သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ လေယာဉ်ငယ် ၂ စီး ပျံသန်းနေစဉ် တိုက်မိပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ရဲ့ မြို့တော် မဲလ်ဘုန်းမြို့အနီးရှိ လေဆိပ်မှာ ထွက်ခွာလာတဲ့ အင်ဂျင် ၂ လုံးတပ်လေယာဉ်ငယ် ၂ စီးဟာ ပျံသန်းနေစဉ် တိုက်မိခဲ့ကြတာဖြစ်ပြီး လေယာဉ်မှာ လူ ၂ ဦးစီ ပါဝင်ကာ ၄ ဦးလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်တိုက်မှုဖြစ်ပွားရတာဟာ တိမ်ထူထပ်နေမှုကြောင့် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံမှာ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် လေယာဉ် ၂ စီး ပျံသန်းနေစဉ် တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“လေယာဉ် ၂စီးလုံးဟာ ပျံသန်းတဲ့ လမ်းကြောင်း ဘာကြောင့်တူနေတာလဲ ဒါမှမဟုတ် သူတို့ဘာကြောင့် အဲဒီနေရာမှာ ရှိနေခဲ့လဲဆိုတာကိုတော့ ကျနော်တို့အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ လေထဲမှာ တိုက်မိခဲ့ကြတယ်”လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးက ABC သတင်းဌာနကို ပြောခဲ့ပါတယ်။
လေယာဉ် ၂ စီးလုံးဟာ မြေပြင်ပေါ်ကို မရောက်ခင်မှာပဲ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ Peter Koger က ပြောပါတယ်။ လေယာဉ် ၂ စီး တိုက်မိချိန်မှာ အမြင့်ပေ ၄၀၀၀ ခန့်မှာ ပျံသန်းနေတာဖြစ်တယ်လို့ Civil Aviation Safety Authority (CASA) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ တိုက်မိတဲ့ လေယာဉ် ၂ စီးဟာ အမောင်းသင်ရာမှာ အသုံးပြုနေကျ လေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်တစီးဟာ Moorabbin Aviation Services လေယာဉ်မောင်းသင်တန်းကျောင်းက ဖြစ်ပြီး နောက်တစီးကတော့ Peninsula Aero Club သင်တန်းကျောင်းက ဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref. BBC
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ ကျောင်းတွေ ပိတ်ထားပြီး အွန်လိုင်းကနေ စာသင်
ဗုံးကွဲသံကြားတိုင်း သမီးဖြစ်သူကို ရယ်မောတတ်အောင် သင်ကြားထားတဲ့ ဖခင်
ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ တင့်ကားများနဲ့ အသည်းပုံဖော်ခဲ့တဲ့ ရုရှားဗိုလ်ကြီး