Development

ချင်းပြည် မဖွံ့ဖြိုး၍ ရွှေ့ပြောင်းစွန့်ခွာသူ များပြား

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများသည် ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရုံမျှသာမက အပြီးတိုင် ရွှေ့ပြောင်းသွားသူများ နှစ်စဉ် ပိုမိုများပြားလာနေခြင်းကြောင့်  ချင်းလူမျိုး ၈ သိန်းဝန်းကျင်ခန့်သာ ပြည်တွင်း၌ ကျန်ရှိနေတော့ကြောင်း ချင်းအမျိုးသားပါတီ (CNP) ၏ ချင်းလူမျိုးစစ်တမ်းအရ သိရသည်။

အဆိုပါလူဦးရေစစ်တမ်းသည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသည့် ချင်းလူမျိုးများ အတွက်သာ အကျုံးဝင်ပြီး၊ ယခင်ကတည်းက  ပြည်ပနိုင်ငံများတွင် တရားဝင်နိုင်ငံသားအဖြစ် ခံယူထားကြပြီး နေထိုင်နေကြသော ချင်းလူမျိုးများကို ထည့်သွင်းထားခြင်း မရှိပါ။

ပုံမှန်အတန်းပညာ မတတ်သူ အများစုသာလျှင် ပြည်ပသို့ ငွေကြေးရှာဖွေရန် သွားနေရာက ပညာတတ်သူအများစုကပါ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းကြောင့် မိသားစုနှင့် ဆွေမျိုးများကို ထောက်ပံနိုင်ရန် အကြောင်းပြချက်များဖြင့် သွားရောက်နေကြကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ချင်းပြည်နယ်က အဆင်းရဲဆုံးပါပဲ၊ ၇၃% နှုန်းကို ဆင်းရဲတာပါ။ အစိုးရရဲ့ ထောက်ပံပေးမှုကလည်း မရှိတဲ့အပြင်ကို အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုနဲ့ သူပုန်တွေက ရှိနေသေးလို့ နယ်မြေ မငြိမ်သက်မှုတွေကလည်း ဖြစ်နေသေးပါတယ်” ဟု CNP အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲဘစ်ခ်ထောင်းက ပြောသည်။

ချင်းပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းများကလည်း မကြာခဏ ရွှေ့ပြောင်းနေရသည့်အတွက် စိုက်ပျိုးရန် မြေနေရာရှားပါးလာခြင်း၊  သစ်ပင်အများအပြား ခုတ်ထွင်ရှင်းလင်းရသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ထို့ကြောင့် အစိုးရကလည်း စိုက်ပျိုးရေးလုပ်ငန်းကို ယခင်ကလောက် တိုးချဲ့ပြုလုပ်ခွင့်မပေးခြင်းတို့ကြောင့် ယင်းလုပ်ငန်းအပေါ် မှီခိုနေရသော လက်လုပ်လက်စား လူတန်းစားများ အခက်အခဲ တွေ့ကြုံနေရသည်။

“မြို့တွေသာရှိပြီးတော့ လမ်းတွေက စုတ်ပြတ်နေတော့ မြေပြန့်က စီးပွားရေးလုပ်ငန်းရှင်တွေ လာချင်တယ်ဆိုရင်တောင် ဒီမှာ သယ်ယူပို့ဆောင်ရေး စရိတ်မြင့်လို့ လုပ်နိုင်ကြမှာမဟုတ်ဘူး။ သူတို့ မလာတော့ေ ဒသခံတွေလည်း တောင်ယာလုပ်ရုံကလွဲပြီး ပညာနဲ့လုပ်စားဖို့လမ်း မရှိသေးပါဘူး” ဟု တမူး-မိုရေး နယ်စပ်ကုန်သွယ်စခန်းရှိ ဒေသခံ တီးတိန်ချင်း (ဇိုမီး) ချင်းလူမျိုးစု ခေါင်းဆောင် ဦးဟင်ခိုထန်းက ပြောသည်။

ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းနေခြင်းကြောင့် ချင်းပြည်နယ်ထွက်ကုန် အဖြစ် နာမည်ရပြီး ရောင်းတန်းဝင်သည့် ချင်းရိုးရာ ဂျပ်ခုပ်ယက္ကန်း လုပ်ငန်းများ လုပ်ကိုင်သူ ရှားလာသည့်အတွက် အိန္ဒိယနိုင်ငံ မဏိပူရ၊ မီဇိုရမ်နှင့် နာဂလန်းပြည်နယ်တို့မှ ဝင်ရောက်လာသည့် စက်ယက္ကန်း ရိုးရာဝတ်စုံများအား တဆင့် ဝယ်ယူသုံးစွဲနေရသည့် အခြေအနေ ဖြစ်လာနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် အောက်တိုဘာ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ကချင် စစ်ဘေးသင့် ဒုက္ခသည်များ ကူညီပေးရေး ရန်ပုံငွေပွဲတွင် လာရောက် ကူညီဖျော်ဖြေပေးကြသော ချင်းမျိုးနွယ်စုများ၊ ကချင်နှင့် နာဂမျိုးနွယ်စုများ၏ အဝတ်အထည်များသည် ရိုးရာဝတ်စုံ စစ်စစ်ထက် အိန္ဒိယမှ ဝင်လာသော စက်ယက္ကန်းထည်များကို ဝတ်ဆင်လာကြသူ များပြီး လက်ဝတ်ပစ္စည်းများကိုလည်း  ယင်းပြည်ပနိုင်ငံများက ဝင်သည့် ဈေးချိုသော အများဝတ် ပစ္စည်းများသာ ဝတ်လာခဲ့ရသည်ဟု သိရှိရသည်။

“ရိုးရာ လက်ဝတ် ရတနာ အစစ်ဆိုတာ အရမ်းကို ရှားပါးသွားပြီ။ ရှာလို့တွေ့ရင်တောင် အရမ်းဈေးကြီးလို့ ကျမတို့ မဝယ်နိုင်ပါဘူး၊ ခုပွဲမှာ ဝတ်စုံပြည့်နဲ့ ကရမှာဆိုတော့ လက်မှာဝတ်တဲ့ ကြေးလက်ကောက်ကြီးတွေ မဝယ်နိုင်လို့ ခေါင်းဆောင်တွေက ကြိမ်ကွင်း တွေကို ကြေးရောင်သုတ်ပြီးတော့ ထည့်ပေးလိုက်ပါတယ် ” ဟု ထာဒို ချင်းအက အဖွဲ့ခေါင်းဆောင် မထွေရ် ကပြောသည်။

ချင်းရိုးရာ ဂျပ်ခုပ်လက်ယက္ကန်းက နည်းစနစ်အရ ခက်သောကြောင့် အခြားလူမျိုးစုများ ဝင်ရောက်လုပ်ကိုင်ရန် မလွယ်ကူကြောင်း၊ လက်ယက္ကန်းအဆင့်သာ ရှိနေခြင်းကြောင့် နေ့စဉ် အဝတ်အထည်များ လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်း မရှိကြောင်း၊ ကျွမ်းကျင်သူများကလည်း ရွှေ့ပြောင်းကုန်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်လာခြင်းကြောင့်  အိန္ဒိယ အဝတ်အထည်များကဲ့သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခြင်း မရှိခြင်းကြောင့် ရိုးရာအစစ်ကို မဝတ်နိုင်ကြကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ပုဂ္ဂလိကမီးကိုသာ အဓိက သုံးစွဲနေရခြင်း၊ လုပ်ငန်းကုမ္ပဏီများ ဝင်မလာခြင်း၊ ပညာတတ် လူငယ်များရှိသော်လည်း တောင်ယာစိုက်ခြင်း၊ နယ်စပ်ကုန် ပစ္စည်းများ ရောင်းဝယ်ခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းအတွက် အခြေခံကောင်းများ ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲခြင်း၊ နယ်မြေလုံခြုံမှု အားနည်းခြင်းနှင့် လွတ်လပ်စွာ သွားလာခွင့် အာဏာပိုင်များဘက်မှ တင်းကျပ်ထားခြင်းများမှာ အရေးပေါ်ဖြေရှင်းရမည့်ကိစ္စများ ဖြစ်သည်။

“အစိုးရအနေနဲ့ ကချင်၊ ရခိုင်တို့လောက်တောင် ချင်းပြည်ကို အာရုံစိုက်မှု နည်းလွန်းပါတယ်။ ဒါကြောင့် ပါတီတွေအနေနဲ့ ပြည်သူတွေ အာရုံစိုက်မိအောင် လုပ်ဆောင်ပေးသင့်တယ်” ဟု တရားလွတ်တော်ရှေ့နေ ဦးငိုင်ဆြာ့က ပြောသည်။

၂၀၁၀ ခုနှစ်တွင် စတင်ကောက်ယူခဲ့သည့် ချင်းအမျိုးသားပါတီ စစ်တမ်းအရ တောင်ပေါ်တွင် နေထိုင်သော ချင်းလူဦးရေသည် အစိုးရ၏ သန်းခေါင်စာရင်းအရ ၅ သိန်း ၄ သောင်းကျော်ခန့် ရှိရာကနေ ယခုအခါတွင် ၄သိန်း မပြည့်တော့ကြောင်း၊ မကွေး၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်း စသည့်မြေပြန့်ဒေသများသို့လည်း ပြောင်းရွှေ့သူ သိန်းဂဏန်း ဝန်းကျင်ရှိကြောင်း၊ မလေးရှားတွင် ၅သောင်းခွဲ၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၆သောင်းခန့် နှင့် အရှေ့တောင်အာရှနှင့် အနောက်နိုင်ငံများတွင် စုစုပေါင်း ၂ သိန်းခွဲကျော်ခန့် ရောက်ရှိနေသည်ဟု သိရသည်။

Loading