။ အပျော်အပါးဘက်တွေမှာ ပိုအချိန်ကုန် ပိုပြီး တော့ အားထုတ်လာကြတယ်။ HIV/AIDS နဲ့ ပတ်သက်ပြီး ကာကွယ်တာတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို လူတိုင်းက အပြည့်အဝမသိကြဘူး။ တချို့ သိသော်လည်း မလိုက်နာနိုင်ကြဘူး။ ဥပမာ ကိုယ်က ညဘက်မှာ မူးယစ်ဆေးတမျိုးမျိုး သုံးပြီး မှားခဲ့တယ်ဆိုရင်တောင် ကိုယ်နဲ့အတူတူနေလိုက်တဲ့သူက HIV ရှိ/မရှိ မသေချာဘူး။ သို့သော် စိတ်ချရအောင် PEP သောက်မယ်ဆိုတာမျိုး လုပ်လို့ရပေမယ့် အခုနောက်ပိုင်း PEP ဆေးတွေက ရဖို့မလွယ်တော့တဲ့ အခြေအနေရောက်နေပြီ” ဟု ရန်ကုန်မြို့မှ ဆရာဝန်တဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း စသည့် ဒေသများတွင် တရားဥပဒေစိုးမိုးမှု လျော့နည်းလာ ကာ နယ်မြေမတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါးသုံးသူ ပိုများပြားလာပြီး အသိပညာပေးနိုင်မှု နည်းပါးလာသလို ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ၌လည်း ကလပ်များ၊ ဘားများ၌ ဟက်ပီးဝါးတားကဲ့သို့ မူးယစ်စေနိုင်သော ဓာတုစိတ်ကြွဆေး များ လွယ်လင့်တကူရသဖြင့် အလွန်အကျွံသုံးစွဲပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ပိုး ကူးစက်မှုများလည်း တဖန် ပြန်လည်မြင့်တက်လာစေသည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ART ဆေးဝါး ဖြန့်ဝေပေးမှုကို ၂၀၀၅ ခုနှစ်၌ စတင်နိုင်ခဲ့သော်လည်း ဆေးဝါးရရှိသင့်သူ၏ ၃ ရာခိုင်နှုန်း သာ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ ၁၀၀၀ တွင် HIV ပိုး ကူးစက်ခံရသူ ၆ ယောက်ခန့်ထိရှိ လာချိန်၌လည်း ရောဂါကူးစက်ခံရထားရသူ ၁၀၀ မှာ ၅၅ ဦးသာ ART ဆေးဝါး ထောက်ပံ့မှုရရှိခဲ့ကြောင်း၊ စစ်အာဏာမသိမ်း ခင်ထိ ရောဂါကူးစက်ခံရထားရသူ ၁၀၀ တွင် ၇၃ ဦးအထိ ART ဆေးဝါး ထောက်ပံ့မှုများ လုပ်ပေးနိုင်ခဲ့ကြောင်း အိပ်ချ်အိုင် ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂပူးတွဲအစီအစဉ် (UNAIDS) ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ
ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ
စိတ်ဒဏ်ရာနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ရုန်းကန်နေရ














