• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုဗစ်သူကြွယ် သို့မဟုတ် Zoom တည်ထောင်သူနှင့် စီအီးအို အဲရစ်ယွမ်

by ဧရာဝတီ
30 May 2020
in ဆောင်းပါး
A A
အဲရစ်ယွမ်သည် ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းကြီးများ၏ အကောင်းဆုံး အမှုဆောင်အရာရှိချုပ်ဖြစ်ကြောင်း  Glassdoor ကရွေးချယ်ခဲ့သည်

အဲရစ်ယွမ်သည် ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းကြီးများ၏ အကောင်းဆုံး အမှုဆောင်အရာရှိချုပ်ဖြစ်ကြောင်း Glassdoor ကရွေးချယ်ခဲ့သည်

21.6k
VIEWS
Share on FacebookShare on Twitter

ဗီဒီယိုကွန်ဖရင့်လုပ်ငန်းသစ်ဖြစ်သော Zoom Technologies, Inc. ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော အဲရစ်ယွမ်သည် ၉ နှစ်တာကာလအတွင်း ဒေါ်လာ ၃၅ ဘီလျံတန်သည့် ဗီဒီယိုကွန်ဖရင့် လုပ်ငန်းကို ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး စီးပွားရေး အကျပ်အတည်းတွေ့နေချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်သော ယွမ်၏ အသားတင်ပိုင်ဆိုင်မှုသည် လွန်ခဲ့သော ၃ လအတွင်း ၁၁၂ ရာခိုင်နှုန်းတိုးတက်လာပြီး ၇.၅၇ ဘီလျံအထိ တိုးတက်လာသည်။

လွန်ခဲ့သော ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်တွင် စတင်တွေ့ရရှိပြီးနောက် ကမ္ဘာတဝန်းကို ကူးစက်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် အမေရိကန် သန်းပေါင်းများစွာတို့၏ ဝင်ငွေရင်းမြစ်များကို စားသွားခဲ့သော်လည်း အဲရစ် ယွမ်၏ ဝင်ငွေများကို ပွားစေခဲ့သည်။

ယွမ်သည် ဗီဒီယို ကွန်ဖရင့် အပလီကေးရှင်း Zoom ကို တည်ထောင်သူဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်က ပြည်သူများကို အွန်လိုင်းတွင် အလုပ်လုပ်ကိုင်ရန်နှင့် လူမှုဆက်ဆံစေရန် တွန်းမပို့မီကပင် Zoom ၏ ရှယ်ယာဈေးနှုန်းများသည် ဆတိုး တိုးတက်နေသည်။ ဘီလျံနာစာရင်းဝင်ပြီး တနှစ်မျှပင်ရှိသောအချိန်တွင် ယွမ်သည် ဒေါ်လာ ၇.၅ ဘီလျံ ပိုင်ဆိုင်နေကြောင်း ဘလွန်းဘတ် ဘီလျံနာ အညွှန်းကိန်း Bloomberg Billionaires Index အရ သိရသည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ယွမ်သည် စီလီကွန်တောင်ကြားမှ လက်တဆုတ်စာသာရှိသည့် တရုတ်နွယ်ဖွား အမေရိကန် နိုင်ငံသားများဦးဆောင်သော အဓိက လုပ်ငန်းများအနက် တခုကို ဦးစီးနေသည်။

ယွမ်ကို ရှန်ဒေါင်းပြည်နယ်တွင် မွေးဖွားကြောင်း Financial Times ၏ အဆိုအရ သိရပြီး သူ၏မိဘများသည် သတ္တုတွင်း အင်ဂျင်နီယာများဖြစ်ကြောင်း Forbes ၏ အဆိုအရ သိရသည်။

Zoom ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် အများပြည်သူသို့ ရှယ်ယာရောင်းချသောအခါ ယွမ်သည် ဘီလျံနာဖြစ်လာသည်

သူသည်အသုံးချ သင်္ချာပညာဘွဲ့့ပြီး အင်ဂျင်နီယာပညာရပ်ဖြင့် မဟာဘွဲ့ရကြောင်း Bloomberg ကဖေါ်ပြသည်။ သူသည် ဘွဲ့ရပြီးနောက် ဂျပန်တွင် လေးနှစ် အလုပ်လုပ်ပြီး အင်တာနက် တိုးတက်မှုအကြောင်း ဘီလ်ဂိတ်ပြောသည့် ဟောပြောချက်တခုကို နားထောင်ပြီးနောက် အင်တာနက်လုပ်ငန်းသစ်တခုတွင် လုပ်ကိုင်ရန် စီလီကွန်တောင်ကြားသို့ ပြောင်းရွှေ့လာသည်။

အနာဂတ်တွင် ဘီလျံနာဖြစ်လာမည့် ယွမ်သည် ၁၉၉၇ ခုနှစ်တွင် ကာလီဖိုးနီးယားသို့ ရွှေ့ပြောင်းမလာမီ အမေရိကန်ပြည်ထောင်စု၏ ပြည်ဝင်ခွင့်ငြင်းဆန်မှု ၈ ကြိမ် ခံရသည်ဟု Fortune ကဖေါ်ပြသည်။ ထိုစဉ်က ယွှန် သည် အသက် ၂၇ နှစ်ရှိပြီဖြစ်ကြောင်း CNBC ဖေါ်ပြသည်။ သူ၏ ပြည်ဝင်ခွင့် လျှောက်လွှာကို စစ်ဆေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် သဘောထားကွဲလွဲမှု ဖြစ်ခဲ့ကြောင်း ယွမ်က Financial Times သို့ပြောခဲ့သည်။

ယွမ်သည် အမေရိကန်ပြည်ထောင်စုသို့ရောက်စဉ်ကတည်းကပင် ဗီဒီယို ကွန်ဖရင့်လုပ်ငန်းတွင် လုပ်ကိုင်ရသည်ဟု ဆိုသည်။

ယွမ်သည် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိစဉ်က အင်္ဂလိပ်စကား အနည်းငယ်သာပြောတတ်သောကြောင့် အလုပ်တွင်သာ အာရုံစိုက်ကြောင်း CNBC ကဖေါ်ပြသည်။ “ပထမအစောပိုင်းနှစ်တွေမှာ ကျနော်က ကုတ်တခုကို ရေးသားနေရပြီး အရမ်းကို အလုပ်များတယ်” ဟု ယွန်ကပြောကြောင်း CNBC ကဖေါ်ပြသည်။ ထိုစဉ်က ယွမ်၏ တခုတည်းသော ဝါသနာမှာ အဖွဲ့လိုက် ကစားရသည့် pick-up soccer ဂိမ်း ဆော့ခြင်းဖြစ်ကြောင်း Forbes ကဖေါ်ပြသည်။

Zoom ကိုမတည်ထောင်မီက ယွမ်သည် ဆက်သွယ်ရေးပစ္စည်းကိရိယာလုပ်ငန်းဖြစ်သော Cisco Systems ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ ယွမ်သည် အခြားဗီဒီယို ကွန်ဖရင့် လုပ်ငန်းဖြစ်သော WebEx အတွက်လည်း လုပ်ကိုင်ခဲ့သည်။ ထိုလုပ်ငန်းကို ၂၀၀၇ ခုနှစ်တွင် Cisco က၀ ယ်ယူခဲ့သည်။

အဝေးရောက်နေသော ချစ်သူနှင့် ဆက်သွယ်ရန် နည်းလမ်းရှာဖွေရင်း Zoom ကို ထူထောင်ရန် စိတ်ကူးရသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် နေထိုင်စဉ်က ယွမ်နှင့်သူ၏ ချစ်သူတို့သည် ရထားခရီးဖြင့် ၁၀ နာရီခန့်ဝေးသည် ကောလိပ်ကျောင်း နှစ်ခုတွင် သီးခြားစီကျောင်တက်ကြရသည်ဟု Fortune ကဖေါ်ပြသည်။ နောင်တွင် သူတို့နှစ်ဦး လက်ထပ်လိုက်သည်။

“ကျနော်က သူ့ကို တနှစ်မှာ နှစ်ကြိမ်လောက်ပဲတွေ့ရတာ။ သူ့ဆီကို ရောက်ဖို့ ရထားနဲ့ ၁၀ နာရီလောက် သွားရတယ်” ဟု ယွမ်က ၂၀၁၇ ခုနှစ်တွင် Forbes သို့ပြောသည်။ “အဲဒီတုန်းက ကျနော်က ငယ်တယ်။ အသက် ၁၈၊ ၁၉ နှစ်လောက်ပဲရှိသေးတယ်။ အနာဂတ်မှာ ခလုပ်လေးတချက်နှိပ်ပြီး သူကိုတွေ့မြင်စကားပြောလို့ရတဲ့ ကိရိယာလေးတခု ရှိရင်ကောင်းမယ်လို့ ကျနော်စဉ်းစားမိတယ်” ဟုသူပြောသည်။

ထိုသို့သော အတွေ့အကြုံကြောင့် ယွမ်သည် Cisco ကဲ့သို့သော ဖုန်းအခြေပြု တွေ့ဆုံဆွေးနွေးရေးစနစ်တွင် ဗီဒီယိုကို ထည့်သွင်းရန် စိတ်ကူးကို ဖြစ်စေခဲ့ကြောင်း Bloomberg ကဖေါ်ပြသည်။ ပျော်စရာကောင်းပြီး အသုံးပြုလွယ်သော ဗီဒီယို ကွန်ဖရင့်စနစ်ကို ယွမ် ပြုလုပ်လိုသည်ဟု CNBC ကဆိုသည်။ Zoom သည် အမြင်နောက်ခံကားချပ်များကို အသုံးပြုသဖြင့် သုံးစွဲသူများသည် ကမ်းခြေ ရောက်နေသကဲ့သို့ သို့မဟုတ် ဂိုင်းဒင်းဂိတ် တံတား ရှေ့ ရောက်နေသကဲ့သို့ ဖြစ်စေကြောင်း ကျော်ကြားသည်။

သူသည် ကနဦးတွင် သူ၏ ဗီဒီယို ကွန်ဖရင့် လုပ်ငန်းသစ်အတွက် ထောက်ပံ့မည့်သူ ရှာဖွေရန် ရုန်းကန်ခဲ့ရသည်။

အဝေးရောက်နေသော ချစ်သူ( ယခု ဇနီးဖြစ်သူ) နှင့် ဆက်သွယ်ရန် နည်းလမ်းရှာဖွေရင်း Zoom ကို ထူထောင်ရန် ယွမ် စိတ်ကူးရခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ယွမ်သည် Cisco အတွက် စမတ်ဖုန်းသုံး ဗီဒီယို ကွန်ဖရင့်စနစ်သစ်တခုကို တင်ပြသည်ဟု Financial Times က ဖေါ်ပြသည်။ ထိုအစီအစဉ်ကို သူ၏ အကြီးအကဲများက ပယ်ချလိုက်သောအခါ သူသည် Cisco မှ ထွက်ပြီး Zoom ကို တည်ထောင်လိုက်သည်။

“Cisco က လူမှုကွန်ရက်ကို ပိုမိုအာရုံစိုက်ပြီး လုပ်ငန်းတွေအတွက် ဖေ့ဘွတ်လိုဟာမျိုး လုပ်ဖို့ကြိုးစားနေတာ” ဟု ယွှန်က Forbes သို့ပြောသည်။ “Cisco က အမှားတခုလုပ်လိုက်တာ။ ကျနော်ထွက်ပြီး ၃ နှစ်ကြာတော့ ကျနော်ပြောတာမှန်တယ်ဆိုတာကို သူတို့ သဘောပေါက်သွားတယ်” ဟု သူပြောသည်။

သူ၏လုပ်ငန်းသစ်ကို ယုံကြည်စေရန် မည်သည့် ရင်းနှီးမြှုပ်နှံသူကိုမျှ ယွန် စည်းရုံးနိုင်ခြင်းမရှိသောကြောင့် Zoom ကို တည်ထောင်ရန် ယွမ်သည် မိတ်ဆွေများနှင့် မိသားစုထံမှ ချေးငှားရကြောင်း Financial Times ကဖေါ်ပြသည်။

“ဈေးကွက်မှာ လူတွေများလွန်းပြီး ပွဲကပြီးနေပြီလို့ သူတို့ထင်နေကြတာ” ဟု ယွမ်က Financial Times သို့ပြောသည်။

အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးနောက် ယွမ်က သူ၏ ကွန်ပျူတာ မျက်နှာပြင်ပုံတွင် ဒီကိစ္စလုပ်လို့မရဘူး ‘It can’t be done’ ဟု ရေးသားထားသောပုံကို တင်ပြီး ဆက်လက်ကြိုးစားသည်ဟု Zoom ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Emergence Capital မှ ယွမ်၏ လုပ်ဖေါ်ကိုင်ဖက် ဆန်တီ ဆူဘိုတော့စကီးက ၂၀၁၉ ခုနှစ်တွင် CNBC သို့ပြောကြားခဲ့သည်။

Cisco မှ ထွက်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်ကို သူ၏ဇနီးကလည်း ကနဦးတွင် မေးခွန်းထုတ်ခဲ့ကြောင်း Forbes က ဖေါ်ပြခဲ့သည်။ “ဒါဟာ ခရီးရှည်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းရမယ်ဆိုတာကို ကျနော်သိတဲ့အကြောင်းနဲ့ ကျနော် မကြိုးစားရင် နောင်တရရလိမ့်မယ်ဆိုတာ သူ့ကိုပြောခဲ့တယ်” ဟု ယွမ်က Forbes သို့ပြောကြားခဲ့သည်။

Zoom ၏ အစောပိုင်းကာလများအတွင်း ယွမ်သည် သုံးစွဲသူ ဝန်ဆောင်မှုအပါအဝင် အရာရာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

“Zoom ရဲ့အစောပိုင်းကာလတွေမှာ ကျနော်တို့ရဲ့ ဝန်ဆောင်မှုကို ပယ်ဖျက်တဲ့ ဖေါက်သည်တိုင်းဆီကို ကျနော်ကိုယ်တိုင်အီးမေးလ်နဲ့ စာရေးတယ်။ အမှုဆောင်အရာရှိချုပ်အနေနဲ့ အလိုအလျှောက်စာပြန်တဲ့ အီးမေးလ်တွေကို ကျနော်တို့က ပို့နေတယ်လို့ ဖေါက်သည်တယောက်က စွပ်စွဲတယ်။ Zoom ဟာ မရိုးသားတဲ့ လုပ်ငန်းလို့ သူစွပ်စွဲတယ်။ အဲဒီ အီးမေးလ်ကို ကျနော်ကိုယ်တိုင်ရေးတဲ့အကြောင်း သူ့ဆီကို စာပြန်ရေးပြီး အဲဒီစာကို ကျတော်တို့ရဲ့ ဈေးကွက်ရှာဖွေရေး ကိရိယာတွေက ရေးတာမဟုတ်ကြောင်း ရှင်းပြရတယ်။ ဒါတောင်သူက မယုံသေးလို့ စာထပ်ရေးပြီး အဲဒီတချိန်တည်းမှာပဲ ကျနော်ပြန်စာရေးနေကြောင်း သူသိအောင်လို့ ကျနော့်ကို Zoom ကနေခေါ်တွေ့ဖို့ လုပ်ပေးရတယ်။ သူကျနော့်ဆီကို မခေါ်ပါဘူး။ ဒါပေမယ့် မရိုးသားဘူးလို့ Zoom အပေါ်စွပ်စွဲနေတာတော့ အဲဒီကစတင်ပြီး ရပ်သွားတယ်” ဟု သူပြောသည်။

Zoom ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် အများပြည်သူသို့ ရှယ်ယာရောင်းချသောအခါ ယွမ်သည် ဘီလျံနာဖြစ်လာသည်။

ထိုနှစ်တွင် Zoom သည် အများပြည်သူသို့ ကနဦးရှယ်ယာရောင်းချမှုတွင် အောင်မြင်ခဲ့ပြီး Lyft နှင့် Pinterest လုပ်ငန်းနှစ်ခုစလုံးထက် တန်ဖိုးမြင့်မားသော လုပ်ငန်းဖြစ်လာကြောင်း Financial Times ၏ အဆိုအရ သိရသည်။ ပထမဆုံးကုန်သွယ်သောနေ့တွင်ပင် Zoom ၏ ရှယ်ယာများသည် ၇၂ ရာခိုင်နှုန်း ဈေးတက်ခဲ့ကြောင်း Forbes ကဖေါ်ပြခဲ့သည်။

Zoom သည် ယခုအခါ ဒေါ်လာ ၃၅ ဘီလျံကျော်တန်ဖိုးရှိနေသည်ဟု Financial Times ကဖေါ်ပြသည်။ Zoom တွင် Samsung, Uber, Walmart, နှင့် Capital One အပါအဝင် လုပ်ငန်းဖေါက်သည် ၃၀၀၀၀ ကျော်ရှိနေကြောင်း Forbes ကဖေါ်ပြသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း Zoom ၏ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်သွယ်ရေးက လူကြိုက်အလွန်များလာသည်

ယွမ်သည် Zoom ၏ အလုပ်သမားများကြားတွင် လွန်စွာ လူချစ်လူခင်များသူဖြစ်သည်။

ယွမ်သည် ဝန်ထမ်းများ၏ ၉၉ ရာခိုင်နှုန်း၏ ထောက်ခံမှုရကြောင်း လုပ်ငန်းခွင် သုံးသပ်ဝေဖန်သည့် စာမျက်နှာ Glassdoor ကဖေါ်ပြကြောင်း CNBC ကရေးသားသည်။ ယွမ်သည် ၂၀၁၈ ခုနှစ်က လုပ်ငန်းကြီးများ၏ အကောင်းဆုံး အမှုဆောင်အရာရှိချုပ်ဖြစ်ကြောင်း Glassdoor ကရွေးချယ်ခဲ့သည်။

ယွမ်သည် “အလုပ်ကိုကြိုးစာ၊ နှိမ့်နှိမ့်ချချနေ” ဟူသည့် ဆောင်ပုဒ်ကိုလက်ကိုင်ထားကြောင်း Financial Times က ဖေါ်ပြသည်။

လွန်ခဲ့သော ၃ လအတွင်းတွင်ပင် ယွမ်သည် သူ၏ အသားတင်ပိုင်ဆိုင်မှုတွင် ဒေါ်လာ ၄ ဘီလျှံကျော် တိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အိမ်မှာနေပြီး အိမ်ကနေ အလုပ်လုပ်ရန်တကမ္ဘာလုံးမှ ပြည်သူများကို အာဏာပိုင်များက တိုက်တွန်းလိုက်သောကြောင့် ကျောင်းများ၊ တက္ကသိုလ်များနှင့် လုပ်ငန်းခွင်များသည် အွန်လိုင်းသို့ရောက်လာပြီး ဒီဇင်ဘာလမှစတင်ပြီး Zoom အသုံးပြုမှုသည် ၁၉၀၀ ရာခိုင်နှုန်း တိုးလာသည်။

လွန်ခဲ့သော ၃ လအတွင်း Zoom ၏ရှယ်ယာများသည် တန်ဖိုးနှစ်ဆတိုးလာပြီး ယွမ်၏ အသားတင်ပိုင်ဆိုင်မှုကိုလည်း တိုးတက်စေကြောင်း Financial Times ကဖေါ်ပြသည်။ ယွမ်၏ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၇.၅၇ ဘီလျံ၏ အများစုကို Zoom တွင် ၁၉ ရာခိုင်နှုန်းရှယ်ယာ ပိုင်ဆိုင်မှုမှ ရရှိခြင်းဖြစ်ကြောင်း Bloomberg Billionaires Index အရ သိရသည်။

Bloomberg ၏ ကမ္ဘာ့အချမ်းသာဆုံးသူ ၅၀၀ တွင် ယွမ်သည် ၁၉၂ အဆင့်တွင် ရှိနေသည်။ ၂၀၂၀ ခုနှစ်မတိုင်မီက သူသည် ထိုစာရင်းတွင်ပင် ပါဝင်ခြင်းမရှိခဲ့ပေ။

သို့သော် ကမ္ဘာတဝှမ်းကူးစက်ရောဂါကြောင့်ဖြစ်ပေါ်လာသည့် နေအိမ်မှ အလုပ်လုပ်ကိုင်ရေးသည် Zoom အတွက် အစစ အရာရာ အဆင်ပြေခဲ့သည်တော့ မဟုတ်ပေ။

Zoom ကျော်ကြားမှု မြင့်မားလာခြင်းနှင့်အတူ ၎င်း၏ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး နယူးယောက်ရှေ့နေချုပ်ရုံးမှ ပိုမို စုံစမ်းစစ်ဆေးလာသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသုံးပြုသူများလာခြင်းနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ လုံခြုံရေး စည်းကမ်းချက်များ ဆောင်ရွက်ခြင်း ရှိမရှိမေးသော စာတစောင်ကို ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ်က မကြာသေးမီက Zoom သို့ ပေးပို့ခဲ့သည်။

Zoom တွင် အများပြည်သူ ခေါ်ယူဆက်သွယ်မှုများမှ ပုံများကို ခိုးယူပြီး တဖန် ဖြန့်ဝေကာ အနှောက်အယှက်ပေးသော လုပ်ရပ်များနှင့် စာသင်မှုများအား ဖောက်ထွင်းပြီး ကြားဖြတ် အနှောင့်အယှက်ပေးသည့် Zoom bombing ဟုခေါ်သည့် ပြဿနာများကို Zoom တွင် ပိုမိုဖြေရှင်းလာရသည်။ အစည်းအဝေးကျင်းပသူများ အနေဖြင့် ပါဝင်မည့်သူများကို ကြိုတင် လက်ခံ စစ်ဆေးနိုင်သည့် အစီအစဉ်တခုကို Zoom တွင် လုပ်ဆောင်ထားခဲ့ရသည်။

“Zoom သည် အသုံးပြုသူများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ လုံခြုံရေးနှင့် ယုံကြည်မှုကို လွန်စွာအလေးထားသည်” ဟု Zoom ၏ ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။ “ကိုဗစ်-၁၉ ကူးစက်မှုဖြစ်နေစဉ်အတွင်း ကမ္ဘာတဝှမ်းက ဆေးရုံတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အခြားစီးပွားရေးုလုပ်ငန်းတွေ ဆက်သွယ်လုပ်ကိုင်နိုင်ဖို့ ကျနော်တို့ ၂၄ နာရီဆောင်ရွက်ပေးနေပါတယ်။ ဒီကိစ္စတွေမှာ နယူးယောက် ရှေ့နေချုပ်ရဲ့ စိတ်ဝင်စားမှုကို ကျနော်တို့ အသိအမှတ်ပြုပြီး တောင်းခံလာတဲ့ သတင်းအချက်အလက်တွေပို ပေးပို့ရလို့ လွန်စွာပျော်ရွှင်ကျေနပ်မိပါတယ်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

Zoom သည် နှစ်ဖက်တည်းသာ ဆက်သွယ်နိုင်သည့် ဗီဒီယို အစည်းအဝေးနည်းလမ်းကို မသုံးသောကြောင့် အသုံးပြုသူထောင်ပေါင်းများစွာ၏ အီးမေးလ်များ လူစိမ်းများထံပေါက်ကြားခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး ယွမ်က မကြာသေးမီက ဘလော့တခုတွင် တောင်းပန်ခဲ့ပြီး “ရက်သတ္တပတ်အချိန်ပိုင်းအတွင်း ကမ္ဘာပေါ်ကလူတိုင်းလူတိုင်းဟာ ရုတ်တရက်နေအိမ်ကနေ အလုပ်လုပ်တော့မယ်၊ ပညာသင်ယူတော့မယ်၊ လူမှု ဆက်ဆံရေးလုပ်တော့မယ်ဆိုတာကို ကြိုတင်မြင်ပြီး ကျနော်တို့ဝန်ဆောင်မှုကို လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး” ဟု သူရေးသားသည်။

“လူမှုအသိုင်းအဝန်နဲ့ ကျနော်တို့ကိုယ်တိုင်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ လုံခြုံမှုဆိုင်ရာ မျှော်မှန်းချက်တွေကို ကျနော်တို့ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာကို အသိအမှတ်ပြုပါတယ်။ အဲဒီအတွက် ကျနော် လွန်စွာစိတ်မကောင်းဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်ဆောင်နေတာကို ပြောပြချင်ပါတယ်” ဟုလည်း သူရေးသည်။

ယွမ်သည် ပြင်ပမှ ကျွမ်းကျင်သူများကို ငှားရန်းခြင်း၊ လုပ်ငန်း၏ လုံခြုံရေး စနစ် အပြစ်အနာအဆာများအား ကျင့်ဝတ်ကို စောင့်ထိန်းသည့် ဟက်ကာများကို ဆုငွေပေးကာ ရှာဖွေပေးစေခြင်း စသည်တို့အပါအဝင် Zoom ကို ပိုမိုလုံခြုံစေရန် အစီအစဉ်အများအပြားကိုလည်း ကြေညာခဲ့သည်။ လုပ်ငန်းတိုးတက်မှုနှင့်ပတ်သက်ပြီး အသိပေးရန် အပတ်စဉ် အစည်းအဝေးများကျင်းပသည်။

လွန်စွာ အလုပ်များသော်လည်း ယွမ်သည် မိသားစုအတွက် ဘဝကို မြှုပ်နှံထားသည့် ဖခင်တဦးလည်းဖြစ်သည်။

ယွမ်သည် သားအကြီးဆုံး၏ ဘတ်စကက်ဘော အားကစားအောင်မြင်ရေးတွင် များစွာပါဝင်ဆောင်ရွက်ကြောင်း သူ့သား၏ ဘတ်စကက်ဘော နည်းပြဟောင်း တဦးက CNBC သို့ ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။

ယွမ်သည် “အလုပ်ကိုကြိုးစာ၊ နှိမ့်နှိမ့်ချချနေ” ဟူသည့် ဆောင်ပုဒ်ကိုလက်ကိုင်ထားသူ ဖြစ်သည်

“အသင်းတသင်းမှာ ကလေး ၁၅ ယောက်ရှိတဲ့အထဲကမှ အဲရစ်က ပထမဆုံးနေ့က စတင်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေတာ။ ဒီလို အမှုဆောင်အရာရှိချုပ်တွေက ကလေးတွေနဲ့ လျှောက်သွားဖို့ အချိန်ဆိုတာ မရှိသလောက်ပဲလေ။ ဒီလူကတော့ ကစားပွဲသွားကြည့်ရုံသာမက လေ့ကျင့်ရေးဆင်းလည်း လာကြည့်နေတာ” ဟု ဂါဘီဖိုဒါက CNBC သို့ပြောသည်။

ယွမ်သည် သူ့သား၏ အားကစားပွဲများအတွင်းမှလည်း အစည်းအဝေးများသို့ Zoom မှတဆင့် တက်ရောက်လေ့ရှိသည်။ “ကျနော်က ဆန်တာဘာဘရာ ကမ်းခြေကို နောက်ခံထားလိုက်တော့ သူတို့က ကျနော်အဲဒီရောက်နေတယ်ထင်ကြတာ။ အစည်းအဝေးပြီးလို့ နောက်ခံကို ဖျက်လိုက်မှ အထက်တန်းကျောင်းက အားကစားရုံ ရောက်နေမှန်း သူတို့သိကြတာ။ သူတို့အားလုံးက “ဟ ဘာလဲ” လို့ မေးခွန်းထုတ်ကြတယ်” ဟု ယွမ်က Forbes သို့ပြောသည်။

ယွမ်သည် ချမ်းသာသော စီလီကွန်တောင်ကြား ဆိပ်ငြိမ်ရပ်ကွက်တွင် ဇနီး၊ ကလေး ၃ ဦးတို့နှင့်အတူနေထိုင်သည်။ သူ့တွင် သားနှစ်ဦးနှင့် သမီးတဦးရှိကြောင်း Bloomberg ကဖေါ်ပြသည်။ ၎င်းတို့မိသားစုသည် ကယ်လီဖိုးနီးယားရှိ ဆာရာတိုဂါတွင်နေကြောင်း Telegraph ကဖေါ်ပြသည်။ ထိုနေရာသည် စီလီကွန်တောင်ကြားတွင် အချမ်းသာဆုံးနေရာတခုဖြစ်ကြောင်း Business Insider ကဖေါ်ပြခဲ့သည်။

ယွမ်သည် ခရီးမသွားသလောက်ပင်ဖြစ်သည်။ ယွမ်သည် သူ၏အစည်းအဝေး အားလုံးနီးပါးအတွက် Zoom ကိုသုံးပြီး မိသားစုနှင့် ပိုမိုအတူနေနိုင်ရန် အလုပ်ကိစ္စဖြင့် ခရီးသွားခြင်းကို တနှစ်လျှင် နှစ်ကြိမ်ခန့်သာ ကန့်သတ်ထားကြောင်း Financial Times ကဖေါ်ပြသည်။ သူသည်လေယာဉ်ခရီးစဉ်များ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သတိထားသူဖြစ်ကြောင်းလည်း Telegraph ကဖေါ်ပြသည်။

၂၀၁၉ ခုနှစ်တွင် Zoom ကို အများပြည်သူသို့ ရှယ်ယာစတင်ရောင်းချချိန်မတိုင်မီ ၅ နှစ်အတွင်း အလုပ်ကိစ္စဖြင့် ခရီး ၈ ကြိမ်သာ သွားခဲ့သည်ဟု Forbes ကဖေါ်ပြသည်။ “ဖေါက်သည်တိုင်းက အဲရစ်၊ ငါတို့က မင်းရဲ့အရေးကြီးတဲ့ ဖေါက်သည်ဖြစ်တော့မယ်။ မင်း ငါတို့ဆီ လာလည်ရမယ်လို့ပြောကြတယ်။ ကျနော်က လာလည်ပါ့မယ်။ လောလောဆယ်တော့ Zoom ကနေ အရင်ခေါ်လိုက်ရအောင်လို့ပဲ ပြန်ပြောလိုက်တယ်” ဟု Forbes သို့ သူပြောသည်။ ယွမ်သည် ထိုကဲ့သို့ သွားရောက်လည်ပတ်ခြင်းများ မလုပ်သလောက်ပင်ဖြစ်ကြောင်း Forbes သို့ သူပြောသည်။

အခြားသော ဘီလျံနာများနှင့်မတူဘဲ ယွမ်သည် ခမ်းခမ်းနားနားနေလေ့မရှိပေ။ ယွမ်သည် Zoom ရုံးချုပ်တွင် ထုတ်လုပ်ရေးအရာရှိချုပ် အိုဒက် ဂယ်နှင့် ရုံးခန်းတခုတည်းတွင် ထိုင်ကြောင်း Forbes ကဖေါ်ပြသည်။ သို့သော် ယွမ်သည် Tesla ကားစီးကြောင်း Forbes ကဖေါ်ပြသည်။ Tesla သည် ယွမ်၏ ဖေါက်သည်တဦးလည်းဖြစ်သည်။

သူ၏ ကြွယ်ဝချမ်းသာမှု သစ်များအတွက် စိတ်လှုပ်ရှားခြင်းမရှိကြောင်း သူပြောသည်။ မိမိတို့အလုပ်လုပ်ပုံ အမြဲတမ်းပြောင်းလဲသွားပုံကိုသာ မြင်လိုကြောင်း သူပြောသည်။

“ကျနော့်အသက် ၂၅ နှစ်ဆိုရင်တော့ ကျနော်အရမ်း စိတ်လှုပ်ရှားမိမှာပေါ့။ ဒါတွေက ကျနော့်အပေါ်မှာ ဘာမှ မရိုက်ခတ်တော့ဘူး။ ငွေက ကျနော့်ကို ပျှော်ရွှင်စေမှာ မဟုတ်ဘူး” ဟု သူက Telegraph သို့ပြောသည်။

အဝေးမှ အလုပ်လုပ်ကိုင်ခြင်းကို ပိုမိုများပြားသောသူများအား ယုံကြည်စေခြင်းအတွက်သာ စိတ်လှုပ်ရှားကြောင်း ယွမ်က Telegraph သို့ပြောသည်။

“ထောင်စုနှစ်သစ်မှာမွေးဖွားသူတွေဟာ အလုပ်ကိုသွားစရာမလိုဘဲ အလုပ်လုပ်လို့ သဘောပေါက်ပြီး လူလားမြောက်လာခဲ့ကြတယ်။ နောင် ၁၀ နှစ်လောက်ကြာလို့ အဲဒီထောင်စုနှစ်မှာ မွေးဖွားသူတွေ ခေါင်းဆောင်တွေဖြစ်လာတဲ့အခါ ဒီကိစ္စက ထူးဆန်းတော့မှာ မဟုတ်ဘူး။ ကိုရိုနာဗိုင်းရပ်စ်က ကြားခံတခုမျှသာဖြစ်တယ်။ ကမ္ဘာကြီးဟာ ကျနော်တို့နဲ့ မဆိုင်တော့ဘဲ မျိုးဆက်သစ်တွေနဲ့သာ သက်ဆိုင်တော့တဲ့အတွက် အခုအခြေအနေဟာ မကြာခင်မှာ ပုံမှန်အခြေအနေဖြစ်လာတော့မယ်” ဟု Telegraph သို့ သူပြောသည်။

ကိုးကား။ ။ Business Insider မှ Meet Eric Yuan, the founder and CEO of Zoom, who has made nearly $4 billion in 3 months as usage of his video conferencing software skyrockets amid the coronavirus pandemic

You may also like these stories:

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

စီးပွားရေးမှာ အစိုးရ ဦးဆောင်ဖို့ လိုတယ်

မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်

Alipay အော်ပရေတာ Wave Money မှာ ရင်းနှီးမြှုပ်နှံမည်

Your Thoughts …
Tags: ကိုဗစ်သူကြွယ် သို့မဟုတ် Zoom တည်ထောင်သူနှင့် စီအီးအို အဲရစ်ယွမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့် ရဲကင်းတခု  / မင်းအောင်ခိုင်  / ဧရာဝတီ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ မိသားစုဝင် ၃ ဦးကို AA ပြန် လွတ်ပေး

ဟာသ သရုပ်ဆောင် စိုပြေ / ဧရာဝတီ

“ဇာတ်ပို့၊ ဇာတ်ရံတွေ အလုပ်မရှိတော့ အဆင်မပြေကြဘူး”လို့ စိုပြေ ပြော

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved