Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က Tesla ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ ခုန်တက်ခဲ့ပြီးတဲ့နောက် မစ္စတာ Musk ဟာ Amazon တည်ထောင်သူ Jeff Bezos ကို ကျော်တက်သွားခဲ့တယ်လို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ စာရင်းကို သတ်မှတ်လေ့ရှိတဲ့ Bloomberg Billionaires Index မှာ ဖော်ပြထားပါတယ်။
မစ္စတာ Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဇန်နဝါရီလ ၇ ရက်နေ့ ဈေးကွက်ပိတ်ချိန်မှာ ဒေါ်လာ ၁၉၅ ဘီလီယံအထိ ရှိခဲ့ပြီး အဲ့ဒီပမာဏဟာ မစ္စတာ Bezos ရဲ့ ပိုင်ဆိုင်မှုထက် ဒေါ်လာ ၁၀ ဘီလီယံပိုများနေခဲ့တာဖြစ်ပါတယ်။ မစ္စတာ Musk ရဲ့ ဓနအင်အားကတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း ဒေါ်လာ ဘီလီယံ ၁၅၀ ကျော်လောက် တိုးပွားလာခဲ့တာလည်း ဖြစ်ပါတယ်။
အကြောင်းကတော့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ Tesla ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၇၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့လို့လည်း ဖြစ်ပါတယ်။ အဲ့ဒီကားထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရှယ်ယာတွေဟာဆိုရင် ဇန်နဝါရီလ ၇ ရက်နေ့မှာ ၈ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

မစ္စတာ Musk က “ဘယ်လောက်ထူးဆန်းလဲ။ ကဲ အလုပ်ပြန်လုပ်ရတော့မယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံဖွား စွန့်ဦးတီထွင်လုပ်ငန်းရှင် မစ္စတာ Musk ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့ကို ခံယူထားတဲ့ မစ္စတာ Bezos ကို ကျော်တက်နိုင်ခဲ့တဲ့ တခြား အကြောင်းအရင်း ရှိပါသေးတယ်။
အဲ့ဒါကတော့ မစ္စတာ Bezos ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပရဟိတအဖြစ် ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိတဲ့ Amazon ရဲ့ရှယ်ယာတွေကို လှူဒါန်းခဲ့တာ၊ ဇနီးဟောင်း MacKenzie Scott နဲ့ ကွာရှင်းပြီးတဲ့နောက် သူ့ကုမ္ပဏီရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို လွှဲပြောင်းပေးလိုက်ရတာတွေကြောင့်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဌေးကြီး Musk ရဲ့ Tesla ကုမ္ပဏီ စတော့ရှယ်ယာတွေဟာ ပြီးခဲ့တဲ့နှစ်မှာ ကုမ္ပဏီ အောင်မြင်စဉ်ကတည်းက တရိပ်ရိပ် တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ Tesla ကုမ္ပဏီဟာ ကားအစီးရေ ၅ သိန်းနီးပါး ရောင်းချခဲ့ရပြီး ယမန်နှစ်ကထက် ၃၆ ရာခိုင်နှုန်း ရောင်းအား မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ကတော့ နောက်ဆုံး လေးလပတ် ကာလအတွင်းမှာ အမြတ်ငွေ တော်တော်များများ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
Ref: nytimes
You may also like these stories:
ကိုဗစ်သူကြွယ် သို့မဟုတ် Zoom တည်ထောင်သူနှင့် စီအီးအို အဲရစ်ယွမ်
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြတဲ့ ဘီလီယံနာ သူဌေးများ












