ဒုတိယ ကမ္ဘာစစ်ကျန် တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့ ရောက်ရှိ
This article has been converted from Zawgyi One to Unicode
ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ မြှုပ်နှံ ဝှက်ထားခဲ့သော ဗြိတိန်နိုင်ငံလုပ် စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ပြန်လည်ဖော်ယူမယ့်အဖွဲ့ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပါတယ်။
နာမည်ကျော် တယောက်စီး စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ၁၉၄၅ ခုနှစ်ခန့်က အရှေ့တောင်အာရှ မဟာမိတ် စစ်ဦးစီးချုပ် လော့ဒ် မောင့် ဘက်တန်ရဲ့ အမိန့်နဲ့ လေတပ်စခန်းများတည်ရှိရာ အရပ်များမှာ အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့တာပါ။ ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းအနီး ၃၆ စီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ၁၈ စီးနဲ့ မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမှာ ၆ စီး မြှုပ်နှံ ဝှက်ထားခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ယခု တူးဖော်ရေး အဖွဲ့ကို ဗြိတိန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်၊ လယ်သမားကြီး David Cundall ဦးဆောင်ကာ အဖွဲ့ဝင် ၂၁ ဦး လိုက်ပါလာပါတယ်။ ဒီတိုက်လေယာဉ်တွေ တူးဖော်ရေး ကနဦး ဆောင်ရွက်ချက်ဟာ အချိန်ကာလ ၄ ပတ်မှ ၆ ပတ် ကြာမြင့်နိုင်ကာ မင်္ဂလာဒုံ လေယာဉ်ကွင်းအနီးမှ တူးဖော်မယ်လို့ သိရပါတယ်။
“လေယာဉ်တွေကို မြေအောက်ပေ ၃၀ ခန့်မှာ မြှုပ်ထားပြီး သစ်သား သေတ္တာတွေနဲ့ အသေအချာထုတ်ပိုး သိမ်းဆည်းထားတာ ဖြစ်ပေမယ့် အကောင်းပကတိအတိုင်း တွေ့မယ်လို့ မျှော်လင့်တယ်” လို့ Mr. David Cundall ဆို ပါတယ်။
တူးဖော်ရေးအဖွဲ့မှာ သိပ္ပံပညာရှင်တွေ ရှေးဟောင်း သုတေသနသမားတွေအပြင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မြေပြင်ကို ရောက်ခဲ့ဖူးတဲ့ စစ်ပြန်ကြီး Stanley Coomb လည်း လိုက်ပါလာမယ်လို့ ဘီဘီစီ သတင်းဌာနက ဆိုပါတယ်။
ဒီ တူးဖော်ရှာဖွေမှုတွေအတွက် ဘယ်လာရုစ်နိုင်ငံ အခြေစိုက် ဗီဒီယို ဂိမ်းကုမ္ပဏီက ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးထားကြောင်း သိရပါတယ်။ ရှာဖွေတူးဖော်ရေးအတွက် ဒေါ်လာ ၅ သိန်း အကုန်အကျခံမှာဖြစ်ပြီး၊ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ တွေ့ရှိရင် ဒေါ်လာ ၅ သိန်း ထပ်ပေးမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။
အသက် ၆၃ နှစ်အရွယ် ပုဂ္ဂလိက လေယာဉ်ပိုင်းလော့လည်း ဖြစ်တဲ့ Mr. David Cundall ဟာ ဒီ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား လေယာဉ်တွေ ပြန်တူးဖော်နိုင်ဖို့ကို ဆယ်စုနှစ် နှစ်ခုကြာလောက် လေ့လာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ခြေရာလက်ရာမပျက် ပြန်တူးဖော်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီ နာမည်ကျော် တိုက်လေယာဉ်တွေကို ရှာဖွေတာဟာ အီဂျစ်က နာမည်ကျော် မံမီရုပ်အလောင်း တည်ရှိရာ တူတန်ခါမင်ရဲ့ အုတ်ဂူကို ရှာရသလိုပါပဲလို့ ခရီးမစတင်မီ သတင်းထောက်တွေကို ပြောကြောင်း AP သတင်းမှာ ရေးသားထားပါတယ်။
စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ ရှာဖွေရေးဟာ “လုံးဝနီးပါး ဖြစ်နိုင်တယ်” လို့ ရှာဖွေရေးအဖွဲ့ထဲမှာ ပါဝင်တဲ့ အလွတ်တန်း ရှေးဟောင်းသုတေသနသမား Andy Brockman က ဆိုပါတယ်။
ဗြိတိသျှနဲ့ အမေရိကန် စစ်ပြန် မျက်မြင် သက်သေတွေ၊ မြန်မာ ဒေသခံ သက်ကြီးရွယ်အို မျက်မြင်သက်သေတွေ၊ နောက်ပြီး ကွင်းဆင်း အချက်အလက်များ၊ လေကြောင်း ပုံများ၊ မြေပြင် ရေဒါ အသံလှိုင်းနဲ့ ရှာဖွေမှုတွေအရ ဒီတိုက်လေယာဉ်တွေ မြေကြီးအောက်မှာ သေချာပေါက် ရှိမယ်ဆိုတာ သံသယ မရှိကြောင်း Mr. David Cundall က ပြောထားပါတယ်။
Mr. David Cundall ဟာ အရင်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ မြန်မာပြည်မှာ ဒီ တိုက်လေယာဉ်တွေ တူးဖော်ခွင့် ရရှိရေးအတွက် ၁၇ နှစ်လောက် ကြိုးစားခဲ့ရကြောင်း၊ အခု နိုင်ငံပွင့်လင်းလာတဲ့အတွက် တူးဖော်ဖို့ အခွင့်သာလာတာဖြစ်ကြောင်း သိရပါတယ်။
ဒုတိယ ကမ္ဘာစစ်တွင်းက စတင်ကာ စပစ်ဖိုင်းယား တိုက်လေယာဉ် ၂ သောင်းခန့် ထုတ်လုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ပွဲတွေမှာ အဆုံးအဖြတ်နေရာက ပါဝင်ခဲ့တဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေဟာ ဗြိတိန် လေကြောင်းတိုက်ပွဲမှာ ဂျာမန်တိုက် လေယာဉ်၊ ဗုံးကြဲလေယာဉ်ရဲ့ ရန်က အကာကွယ်ပေးနိုင်ခဲ့လို့ နာမည်ကျော်ခဲ့ပါတယ်။
အလားတူ ဒုတိယ ကမ္ဘာစစ်အတွင်း တယောက်စီး ဂျာမန် တိုက်လေယာဉ် Messerschmitt နဲ့ ဂျပန်တိုက်လေယာဉ် ဇီးရိုးများဟာလည်း နာမည်ကြီး တိုက်လေယာဉ်များ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အစ ဗြိတိသျှတပ်များ မြန်မာပြည် စစ်မြေပြင်မှ ဆုတ်ခွာခဲ့ရခြင်းမှာ ရန်ကုန်၊ မော်လမြိုင် စသည်မြို့များတွင်သာ လေတပ်ထားရှိနိုင်ခဲ့ပြီး လေကြောင်းကာကွယ်ရေး အားနည်းခဲ့၍ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်များနဲ့ စစ်ဘက်ဆိုင်ရာမှတ်တမ်း တွေအရသိရပါတယ်။