မြန်မာနိုင်ငံတွင် အသုံးပြုနေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ပြန်လည်ရိုက်နှိပ် ထုတ်ဝေပေးရန် အတွက် ပြည်သူများ၏ ဆန္ဒသဘောထား လက်မှတ်များကို BG သွေးလှူအသင်းမှ လူငယ်များက ဦးဆောင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်တွင် အဆိုတင်သွင်းနိုင်ရန် အတွက် ပြည်သူများ၏ သဘောတူ လက်မှတ်များကို ကောက်ခံသော လှုပ်ရှားမှုကို ယခုလ ၂၀ ရက်နေ့မှ စတင် ဆောင်ရွက်လျှက်ရှိပြီး ဆန္ဒပြု လက်မှတ်များ ရရှိလာလျှင် ပြည်ထောင်စု လွှတ်တော်တွင် အဆိုပြုဆွေးနွေးနိုင်ရန် ပေးပို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း BG သွေးလှူအသင်းမှ တာဝန်ခံ ကိုညီညီက ဧရာဝတီသို့ ပြောသည်။
“ငွေစက္ကူမှာ ဗိုလ်ချုပ်ပုံကို ဖျောက်ချင်တော့ အစပိုင်းမှာ ဆရာစံ၊ သခင်ဖိုးလှကြီးတို့ ပုံတွေ အရင်ထည့်တယ်။ အဲဒီအထိ ဘာမှ မပြောလိုသေးဘူး။ ဒါပေမယ့် အခုက အဖွဲ့အစည်းကနေ ပါတီ ဖြစ်လာပြီးတော့မှ အဲဒီပါတီရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခြသေ့ၤ ပုံတွေ သုံးတာတော့ မသင့်တော်တော့ဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံမှာ ပြန်ရိုက်နှိပ်ဖို့ ကြိုးစားတာပါ။ ကျနော်တို့က လက်မှတ်တွေရရင် အရင်ဦးဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့မယ်။ သူက ဗိုလ်ချုပ်သမီးဖြစ်တော့ သူ့ပါတီက ဒီကိစ္စကို လွှတ်တော်မှာ စပြီးဆွေးနွေးရင် ပိုသင့်တော်မယ် ထင်လို့ပါ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လက်မှတ် ကောက်ခံမှုအချိန်ကို အတိအကျ မသတ်မှတ် ထားသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် သန်းချီ သော လက်မှတ်အရေအတွက် ရနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ယခုအစပိုင်းတွင် ပရဟိတ အဖွဲ့များကို ပေးပို့ထားပြီး နောက်ပိုင်းတွင် ပြည်သူများရှိရာ နေရာသို့ ကောက်ခံမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း BG သွေးလှူအသင်းမှ ကိုသီဟန်က ဧရာဝတီသို့ ပြောသည်။
ရရှိသော လက်မှတ်များကို ပြည်ထောင်စု လွှတ်တော်အပြင်၊ နိုင်ငံတော်သမ္မတ ထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း၊ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ လွှတ်တော် တာဝန်ရှိသူများ ထံမှလည်း လက်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ကတော့ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ လူငယ်တွေ၊ ကလေးတွေက အစ သဘောပေါက်ကြ ပါတယ်။ တကယ် လက်မှတ်ကောက်ခံရင် ဘယ်သူကမှ ငြင်းပယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရပိုင်းတွေ၊ လွှတ်တော်ပိုင်းတွေရဲ့ လက်မှတ် မရရှိခဲ့ရင်လည်း သူတို့ကို အပြစ်တင်မှာ မဟုတ်ဘူး။ သဘောတူဆန္ဒရှိမှ ကျနော်တို့က လက်မှတ်ကို ကောက်ခံ သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပုံကို ပိုက်ဆံတွင် ပြန်လည်အသုံးပြုရေး လှုပ်ရှားမှုအနေဖြင့် အောက်တိုဘာ လဆန်းပိုင်းတွင်လည်း ဗိုလ်ချုပ်ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်ပြီး တရားဝင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များ ပေါ်ပေါက်လာပါက ဗိုလ်ချုပ်ဓာတ်ပုံပါ တီရှပ်များကို အခမဲ့ ဝေငှသွားမည်ဖြစ်ကြောင်း ကိုညီညီက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ပိုက်ဆံများကို ပြန်လည်ထုတ်ဝေရေးနှင့် ပက်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ယခုလအတွင်းက အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်း ခဲ့သော်လည်း ယခုအဆိုသည် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီကို ဝေဖန်ပုတ်ခတ်သော အဆိုဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ စောလှထွန်းက ပြန်လည်ချေပခဲ့ပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးအနက် ၁၂၁ ဦးက ကန့်ကွက်ခဲ့သဖြင့် ဆက်လက် ဆွေးနွေးခွင့် မရခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကြွေစေ့နှင့် ငွေစက္ကူများကို ၁၉၆၅ ခုနှစ်တွင် စတင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်နှင့် ၂၀ တန်အထိ ထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေပြီးသော ငွေစက္ကူများကို ပုံစံ ဆန်းသစ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ပုံကိုပင် အသုံးပြုကာ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်တန်များကို ထုတ်ဝေ ခဲ့ကြောင်း သိရသည်။
၁၉၈၆ ခုနှစ်တွင် ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်များ၌ ဗိုလ်ချုပ်အောင်ဆန်း ပုံကိုပင် အသုံးပြုကာ ထုတ်ဝေ ခဲ့သော်လည်း ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်များကို သခင်ဖိုးလှကြီးနှင့် ဆရာစံတို့၏ ပုံများကို အသုံးပြု ထုတ်ဝေခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၁ ကျပ်တန် ငွေစက္ကူအသစ်ကို ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြု ထုတ်ဝေခဲ့သော်လည်း ၁၉၉၄ ခုနှစ် ရောက်သောအခါတွင် ထုတ်ဝေသမျှ ပိုက်ဆံအသစ်များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးမပြုတော့ဘဲ ခြသေ့ၤပုံများကို စတင် အသုံးပြုခဲ့သည်။
၁၉၉၄ ခုနှစ်တွင် အသစ်ထုတ်ဝေသော ပိုက်ဆံများ၌ ၅၀ ပြားတန်ကို စောင်းကောက်ပုံ အသုံးပြုခဲ့ပြီး ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁ ထောင်ကျပ်တန်များ အားလုံးကို ခြသေ့ၤပုံ အသုံးပြုခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အသစ်ထုတ်ဝေသော ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁ ထောင်ကျပ်တန် များကိုလည်း ခြသေ့ၤပုံသာ ဆက်လက် အသုံးပြုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထပ်မံ ထုတ်ဝေသော ၅ ထောင်ကျပ်တန်တွင် ဆင်ပုံကို အသုံးပြုခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေသော ၁ သောင်းကျပ်တန်ကို မန္တလေးနန်းမြို့ရိုးပုံ အသုံးပြု ထုတ်ဝေခဲ့သည်။