စီးပွားရေးမှာ အစိုးရ ဦးဆောင်ဖို့ လိုတယ်

သဇင်လှိုင်
စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ကပ်ရောဂါ COVID -19 ကြောင့် ကဏ္ဍများစွာ ရပ်တန့်ထားရပြီးနောက် ပြည်တွင်းတွင် စီးပွားရေး တုံ့ဆိုင်းမှုကို ရင် ဆိုင်ရုန်းကန်နေရသည်။ ဗဟိုဘဏ်က စီးပွားရေး လုပ်ငန်းရှင်များ အထောက်အကူပြုရန် ရည်ရွယ်၍ အတိုးနှုန်း ၃ ရာခိုင် နှုန်းအထိ လျော့ချပေးခဲ့သော်လည်း စီးပွားရေးကို ပြန်လည် ဦးမော့လာရေးမှာ အချိန်ယူ လုပ်ဆောင်ရမည့် အနေအထား တွင် ရှိနေသည်။

သို့ဖြစ်ရာ လက်ရှိစီးပွားရေး တုံ့ဆိုင်းမှုများအပေါ် ဗဟိုဘဏ်၏ အတိုးနှုန်း လျော့ချမှုက မည်သို့သက်ရောက်မှုရှိသည်၊ အစိုးရအနေဖြင့် စီးပွားရေးတုံ့ဆိုင်းမှုများကို မည်သို့ ကျားကန်သင့်သည်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ကိုဗစ်ကာလမှာ ဗဟိုဘဏ်ကနေ အတိုးနှုန်းတွေကို ၃ ရာခိုင်နှုန်း အထိ လျှော့ချပေးခဲ့တယ်ပေါ့။ ဒီလိုအတိုးနှုန်း လျှော့ချမှုက ဘယ်လောက်ကြာကြာအထိ သွားမလဲ။ ဆက်လျှော့ချမယ့် အခြေအနေရှိဦးမလား သုံးသပ်ပေးပါဦး။

ဖြေ ။ ။ နောက်ဆုံးရောက်နေတဲ့ အတိုးနှုန်းကို ဆက်ပြီးတော့ ချဖို့ ဆိုတာက ဗဟိုဘဏ်အနေနဲ့ အတော်စဉ်းစားပြီးမှ ဆောင်ရွက်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံတော်ရဲ့ အစီအမံထဲမှာ အခြေခံ မိဘပြည်သူ မိသားစုတွေ အတွက် ထောက်ပံ့ကြေး ပံ့ပိုးပေးမယ် ဆိုတဲ့ အစီအစဉ်ကို ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ အဲဒီ ထောက်ပံ့ငွေပေးတဲ့ ပံ့ပိုးပေးမှုဟာ ကျနော်တို့ စီးပွားရေး အတွက် အင်မတန်မှ အရေးကြီးတဲ့ ငွေသားဖိစီးမှုတွေ ဖြစ်လာပါ လိမ့်မယ်။

စီးပွားရေးထဲမှာ လှည့်ပတ်ငွေတွေ တော်တော်များလာမယ့် အနေအထား ရှိပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ တခြား အခြေအနေတွေမှာ ဆိုရင်တော့ ငွေကြေးဖောင်းပွမှု ဖြစ်ပြီးတော့ ကုန်ဈေးနှုန်း ဈေးကြီးတာတို့ ဈေးတက်တာတို့ ဖြစ်တတ် တာပေါ့။ အခုအချိန်မှာကတော့ ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်တဲ့ အနေနဲ့ ဗဟိုဘဏ်ကနေ အတိုးနှုန်းတွေ ချပေးတဲ့ ကိစ္စကိုတော့ ဆိုင်းငံ့ထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မေး ။ ။ ဒီလိုလျှော့ချပေးမှုက မြန်မာ့စီးပွားရေး အတွက် ကောင်းကျိုး ၊ ဆိုးကျိုး ဘယ်လို ရှိလာနိုင်လဲ။

ဖြေ ။ ။ ကိုဗစ်ကာလ စီးပွားရေး လည်ပတ်မှုတွေက ရုတ်တရတ် ရပ်တန့်သွားတာပေါ့။ အဲဒါက ကိုဗစ်ကြောင့်မို့လို့ ရပ်တန့် တာလည်း ရှိတယ်။ ကိုဗစ်ကို တာဝန်ခံလိုက်ရတဲ့ ကျနော်တို့ရဲ့ ဖောက်သည် စီးပွားဖက် နိုင်ငံတွေမှာ ရပ်တန့် သွားတာ ကြောင့်လည်း ကျနော်တို့မှာ ဝယ်လိုအားရော ရောင်းလိုအားရော ရပ်တန့်ကုန်တာတွေ ရှိတယ်။ ပြီးရင် နိုင်ငံတော် အစိုးရ က ရောဂါ ကာကွယ် ကုသရေးအတွက် ဆောင်ရွက်တဲ့ ထိန်းချုပ်မှုတွေကြောင့်လည်း ကျနော်တို့နိုင်ငံအတွင်းမှာ စီးပွားရေး လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားတာပေါ့။

အဲဒီအနေအထားမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး လည်ပတ်နိုင်အောင် ဗဟိုဘဏ်တွေက လူတွေအားလုံး သက်သက် သာသာနဲ့ လုပ်နိုင်အောင်ဆိုပြီးတော့ အထူးသဖြင့် လုပ်ငန်းရှင်တွေရဲ့ စုဆောင်းငွေတွေ ပြည်သူလူထုကလည်း သူတို့ရဲ့ စုဆောင်းငွေတွေ ထုတ်ပြီး သုံးစွဲနိုင်အောင် ဒီအတိုးနှုန်းကို လျော့ချပေးရတာ ဖြစ်ပါတယ်။ ဒါနိုင်ငံတိုင်းမှာ ဆောင်ရွက်လေ့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံကလည်း မဖြစ်မနေ ဆောင်ရွက်ရတဲ့ လုပ်ငန်း ၁ ခုဖြစ်ပါတယ်။

မေး ။ ။ အခုဆိုရင်လည်း ဈေးကွက်ထဲမှာ ငွေကြေးပြတ်လပ်ပြီး ငွေဖြစ်လွယ်မှုနှုန်း လျော့ကျတာတွေ၊ ငွေကြပ်တာ တွေစတဲ့ စီးပွားရေး တုံ့ဆိုင်းမှုတွေ ဖြစ်နေတဲ့အခါကျတော့ ဒီတုံ့ဆိုင်းမှုကို ကုစားဖို့ဆိုရင် ဘဏ်တိုးနှုန်း လျော့ချတာ တခုတည်းနဲ့ မလုံလောက်ဘူးလို့ သုံးသပ်ကြတော့ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ နောက်ဘာတွေရော ဆက်လုပ် သင့်သလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဘဏ်တွေပိုင်းက ဘဏ်တိုးနှုန်းလျှော့ချတယ်ဆိုတာက ငွေရေးကြေးရေးဆိုင်ရာ နည်းဗျူဟာ တရပ်ပေါ့။ ဒါကတော့ ကမ္ဘာပေါ်မှာလည်း ငွေရေးကြေးရေး အကြပ်အတည်းတွေ ကြုံတွေ့စဉ်ကာလ ဥပမာအားဖြင့် အနီးစပ်ဆုံးဆိုရင် ၂၀၀၈ ခုနှစ်တုန်းက ငွေကြေးဈေးကွက် ပျက်စီးခဲ့တဲ့အခါ အမေရိကန် ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံ အတော်များများမှာ ဒီလိုမျိုး ငွေရေးကြေးရေးအရ ဆောင်ရွက်တဲ့ နည်းဗျူဟာတွေ သုံးရပါတယ်။ ဒါက ငွေကြေးကဏ္ဍကနေ ဖြစ်လာတဲ့ အကြပ်အတည်းကို ဖြေရှင်းတဲ့ နည်းပါ။

အခု ကိုဗစ်အလွန်မှာ ဖြစ်တဲ့ စီးပွားပျက်ကပ်ကတော့ ငွေကြေးကဏ္ဍကြောင့် ဖြစ်လာတဲ့ စီးပွားပျက်ကပ် မဟုတ်ပါဘူး။ ဒါက ကျနော်တို့ အခေါ် ကုန်ထုတ်ကဏ္ဍမှာ ဖြစ်တဲ့ Real Sector လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အကြပ်အတည်း ဖြစ်လာတာ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် အများပညာရှင်တွေက ပြောကြတာ ငွေရေးကြေးရေးနည်းနဲ့ မဟာဗျူဟာ ဆောင်ရွက်ခြင်းဟာ အကန့်အသတ်ပဲ ထိရောက်မှုရှိမယ်။ အဓိက ဆောင်ရွက်ရမယ့် ကိစ္စကတော့ တကယ့် ကုန်ထုတ် ကဏ္ဍမှာ ကဏ္ဍ အသီးသီးကို ပြန်လည်ဦးမော့လာအောင် မည်သို့မည်ပုံ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာ တွေကို နိုင်ငံတော်အစိုးရက ပိုမိုဦးစားပေးဆောင်ရွက်ဖို့ ဆိုပြီးတော့ ပညာရှင်အများစုက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ကျနော်တို့ နိုင်ငံအပါအဝင် ဈေးကွက်စီးပွားရေး နိုင်ငံတွေမှာ ဈေးကွက်တွေဟာ ပျက်စီးသွားတဲ့ သဘောဖြစ်ပါတယ်။ ဈေး ကွက်တွေ ပျက်စီးသွားပြီဆိုရင် များသောအားဖြင့် အစိုးရတွေက ဝင်ပြီးတော့ ဦးဆောင် ဆောင်ရွက်ရတာရှိတယ်။ ပဲ့ထိန်း ပေးရတာ ရှိတယ်။ နောက်ကနေပြီးတော့လည်း ပံ့ပိုးပေးရတာ ရှိတယ်။

ဒါကြောင့်မို့လို့ ဒီအကြပ်အတည်းမျိုးမှာတော့ ကျနော်တို့အခေါ်တော့ Monitoring Tool လို့ ခေါ်တဲ့ ငွေရေးကြေးရေး နည်းလမ်းထက်စာရင် Physical Tool လို့ ခေါ်တဲ့ ဘတ်ဂျက်နဲ့ အစိုးရဘက်က ဆောင်ရွက်မယ့် လုပ်ငန်းအပိုင်းတွေက ပိုပြီးတော့ အရေးကြီးတယ်။

ဒါကြောင့် အစိုးရက စီးပွားရေးကို ဘယ်လိုနှိုးဆွမလဲ ဆိုတဲ့ စီးပွားရေး ကုစားရေး မဟာဗျူဟာနဲ့ ပြန်လည် ထူထောင်ရေး စီမံကိန်းဟာ ပိုပြီး အရေးကြီးပါတယ်ဆိုပြီး ပညာရှင်တွေ သုံးသပ်ကြပါတယ်။

မေး ။ ။ ချေးငွေအမျိုးအစား တိုးချဲ့တာတွေ၊ ချေးငွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ဖြေလျော့တာတွေရော လုပ်ဖို့ လိုအပ်မလား။

ဖြေ ။ ။ လိုပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ပေးလိုက်တဲ့ ဘဏ်တိုးနှုန်း လျှော့ချတဲ့ ကိစ္စတွေက ချေးငွေအသစ်တွေနဲ့ အခုကာလကနေ စပြီးတော့ သက်ရောက်မှု ရှိတဲ့ ချေးငွေတွေ ဖြစ်ပါတယ်။ ကိုဗစ်မတိုင်ခင်ကတည်းက ချေးငွေတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဖြစ်နေတဲ့ အနေအထားတွေ တွေ့ရပါတယ်။ အထူးသဖြင့် ရက်လွန်ချေးငွေတွေ ကိစ္စပေါ့။
ရက်လွန်ချေးငွေတွေ ကိစ္စမှာကတော့ အတိုးနှုန်းကလည်း မူလစာချုပ် ချုပ်ဆိုစဉ်က အတိုးနှုန်းတွေ ဖြစ်နေတာရယ်။ သူတို့ရဲ့ ရက်လွန်နေတဲ့ ချေးငွေတွေကို အခုချိန်မှာ ပြန်ဆပ်ရမယ့် လုပ်ငန်းတွေအနေနဲ့က ပိုပြီးတော့ အခက်အခဲတွေ အများကြီး ရှိလာမယ်ပေါ့။ အဲဒီအခါကျတော့ ဒီလိုရက်လွန်တွေကို ပြန်ပြီးတော့ ရက်ကို ရွှေ့ဆိုင်းပေးဖို့ ဆိုတဲ့ ကိစ္စတွေ ကလည်း ပိုပြီးတော့ အရေးကြီးလာပါတယ်။

ရက်လွန်ချေးငွေတွေ ကြုံတွေ့နေရတဲ့ လုပ်ငန်းအများစုက ကိုဗစ်လိုမျိုး တကယ့်ကိုပဲ စီးပွားရေးက ဘယ်လိုမှ လုပ်သာ ကိုင်သာ မရှိတော့တဲ့ ကာလကြီးမှာတော့ သူတို့ ချေးငွေတွေကို ပြန်ပြီး ဆပ်ဖို့ တော်တော်ကြီးခက်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ဘဏ်တွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ဘယ်လို ခွဲထုတ် ပြီးတော့ အစိုးရက တိုက်ရိုက် စီမံခန့်ခွဲပေးမလဲ ဆိုတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာပေါ့။ ကျနော်တို့ အခေါ်တော့ Asset Management မဟာဗျူဟာ ပိုပြီးဆောင်ရွက်ပေးဖို့ လိုလာပါတယ်။

အဲဒီအခါကျရင် ဘဏ်တွေကလည်း ပိုပြီးတော့ ဝန်ထုတ်ဝန်ပိုးဒဏ်ကနေ လွတ်သွားမယ်။ လုပ်ငန်းရှင်တွေကလည်း ဝန် ထုတ်ဝန်ပိုးဒဏ်ကနေ လွတ်သွားမယ်။ လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲကို စနစ်တကျ ကျော်လွှားဖြေရှင်း နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီလို အစီအစဉ်ကတော့ အခြားနိုင်ငံတွေမှာ ယခင်ကလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိတဲ့အပြင် လုပ်ထား တဲ့ အစီအမံတွေလည်း ရှိတဲ့အတွက် သူတို့က သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ ကျနော်တို့မှာတော့ ဒါနဲ့ ပတ်သက်ပြီး လုပ်ဖို့ အရင်က အတွေ့အကြုံလည်း မရှိဘူး။

ပြီးခဲ့တဲ့ ကိုဗစ်မတိုင်ခင် သုံးနှစ်ကာလမှာ နှစ်လွန်ချေးငွေတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အပိုင်းတွေက နှေးကွေး နေတဲ့ အနေအထားရှိတဲ့အပြင် အခုချိန်မှာ စီးပွားပျက်ကပ်နဲ့ပါ ကြုံလိုက်ရတဲ့အခါကျတော့ ဒီလုပ်ငန်းတွေ အားလုံးဟာ တုံ့ဆိုင်းသွားတဲ့ သဘောရှိပါတယ်။

အဲဒီတော့ နိုင်ငံတော် အစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ ရဲရဲတင်းတင်းနဲ့ လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အချိန်တန်လာတာလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး CERP အစီအစဉ်မှာ AMC လို့ခေါ်တဲ့ Asset Management Corporation တခု တည်ထောင်ရေး ကိစ္စကို အဆိုပြုတာလည်း ရှိပါတယ်။

ကျနော့် အနေနဲ့ကတော့ ဒါကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ နောက်တချက်က ချေးငွေယူတဲ့နေရာမှာ မလွယ်ကူဘူးလို့ လုပ်ငန်းရှင်အချို့က ညည်းကြတယ်။ အပေါင်ထား ချေးငွေကိုတောင် ထိုက်တန်တဲ့ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ရတဲ့ အနေအထားမျိုး ရှိတယ်လို့ ပြောကြတော့ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ဒီလို ထုတ်ချေးတဲ့ နေရာမှာ ဘာကြောင့်လက်တွန့် နေတယ်လို့ ထင်လဲရှင့်။ ထုတ်ချေးတဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်လို့ သုံးသပ်လို့ရလဲရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ အခုက ဘဏ်တွေက အန္တရာယ်ကို စီမံခန့်ခွဲရတဲ့ ကိစ္စပေါ့။ Risk Management ပေါ့။ အဲဒီအပိုင်းကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်လာတယ်။ ယခင်ကာလ စီးပွားရေးကောင်းစဉ် ကာလကတောင်မှ သူတို့ချေးတဲ့ ချေးငွေကို ပြန်မဆပ်နိုင်တဲ့အနေအထားမျိုးတွေ တွေ့နေရပြီး ယခုကာလမှာ စီးပွားဖြစ်နိုင်ခြေရှိမှုက ပိုပြီးနည်းပါးလာတာ တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဘဏ်တွေအနေနဲ့ မစွန့်စားရဲဘူး ဖြစ်နေတာပေါ့။ အဲဒါမျိုးကတော့ ကျနော်တို့ နိုင်ငံတင်မဟုတ်ပါဘူး။ နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲပေါ့။

ဒါကြောင့်လည်း ကျနော်တို့ ပညာရှင်အချို့က တင်ပြနေတာက အစိုးရရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါတယ်။ အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ဖို့ လိုတယ်။ ဒီချေးငွေအပိုင်းမှာ အစိုးရပါ အာမခံ ပေးပြီး ဆောင်ရွက်ဖို့ လိုမယ်လို့ ပြောကြပါတယ်။ အစိုးရ အာမခံချက်မရှိဘူးဆိုရင် ဘဏ်တွေကလည်း မချေးရဲဘူး။ လုပ်ငန်းရှင်တွေကလည်း ချေးမရဘူး ဖြစ်နေတယ်။

အဲဒီတော့ အစိုးရကိုယ်တိုင်ပါ စီးပွားရေးကို ဝင်ပြီးလုပ်ရမယ့် အနေအထားရောက်လာတာပေါ့။ ကျနော်တို့ထက် ဈေးကွက် စီးပွားရေးစနစ်ကို ဇောင်းပေးဆောင်ရွက်လျက်ရှိတဲ့ အမေရိကန်နိုင်ငံလို၊ ဂျပန်နိုင်ငံလို နိုင်ငံမျိုးမှာတောင်မှ ဒီကိစ္စအပေါ် မှာ ယခင်ချမှတ်ထားတဲ့ ဥပဒေသတွေ၊ သဘောတရားတွေ၊ မူဝါဒတွေ အားလုံးကို စွန့်လွှတ်ပြီးတော့ အစိုးရကပါ ဝင်ပြီး စီးပွားရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်ဆိုပြီးတော့ လုပ်လာတာတွေ ရှိပါတယ်။

မေး ။ ။ အစိုးရက ဦးစီးဦးဆောင်ပြီး စီးပွားရေး လုပ်ဖို့ဆိုတာ ဘယ်လိုပုံစံမျိုးကို ပြောတာလဲရှင့်။

ဖြေ ။ ။ ဒီပုံစံက ယခင်ကရှိခဲ့တဲ့ ဆိုရှယ်လစ်စနစ်၊ ဗဟိုဦးစီးစနစ်လည်း မဟုတ်ပါဘူး။ တပ်မတော်ကာလက ဦးစီးခဲ့တဲ့ တဦးတယောက်တည်းကပဲ အမိန့်ပေးဆောင်ရွက်တဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး။ သို့သော်လည်း အစိုးရက တကယ့်ကို စနစ်တကျနဲ့ ကိုယ့်နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို အားသွန်ခွန်စိုက် လေ့လာ သုံးသပ်ပြီးတော့မှ ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးကို အစိုးရရဲ့ ဘတ်ဂျက်နဲ့ ပုံအောပြီးတော့ အားပေးထောက်ခံ ဆောင်ရွက်တဲ့ ပုံစံမျိုးပါ။ ဒါမျိုးက ပြီးခဲ့တဲ့ကာလမှာလည်း အောင်မြင်တဲ့ သာဓကတွေ၊ သင်ခန်းစာတွေ အများကြီးရှိတယ်။

အခုကာလမှာလည်း ဒါမျိုးကို လုပ်လေ့မရှိတဲ့ အမေရိကန်တို့လို၊ ဂျပန်နိုင်ငံတို့မှာလည်း ဒါကိုဆောင်ရွက်လာတာတွေ တွေ့ရတယ်။ ကျနော်တို့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားမှာ ကြည့်လိုက်မယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေက ဘာကိုလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ပိုက်ဆံတွေလည်း မရှိတာတော့ မဟုတ်ဘူး။ ရှိနေတယ်။

သို့သော်လည်း အခုလို အခြေအနေမျိုးမှာ မသေမချာ၊ မရေမရာတွေ များနေပြီးတော့ အန္တရာယ်များ စွန့်စားရမယ့် ကိစ္စတွေမှာ နိုင်ငံတော် အစိုးရကလည်း ဘာသိဘာသာပဲ ရှိနေတယ်ဆိုတော့ သူတို့အနေနဲ့က အခုလို အချိန်မှာ ရင်းနှီးမြှုပ်နှံပြီးတော့ ရှေ့ကို ထွက်ပြီးဆောင်ရွက်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စပါ။

ဒါကြောင့် နိုင်ငံတော်က ရှေ့ကို ထွက်လာဖို့လိုတယ်။ စီးပွားရေးမှာ ဦးဆောင်ပေးဖို့လိုတယ်။ စီမံခန့်ခွဲပေးဖို့လိုတယ်။ ဒါမှသာလျှင် ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေး အကြပ်အတည်းနဲ့ အခက်အခဲကြားကနေ ကျော်လွှား အောင်မြင်မှာ ဖြစ်ပါတယ်။

မေး ။ ။ အပေါ်မှာ ပြောခဲ့သလိုဆိုရင် အစိုးရကိုယ်တိုင် စီးပွားရေးဝင်လုပ်မှ အခြေအနေတရပ်ကို ဖြေရှင်းနိုင်မယ့် အနေ အထားမျိုးဆိုတော့။ ဒီနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်ရော ဖြစ်လာနိုင်ပါ့မလား။ အစိုးရ အနေနဲ့ ဝင်လာပါ့မလား။

ဖြေ ။ ။ အများကြီးဖြစ်လာနိုင်ပါတယ်။ ဥပမာပြောရရင် ကျနော်တို့ နိုင်ငံက အခု ကိုဗစ်ကာလကြီးမှာပဲ တခြား အနောက် နိုင်ငံက ဗြိတိန်နိုင်ငံ၊ ကိုရီးယားနိုင်ငံစတဲ့ နိုင်ငံတွေကတောင် မှာယူတင်သွင်းနေရတဲ့ Mask နဲ့ PPE ကို ထုတ်တဲ့ လုပ်ငန်း တွေ ကျနော်တို့ဆီမှာ ရှိပါတယ်။

အထည်ချုပ်ကဏ္ဍမှာ ဒါတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နေတဲ့ စက်ရုံတွေ အများကြီးရှိပါတယ်။ ဒါကို လုပ်နိုင်တဲ့ အလုပ်သမားတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုစက်ရုံတွေကို အခုချိန်မှာ ရုတ်တရက် ချက်ချင်း ပြောင်းလဲပြီး လုပ်ဖို့ဆိုတာ လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်နိုင်ကြဘူး။ သေချာပါတယ်။

ဒီ Mask နဲ့ PPE က နိုင်ငံတွင်းမှာတောင် အင်မတန် လိုအပ်နေတာ။ နိုင်ငံတကာဈေးကွက်မှာ ဆိုရင်တော့ ဒါက အရေး တကြီးကို လိုအပ်နေတာဖြစ်ပြီးတော့ ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ရမယ့် ကာလမှာဆိုရင် နှစ်နှစ်သုံးနှစ်ထိကို ဒီဈေးကွက်ကြီးက ခိုင်ခိုင်မာမာ ရှိနေမယ်ဆိုရင် အဲဒီလိုအခြေအနေမျိုးမှာ အထည်ချုပ် ကဏ္ဍကို ပံ့ပိုးပေးမယ့် အစီအမံမျိုးကို နိုင်ငံတော် အစိုးရ ကပါ စနစ်တကျနဲ့ စီမံခန့်ခွဲပေးမယ်ဆိုရင် အဲဒီ Mask ဈေးကွက်က မရှုံးနိုင်ပါဘူး။

အခုအထည်ချုပ်မှာ လုပ်အား ဆုံးရှုံးမှုက အလုပ်သမားတသိန်းနီးပါးလောက် ရှိလာပြီပေါ့။ အလုပ်ပြုတ်သွားတဲ့ အလုပ်သ မားလေးတွေ တစ်သိန်းကျော်က သူတို့ရသင့်ရထိုက်တဲ့ အလုပ်ကိုရပြီး လုပ်ငန်းရှင်တွေကလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဈေးကွက်ကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။ ဈေးကွက်အတိုင်း လုပ်ငန်းရှင်တွေ လုပ်ကြပါ လား။ ဈေးကွက်ထဲမှာ ပေါ်နေ တာတွေ လုပ်ငန်းရှင်တွေ မသိကြဘူးလားဆိုပြီးတော့ နိုင်ငံတော် အစိုးရက ဘာမှ ပံ့ပိုးမှု မရှိဘဲ ထိုင်ကြည့်နေမယ် ဆိုရင် တော့ တခြားနိုင်ငံတွေက ဒီဈေးကွက်တွေကို ရသွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာက အစိုးရက လုပ်ငန်းရှင်တွေ ထက်စာရင် ပိုပြီးမြင်နိုင်တယ်။ ပိုပြီးတော့လည်း သိနိုင်တယ်။ အစိုးရအချင်းချင်း လည်း ကမ်းလှမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။ ဒီအခွင့်အလမ်းတွေကို လုပ်ငန်းရှင်တွေကို လုပ်သာ ကိုင်သာ ဖြစ်အောင် မပံ့ပိုးပေးဘူးဆိုရင်တော့ ကျနော်တို့ဟာ ဒုံရင်း ဒုံရင်းနဲ့ပဲ ကိုဗစ်ကာလမှာ အကြပ်အတည်းနဲ့ပဲ မလူးသာ၊ မလွန့်သာနဲ့ပဲ လျှောက်လှမ်းနေရဦးမယ့် အနေအထားရှိပါတယ်။

ဒါတွေကို အစိုးရက ကြပ်ကြပ်မတ်မတ် အားပေးမယ်ဆိုရင်တော့ ကျနော်တို့ စီးပွားရေးဟာ အခြားနိုင်ငံတွေနဲ့ပါ ယှဉ်ပြိုင် နိုင်တဲ့ အနေအထားထိ ဖြစ်လာနိုင်စရာ အများကြီးရှိပါတယ်။ ဒီကိစ္စက ကျနော်တို့ မလုပ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ မလုပ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ယခု စီးပွားရေးဆိုင်ရာ တွေ့ဆုံမေးမြန်းမှုကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

You may also like these stories:

မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်

COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်

COVID-19 ရိုက်ခတ်မှု အစိုးရ၏ ကုစားရေး အစီအစဉ်အပေါ် အမြင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading