အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အစပ်ရှိ လောင်တလိုင်ခရိုင်အတွင်း ပလက်ဝ စစ်ဘေးရှောင်များ နေထိုင်သော စစ်ဘေးရှောင်စခန်းတချို့နှင့် ပလက်ဝခရိုင်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောကူးစက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ဖြစ်ပွားသည့် ဝမ်းရောဂါကူးစက်မှုကြောင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် ကာကီ၊ တွီဒင်း ၊ လောင်မစူးနှင့် ရှဟာခရိုင်၊ လုံဒါးရ်ရွာများတွင် မြန်မာစစ်ဘေးရှောင်များ အပါအဝင် ၇ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ ကာကီကျေးရွာက စစ်ဘေးရှောင် ၇၅နှစ်အရွယ် ဦးလောမ်ပါ ၊ ၄၈ နှစ် အရွယ် ဦးကိုင်လော်နှင့် ကာကီရွာ ဒေသခံ ၃ ဦး၊ လောင်မစူးရွာ တဦးနှင့် လုံဒါးရ်ရွာမှ တဦးတို့ ဖြစ်သည်။
“ဝမ်းရောဂါက ကူးစက်တာ တော်တော်မြန်တော့ သေဆုံးသူတွေကို လူနည်းနည်းနဲ့ ချက်ချင်းသင်္ဂြိုဟ်ကြရတယ်။ ဝမ်းရောဂါ ကူးစက်ခံရသူတွေက အော့အန်တယ်၊ ဝမ်းသွားတယ်၊ အထက်လှန်အောက်လျောပေါ့ဗျာ။ ဆုံးသွားတဲ့သူတွေက ဝမ်းလျှောပြီး မကြာဘူး၊ တရက် နှစ်ရက်ဆို အသက်ပါသွားတာ ” ဟု လောင်တလိုင်ခရိုင်ရှိ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောသည်။
ကာကီ၊ တွီဒင်း ၊ လောင်မစူးနှင့်လုံဒါးရ်ရွာများတွင် ဝမ်းရောဂါကူးစက်မှုများ ဆက်ရှိနေပြီး ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်။
စစ်ဘေးရှောင်များအပါအဝင် အိမ်ခြေ ၂၅၀ ခန့်နှင့် လူဦးရေ ၈၀၀ ကျော်ရှိသည့် ကာကီကျေးရွာ၌ လက်ရှိတွင် လူ ၈၅ ဦး ထက်မနည်း ဝမ်းရောဂါဖြစ်ပွားနေကြောင်း သိရသည်။
“ဝမ်းရောဂါက အရင်နှစ်တုန်းကလည်းဖြစ်တယ်၊ ဒါပေမယ့် အခုလောက် မမြန်ဘူးပေါ့နော်၊ ဒီတခါကတော့ ဖြစ်တဲ့သူကလည်း များတယ်။ ကာကီမှာ ဆေးရုံ၊ဆေးခန်းမရှိတော့ ရေလမ်းကနေ တွီဒင်ရွာကို သွားရတာ၊ တွီဒင်မှာလည်း ဝမ်းရောဂါတွေ ဖြစ်နေတယ်။ အဲဒီမှာလည်းဆေးဝါးအလုံအလောက်မရှိတော့ အခက်တွေ့နေရတယ် ” ဟု ကာကီရွာရှိ စစ်ဘေးရှောင်တဦးက ပြောသည်။
ဝမ်းရောဂါဖြစ်ပွားနေသောကျေးရွာများကို အသွား အလာ ကန့်သတ်ရန် လောင်တလိုင်အာဏာပိုင်များမှ အမိန့်ထုတ်ထားပြီး ခရိုင် ကျန်းမာရေးမှူးများသည် ကျေးရွာများသို့ သွားရောက် ကုသပေးနေသလို ဖြစ်ပွားသည့် အကြောင်းအရင်းအား သိရှိရန် စစ်ဆေးမှုများပြုလုပ်နေကြောင်း All India Radio (Aizawl) ၌ ယမန်နေ့က ဖော်ပြသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ် ပလက်ဝခရိုင်အတွင်း ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းပျက်ရောဂါ ကူးစက်ခံခဲ့ရပြီး အတွင်းလူနာ ၃၀ခန့်ကို ဆေးကုသပေးနေကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် အာရက္ခတပ်တော် ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပလက်ဝခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီရွာ၊ တွီဒင်၊ လုံးတင်း ကျေးရွာများမှ အစပျိုး ကူးစက်လာခြင်းဖြစ်ကာ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝတိုက်နယ်အတွင်းရှိ ဒေသခံများနှင့် မီဇိုရမ်- ပလက်ဝ ကုန်စည်ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်များပါ ဝမ်းရောဂါကူးစက်ခံနေရခြင်းဖြစ်ကြောင်း AA က ဆိုသည်။
နိုဝင်ဘာ ၄ရက်မှစ၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ် တုံ့ပြန်ရေးဖွဲ့စည်းပြီး ပလက်ဝခရိုင် ဒေသ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆေးကုသရေး၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထိုပြင် ပလက်ဝခရိုင်နှင့် ဆက်စပ်နေသည့် ဒေသများကိုပါ ပြင်းထန်ဝမ်းပျက် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး ကူးစက်မှုနှုန်း လုံးဝမရှိတော့သည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း၌ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် ဝမ်းရောဂါသည် ကပ်အသွင် ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၁၄ ဦးခန့်အထိရှိခဲ့ကြောင်း ချင်းကျန်းမာရေးအဖွဲ့ (CHO) က ၂၀၂၄၊ ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
You may also like these stories:
ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်
AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်
တကျော့ပြန် ခေါင်းထောင်လာတဲ့ ဝမ်းရောဂါ














